မန္တလေးမြို့ အမှတ် (၂၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဂျပန်နိုင်ငံ ကိတကျူရှုမြို့မှ UNESCO အသိအမှတ်ပြု ဟယတိုမို အလယ်တန်းကျောင်းတို့မှ ကျောင်းသား/သူ အချင်းချင်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှုအား Skype ဖြင့် တိုက်ရိုက် Video Conference ကို နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို အ.ထ.က(၂၆) ကျောင်းအတွင်းရှိ စွန့်ပစ်ပစ္စည်းများဖြင့် အလှဆင် ပြုလုပ်ထားသော တာရာဥယျာဉ်တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုတွင် အ.ထ.က (၂၆) ကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“ပြင်ပနိုင်ငံက ကျောင်းတစ်ခုနဲ့ အခုလို ချိတ်ဆက်ပြီး အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်တာ မြန်မာနိုင်ငံမှာ ပထမဆုံးပါ။ ဒီနေ့ဆွေးနွေးပွဲမှာတော့ ကျောင်းသား၊ ကျောင်းသူအချင်းချင်း သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ဆွေးနွေးမှုတွေ၊ ကျောင်းတွင်း လုပ်ဆောင်မှုတွေကို တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဆွေးနွေးတာဖြစ်ပြီး မေးခွန်း အပြန်အလှန် မေးမြန်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်”ဟု အ.ထ.က (၂၆) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက ပြောကြားသည်။
တိုက်ရိုက် ဆွေးနွေးမှုအား နံနက် ၁၁ နာရီခွဲမှ မွန်းတည့် ၁၂ နာရီကျော်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစီအစဉ်အား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဂျပန်နိုင်ငံအနေနဲ့ မန္တလေးမြို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးမယ့် ကမ်းလှမ်းချက်တွေရှိသလို အခုပွဲကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ အသိပညာတွေကို ကလေးတွေပါ သိရှိနိုင်ဖို့အတွက် စံပြကျောင်းအဖြစ် ရွေးချယ်ပြီး ဆွေးနွေးမှု ပြုလုပ်တာ ဖြစ်ပါတယ်။ ကနဦး စမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်ပြီး အောင်မြင်သွားမယ်ဆိုရင် ကျောင်းတွေအားလုံးမှာ ပြုလုပ်သွားဖို့ရှိပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒေါက်တာသွင်ကျော်ကျော် က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် အ.ထ.က (၂၆) ကျောင်းမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် တိုင်းဒေသကြီးအဆင့် စိမ်းလန်းစိုပြေရေး ပထမဆု၊ သစ်တောဝန်ကြီးဌာနမှ ပေးအပ်ထားသည့် ဆုတစ်ခုနှင့် နိုင်ငံတကာဆုအဖြစ် အာဆီယံ 2015 Eco Model School ဆုနှင့် အင်ဒိုနီးရှားအစိုးရနှင့် ဂျပန်နိုင်ငံ ကိတကျူမှပေးထားသည့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆုများ ရရှိထားသည့် ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ အ.ထ.က (၂၆) နှင့် ဂျပန်နိုင်ငံရှိ UNESCO အသိအမှတ်ပြု ကျောင်းတစ်ခုမှ ကျောင်းသား ကျောင်းသူအချင်းချင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှု Video Conference ပြုလုပ်















