မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ကုန်လှေပေါ်တွင် ကျပ်သိန်း ၅၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ကုန်လှေပေါ်တွင် ကျပ်သိန်း ၅၇၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 20 November 2015
ဇော်မိုးဦး ( မြိတ် )

မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် ကုန်လှေပေါ်တွင် ကျပ်သိန်း ၅၇၀၀၀ ကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ တင်ပို့မည့် ပိုင်ရှင်အားလည်း ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။မလေးရှားနိုင်ငံမှ ဒီဇယ်ဆီတန် ၅၀ ကို သွင်းကုန်အဖြစ် တင်သွင်းရန် လျောက်ထားသည့် ခန့်ဟိန်းဇင်အောင်ကုန်လှေမှာ နိုဝင်ဘာ ၁၉ ရက်တွင် မြိတ်မြို့မှ မလေးရှားနိုင်ငံသို့ စတင်ထွက်ခွာသွားကြောင်း၊ အဆိုပါလှေအား စစ်ဆေးရန် စရဖ၏ သတင်းအရ စစ်ရေယာဉ် ၄၀၃ မှ ခေါ်ယူခဲ့သော်လည်း မောင်းနှင်ထွက်ပြေးသွားမှုကြောင့် လိုက်လံဖမ်းဆီးရာ မြိတ်မြို့ မီးပြအနီးရှိ ကလွင်မှော်တွင် ကမ်းပေါ်သို့ ထိုးတက်ကာ လှေသားများ ထွက်ပြေးသွားကြောင်း သိရသည်။“နိုဝင်ဘာ ၁၉ ရက်မှာ ကျွန်တော်တို့က အဲဒီလှေကို စစ်ဆေးဖို့ ခေါ်ယူခဲ့ပါတယ်။ မီးပြပြီး အချက်ပြခေါ်ယူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို လှေနဲ့ ဝင်တိုက်ဖို့ကြိုးစားတယ်။ မြို့ပြနဲ့လည်း အရမ်းနီးနေတော့ လက်နက်တွေ ထုတ်သုံးလို့မရဘူး။ မီးပြအလွန်က ကျွန်တော်တို့ စစ်ရေယာဉ်တစ်စီး နောက်ထပ်ရောက်လာတော့ အဲဒီလှေကအရှိန်နဲ့ ကမ်းဘက်ကို မောင်းသွားပြီး ရွံ့နွံ့ပေါ်ကို ထိုးတက်သွားတယ်။ ပါလာတဲ့လှေသားတွေ အားလုံးလည်း ကမ်းပေါ်တက်ပြေးသွားကြတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လှေပေါ်တက်ပြီး ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ ဘိန်းစာမှုန့် အနည်းငယ်တွေ့တယ်။ ပီပါတွေကို မသင်္ကာလို့ ခွဲကြည့်လိုက်တာ ICE လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု တနင်္သာရီ ရေတပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ကုန်လှေပေါ်တွင် ဘိန်းစာမှုန့် ၃၀ ဂရမ်၊ စိတ်ကြွးဆေးပြား ၇၇ ပြား ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးကြီး မူးယစ်ဆေးဝါးဖြစ်သည်  ICE ၁၄၄ ထုပ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။“ICE တစ်ထုပ်မှာ တစ်ကီလိုအလေးချိန် ရှိပါတယ်။ အထုပ် ၁၄၄ ထုပ်မှာ လေးထုပ်က ပေါက်ပြဲနေပါတယ်။ တစ်ကီလိုကို လက်ရှိကာလ ပေါက်ဈေးအရ ကျပ်သိန်းလေးရာအထိ ရှိပါတယ်။ အခုလှေမှာမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်ဈေးအရ ကျပ်သိန်းပေါင်း ၅၇၂၀၀ ရှိပါတယ်။ ပဲ့နင်းနဲ့ လှေသားနှစ်ဦးကို ဖမ်းဆီးရမိထားပြီး အဲဒီလှေထွက်ခွာခွင့်ရအောင် ဆောင်ရွက်ပေးရတဲ့ လှေအေးဂျင့်တွေကိုလည်း မေးမြန်းနေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းတွင် မယ (ပ) ၈၉/၂၀၁၅ ၊ မူးစိတ်ပုဒ်မ ၁၉ ( က )/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး အဆိုပါအမှုတွင် အဓိကတရားခံဟု ယူဆရသော မူးယစ်ဆေးဝါးများကို လှေအတွင်းထည့်ယူသူ ဦးဇော်မင်းအောင် (ခ) သားကြီးအား ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။“ကွင်းဆက်တရားခံကို ဖမ်းဆီးရမိဖို့ ချိတ်ဆက်ထားရာမှာ ဒီနေ့ မနက် ၁၁ နာရီခွဲခန့်က ဦးဇော်မင်းအောင် (ခ) သားကြီးကို ဖမ်းဆီးရမိလိုက်ပါပြီ။ Prado အပြာရောင်၊ ကားနံပါတ် 1J - 2401 ကိုစီးပြီး ထားဝယ်ဘက်ကို မောင်းနှင်ထွက်ပြေးလာတာပါ။ ကျွန်တော်တို့ တပ်ဖွဲ့က သရက်ချောင်းဂိတ်အနီးမှာ ဖမ်းဆီးရမိလိုက်ပါပြီ”ဟု စရဖမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်လည်ဖြေကြားသည်။ 

Most Read

Most Recent