အစာအငတ်ခံဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်းအပါအဝင် အစာငတ်ခံ ဆန္ဒပြနေသူများအားလုံး ယနေ့မှစ ယာယီရပ်နား

အစာအငတ်ခံဆန္ဒပြသည့် ကိုအောင်မှိုင်းဆန်းအပါအဝင် အစာငတ်ခံ ဆန္ဒပြနေသူများအားလုံး ယနေ့မှစ ယာယီရပ်နား
Published 17 November 2015

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တောင်းဆိုချက်အပါအဝင် အစာငတ်ခံဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းအပါအဝင် အစာငတ်ခံ ဆန္ဒပြသူများအားလုံး ယနေ့ (နိုဝင်ဘာ ၁၇ ရက်) တွင် ယာယီရပ်နားလိုက်ကြောင်း သတင်းနှင့်ပြန်ကြားရေး ဗဟိုလုပ်ငန်းကော်မတီ ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောကြားသည်။
 
ရွှေဝါရောင်သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် NNER တို့၏ မေတ္တာရပ်ခံချက်ကြောင့် ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အစာငတ်ခံတိုက်ပွဲဝင် ကျောင်းသား ကိုအောင်မှိုင်းဆန်း၊ ကိုဖြိုးဓနနဲ့ ကိုမျိုးမြတ်စံ တို့ အပါအဝင် သာယာဝတီအကျဉ်းထောင်မှ ကျောင်းသားများနှင့် ဝန်းရံသူများကလည်း အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
'' အဖွဲ့အစည်းတွေက ပြောတဲ့ အသွင်ကူးပြောင်းတဲ့ အချိန်တို့ ဘာတို့ ဦးဝင်းထိန်ပြောသလို မီးတစ်စဖြစ်မှာစိုးတာမျိုး ပဋိပက္ခအသွင်ဆောင်တာ ဖြစ်မှာမျိုး သူတို့ မေတ္တာရပ်ခံသလိုမျိုး ပြည်သူတွေ စိုးရိမ်ပူပန်နေပါတယ်ဆိုတဲ့ မေတ္တာရပ်ခံနေတာဖြစ်တဲ့အတွက် အစိုးရသစ်ဖွဲ့မယ့် ကာလကိုတော့ ကျွန်တော်တို့က အနည်းဆုံးစောင့်ပေးရမှာပေါ့ " ဟု ကိုရဲရင့်ကျော်က ပြောကြားသည်။
 
ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် အစာငတ်ခံတိုက်ပွဲဝင် ကျောင်းသားများကို ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့်  NLD ပါတီမှ ဦးဝင်းထိန်က နိုဝင်ဘာ ၁၄ ရက်တွင် လာရောက်တွေ့ဆုံခဲ့ပြီး အစာငတ်ခံ တိုက်ပွဲဝင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံခဲ့သလို နိုဝင်ဘာ ၁၆ ရက်ကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့မှ အစာငတ်ခံဆန္ဒပြနေသည့် ကျောင်းသားများအနေဖြင့် ငြိမ်းချမ်းစွား အာဏာလွဲပြောင်းမှုဖြစ်သည်အထိ ရွေ့ဆိုင်းပေးရန် မေတ္တာရပ်ခံစာ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent