ဖားကန့်ဒေသတွင် စည်းကမ်းချက်များနှင့်အညီ မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ကန်ခမ် စုပေါင်းမြေစာပုံမှာ ထပ်မံပြိုကျနိုင်သည့် အနေအထားကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေမှု ခေတ္တရပ်ဆိုင်း

ဖားကန့်ဒေသတွင် စည်းကမ်းချက်များနှင့်အညီ မလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ကန်ခမ် စုပေါင်းမြေစာပုံမှာ ထပ်မံပြိုကျနိုင်သည့် အနေအထားကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေမှု ခေတ္တရပ်ဆိုင်း
Published 29 December 2016
အောင်ဟိန်းမင်း

ဖားကန့်ဒေသတွင် စည်းကမ်းချက်များနှင့်အညီ မလုပ်ဆောင်ခြင်းကြောင့် ပြိုကျခဲ့သည့် ကန်ခမ်စုပေါင်းမြေစာပုံမှာ ထပ်မံပြိုကျနိုင်သည့် အနေအထားကြောင့် နစ်မြုပ်ပျောက်ဆုံး နေသူများအား ရှာဖွေမှု ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီခန့်က ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပြိုကျသည့်နေရာအား ကန်ခမ်စုပေါင်းမြေစာပုံမှ တစ်သုံးလုံး မြေစာပုံဟုလည်း ခေါ်ဆိုကြောင်း၊ လက်ရှိတွင် ကျောက်စိမ်းနန်းတော် ကုမ္ပဏီက မြေစာစွန့်ပစ်ကြောင်း၊ အဆိုပါ ပြိုကျသည့်ဖြစ်စဉ်တွင် ကုမ္ပဏီမှမြေသယ်ယာဉ် တစ်စီးလည်း ပါဝင်ခဲ့ကြောင်း၊ နစ်မြုပ်ပျောက်ဆုံးနေသူ အရေအတွက်မှာ အတိအကျ သိရှိနိုင်ရန်ခက်ခဲပြီး လတ်တလော အခြေအနေတွင် လူပျောက်စာရင်းများ ကောက်ယူနေကြောင်း သိရသည်။                 
လက်ရှိတွင် ပျောက်ဆုံးသူ နှစ်ဦးသာ စာရင်းရထားကြောင်း၊ နစ်မြုပ်ပျောက်ဆုံး နေသူများအား ဒီဇင်ဘာ ၂၉ ရက် နံနက်က ရှာဖွေခဲ့သော်လည်း ထပ်မံပြိုကျနိုင်သည့် အနေအထားကြောင့် ရပ်နားထားခဲ့ကြောင်း၊ သို့သော် ဆက်လက်ရှာဖွေမှု ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။
"ဒီနေ့မနက် ၈ နာရီကနေ ၁၀ နာရီအထိ ရှာနေတယ်။ ရှာတဲ့နေရာမှာ ဖြစ်နေတဲ့ အနေအထားအရ ရှာဖွေတဲ့ သူတွေအတွက်တောင် အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် ခေတ္တရပ်ဆိုင်းထားတယ်။ အခုဖြစ်နေတဲ့ အနေအထားက မြေစာလျှောစောက် ကိုးဆယ်ဒီဂရီ အနေအထားမှာ ဖြစ်နေတယ်။ အောက်ကဂေါ်တစ်ဂေါ် နှိုက်လိုက်တာနဲ့ အပေါ်က ဆယ်ဂေါ်စာလောက် မြေစာကျလာမယ့် အနေအထားဖြစ်တယ်။ လက်ရှိမှာတော့ ဘက်ဟိုးခြောက်စီးကို အရန်သင့် ရှာဖွေဖို့ထားထားတယ်။ အခုချိန်မှာ လူဘယ်လောက် သေတယ်ဆိုပြီး ကောလာဟလတွေ ထွက်နေပေမယ့် လက်ရှိမှာ နှစ်ယောက်ပဲ စာရင်းရထားပါတယ်" ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောကြားသည်။
မြေစာပုံပြိုကျရသည့် အကြောင်းရင်းမှာ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် မညီဘဲ မြေစာစွန့်ပစ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဖားကန့်မြို့နယ် အတွင်းရှိ စွန့်ပစ်မြေစာပုံ အများစုမှာ စည်းကမ်းချက်များနှင့် မညီဘဲ လုပ်ဆောင်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။
"ဒီမြေစာပုံတွေကို အမြင့်ကြီးတွေ မလုပ်ဘဲနဲ့ လူတွေအန္တရာယ် မရှိအောင် ပေ ၅၀ လောက်လေး မြေစာပုံအမြင့် လုပ်ပေးပြီးတော့ အဲဒီမှာ ရေမဆေးတွေ ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ On the Paper စာရွက်ပေါ်မှာပဲ ဖြစ်နေတယ်။ ဒါကို တကယ်တမ်း လိုက်ပါစောင့်ကြည့်ရမှာက အဓိက ကျောက်စိမ်းရုံးက ဖြစ်တယ်။ ဒါကို တာဝန်ရှိတဲ့ ကျောက်စိမ်းရုံးအနေနဲ့ လိုက်ပါဆောင်ရွက်ခြင်း မရှိတော့ ကုမ္ပဏီတွေက ပစ်ချင်တိုင်းပစ်နေတဲ့ အနေအထားပေါ်မှာ နောက်ဆက်တွဲအနေနဲ့ ဒီလိုအသက်အန္တရာယ် ဖြစ်လာတဲ့ အနေအထားတွေဖြစ်တယ်။ ဒီမြေစာပုံဟာ ဟိုးအောက်ဆုံးကနေ ကြည့်မယ်ဆိုရင် ပေထောင်ချီမြင့်နေတဲ့ အနေအထား ဖြစ်တယ်။ ပေ ၅၀ မဟုတ်တော့ဘူး။ မြေစာပုံနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာ အဖွဲ့တွေရှိပေမယ့် ဒါတွေကို အမြဲတမ်း လိုက်လံစစ်ဆေး ကြည့်ရှုနိုင်မှသာလျှင် ဒီလိုသေဆုံးမှုတွေ မဖြစ်မှာပဲ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ သတ်မှတ်ထားတဲ့ မြေစာပုံ ၁၀ ခုရှိတယ်။ မြေစာပုံတိုင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းနဲ့ နည်းလမ်းတွေအတိုင်း သွန်တာမရှိဘူး။ အားလုံးဟာ စည်းကမ်းဖောက်ဖျက်ပြီး လုပ်နေကြတဲ့ အနေအထားတွေ ဖြစ်တယ်" ဟုဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားသည်။
ဖားကန့်ဒေသအတွင်း ရေမဆေးကျောက် ရှာဖွေသူများမှာ ပျံကျနေထိုင်ခြင်းကြောင့် နစ်မြုပ်ပျောက်ဆုံးနေသူ စာရင်းအား အတိအကျသိနိုင်ရန် ခက်ခဲနေကြောင်း၊ မျက်မြင်ကြုံတွေ့ခဲ့သူများက ရေမဆေးကျောက်ရှာဖွေသူ ၅၀ ထက်မနည်း နစ်မြုပ်သေဆုံးနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။
"ကျွန်တော်က မြေစာပုံမှာနေတာ။ မြေစာပုံပြိုကျတာ မျက်မြင်လည်း ဟုတ်ပါတယ်။ ဒီဇင်ဘာ၂၆ ရက်ကတည်းက မြေစာပုံဟာ တအားမြင့်နေပြီဆိုပြီး ကျွန်တော်တက်ပြောသေးတယ်။ မြေစာပုံက အက်လည်းအက်နေတယ်လို့ ပြောပါတယ်။ အောက်မှာက ကျောက်ရှာနေတယ်။ မြေစာပုံမြင့်တဲ့အတွက် ကားနားချိန်မှ အောက်မှာ ဝင်ရှာကြတာ။ အခုပြိုကျတဲ့ အချိန်က ကားနားချိန်ရောက်နေပြီ။ ဘယ်နှဦးလောက်ပါတယ် ဆိုတာတော့ ခန့်မှန်းလို့မရဘူး။ အခု ကျွန်တော်တို့ ဖြစ်စေချင်တာက မြေစာပစ်တာကို အောက်ခြေကနေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပစ်စေချင်တာပေါ့။ ဒီနေရာက ရေစိမ့်ထွက်အား ကောင်းတယ်" ဟု မျက်မြင်ကြုံတွေ့ခဲ့သည့် ဆယ်အိမ်မှူးတစ်ဦးက ပြောကြားသည်။
ယခုပြိုကျမှု ဖြစ်ပွားခဲ့သည့် ကန်ခမ်စု ပေါင်းမြေစာပုံမှာ ၂၀၁၅ ခုနှစ်ကလည်း လူရာချီ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး မကြာခဏ ပြိုကျမှု ဖြစ်ပွားနေကြောင်း၊ ယင်းသို့ မကြာခဏ ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာက ကြပ်မတ်နိုင်ခြင်း မရှိဘဲ မြေစာပုံအား လှေကားထစ်ပုံစံ မစွန့်ပစ်ခဲ့သည့်အတွက် ထပ်မံပြိုကျခြင်း ဖြစ်ကြောင်း သိရသည်။           
 

Most Read

Most Recent