ရန်ကုန်မြို့၌ ယခင် တစ်ရက်လျှင် ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၃ သန်းခန့်မှ ယခုလတွင် ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၅ သန်းအထိ ရှိလာကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော ခရီးသည်တင် ဘတ်စ်ကား အစီးရေ ၇၀၀၀ ရှိသည့်အနက် ပြီးခဲ့သည့် လများက တစ်ရက်လျှင် ယာဉ်အစီးရေ ၄၃၀၀ လောက်သာ ပြေးဆွဲခဲ့ရာမှ ယခုလတွင် ယာဉ်အစီးရေ ၄၅၀၀ အထိ ပြေးဆွဲလာနိုင်သောကြောင့် တစ်ရက် အခေါက်ရေ ၂၀၀ ခန့် ပိုလာပြီး ခရီးသည်များကိုလည်း ပိုမို သယ်ယူပို့ဆောင်လာနိုင်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။“ကားအခေါက်ရေနဲ့ ပြန်ကြည့်တော့ ဥပမာ အရင်က တစ်လတစ်လကို ဘတ်စ်ကား အစီးရေ ၄၃၀၀ လောက်ပဲ ထွက်တယ်။ အခု ဒီလဆိုရင် ၄၅၀၀ လောက် ထွက်နိုင်တယ်။ ပျမ်းမျှ ကားအစီးရေ ၂၀၀ လောက် တိုးတယ်။ တစ်နေ့ကို ဘတ်စ်ကား အစီးရေ ၂၀၀ ယာဉ်ကြီး အနေနဲ့ တွက်ရင် အခေါက်ရေတွေ ပိုသွားတဲ့အတွက် ပြည်သူလူထုကို သက်သာအောင် လုပ်ပေးနိုင်တယ်။ မှတ်ပုံတင်ထားတဲ့ ခရီးသည်တင်ယာဉ် အစီးရေ ၇၀၀၀ လောက်မှာ ၄၃၀၀ ပဲထွက်တယ်။ တစ်ကယ် စီးပွားဖြစ် ကုမ္ပဏီဆိုရင် ရှုံးကိုရှုံးတယ်။ သူများနိုင်ငံမှာဆို ကျွန်တော်တို့ လေ့လာကြည့်ရင် ၉၅ ရာခိုင်နှုန်းလောက်အထိ ထွက်အောင် လုပ်တယ်။ ဒီမှာ ကပုဂ္ဂလိကပိုင် ယာဉ်တွေဆိုတော့ သူနားချင်ရင်လည်း နားတယ်။ သူကားပြင်ချင်ရင်လည်း ပြင်တယ်။ ကျွန်တော်တို့က အတင်းထွက်ခိုင်းလို့ မရဘူး။ ဒါကြောင့် ခရီးသည်တိုးပြီး သယ်နိုင်တာ ယာဉ်တွေ တိုးထွက်လို့လည်း ပါတယ်လို့” ဟု ဦးလှအောင်က ဆိုသည်။ရန်ကုန်မြို့တွင် ဘတ်စ်ကားစီး ခရီးသည် သယ်ယူပို့ဆောင်နိုင်မှု စာရင်းများကို တွက်ချက်ရာတွင် သက်ဆိုင်ရာ ယာဉ်များမှ ရရှိသော အချက်အလက်များကို မခြေခံကာ ခန့်မှန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။“ဘတ်စ်ကားစီး ခရီးသည် တိုးလာတယ်လို့ ပြောနိုင်တယ်။ ၂ ဒသမ ၅ သန်းဆိုတာလည်း သူတို့ တင်ပြလာတဲ့ အပေါ်မှာ ကျွန်တော်တို့ တွက်ထားတာ။ အကြမ်းဖျင်းပြောရင် ခေါက်ရေတိုးလို့သာ လူပိုသယ်ယူနိုင်တာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားနည်းချက် ရှိတယ်။ ခန့်မှန်းခြေစာရင်း ဖြစ်နေခြင်း၊ ဘာဖြစ်လို့လဲ လက်မှတ်စနစ် မရှိလို့။ ဒါ ကြောင့် ၂ ဒသမ ၅ သန်း ဆိုပေမယ့်လည်း တိကျတဲ့ ခရီးသည် ဦးရေကြီးတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် လက်မှတ် စနစ်နဲ့ သွားမယ်ဆိုရင် ဒီလက်မှတ်ကို ကြည့်ပြီး တွက်ချက်လို့ရတယ်။ ဒါလည်း တစ်နေ့ ပြောင်းသွားရမဲ့ စနစ်ဖြစ်ပါတယ်” ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆက်လက်ပြောကြားသည်။သို့ရာတွင် ရန်ကုန်မြို့တွင်း ဆိုးရွားလာသည့် ယာဉ်ကြော ပိတ်ဆို့မှု၊ CNG ခွဲတမ်းရရှိမှု နည်းခြင်းကြောင့် CNG တန်းစီနေရ၍ ကားမထွက်နိုင်ခြင်းများလည်း ရှိနေသည့်အတွက် CNG ခွဲတမ်းကိုလည်း ယခင်ထက် ပိုမို ရရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု ဆိုသည်။ယင်းသို့ ခေါက်ရေ ပိုမိုပြေးဆွဲနိုင်သော်လည်း ခရီးသည်တင် ဘတ်စ်များတွင် အားနည်းချက်များ ရှိနေကြောင်း၊ အထူးသဖြင့် ဘတ်စ်ကားများ၏ ကြံ့ခိုင်မှု အားနည်းပြီး ဟောင်းနွမ်းနေခြင်း၊ ဘီအမ်၊ ဒိုင်နာစသော ယာဉ်တိုက်မှု ဖြစ်ပွားမှုများသည့် ယာဉ်များကို အသုံးပြုနေရခြင်း၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များက ခရီးသည်များကို မချေမငံ ပြန်လည်ဆက်ဆံခြင်း၊ ယာဉ်စီးခ ပိုမို ကောက်ခံခြင်းမှာ အဓိက ဖြစ်နေကြောင်း သိရသည်။“ယာဉ်စီးခ ပိုတောင်းတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို နေ့တိုင်း တိုင်ကြားမှုတွေ ရှိပါတယ်။ ယာဉ်လုပ်သားတွေကို ပုတ်ပြတ်ကြေးပေးပြီး ငှားတာဆိုတော့ ဒီအပေါ်မှာလာပြီး သက်ရောက်တယ်။ ယာဉ်စီးခ ပိုတောင်းတဲ့ ကားကို ကျွန်တော်တို့ကို တိုင်စေချင်တယ်။ ကျွန်တော်တို့ ပိုတောင်းရင် သုံးသောင်း ဒဏ်ရိုက်တယ်။ ဒဏ်ငွေမဆောင်တဲ့သူတွေ ကျွန်တော်တို့ လုပ်ကိုင်ခွင့်ထဲကနေ ထုတ်ပစ်တယ်။ သို့သော် လစ်ရင်လစ်သလို လုပ်တာကိုတော့ ပျောက်အောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ တိုင်ကြားပေးစေချင်ပါတယ်။ အရေးလည်း ယူပါတယ်” ဟု ဦးလှအောင်က ဆိုသည်။ယခုနှစ်အတွင်း ခရီးသည်တင် ယာဉ်များက ယာဉ်စီးခ ပိုမို တောင်းခံခြင်းကြောင့် အများပြည်သူထံမှ တိုင်ကြားလာသည့် အမှုပေါင်း ၁၈၀၀ ခန့် ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့၌ တစ်ရက်လျှင် ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၃ သန်းခန့် ရှိရာမှ နိုဝင်ဘာလအတွင်း ၂ ဒသမ ၅ သန်းအထိ ရှိလာဟုဆို















