The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး WAN-IFRA ၏ Media Professional Program တက်ရောက်ရန် ဟောင်ကောင်သို့ ထွက်ခွာ

The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုး WAN-IFRA ၏ Media Professional Program တက်ရောက်ရန် ဟောင်ကောင်သို့ ထွက်ခွာ
Published 17 November 2015

Eleven Media Group မှ ထုတ်ဝေလျက်ရှိသော The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးသည် WAN-IFRA ၏ Media Professional Program တက်ရောက်ရန် နိုဝင်ဘာ ၁၇ ရက် နံနက် ၁ နာရီက ဟောင်ကောင်သို့ Dragon Air လေကြောင်းလိုင်းမှ လေယာဉ်အမှတ် KA 251 ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်မည့် WAN-IFRA ၏ Media Professional Program မှ Digital Media Asia 2015 သို့တက်ရောက်ရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ ကိုဝေဖြိုးနှင့်အတူ မဇ္ဈိမ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးမျိုးသန့်ဦးနှင့် Frontier Myanmar Weekly Magazine မှ Publisher & CEO ဦးဆန်နီဆွေတို့လည်း အဆိုပါအစီအစဉ်သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးသည် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက Eleven Media Group မှ ထုတ်ဝေလျက်ရှိ သော The Daily Eleven နေ့စဉ်သတင်း စာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်၊ အမှုဆောင်အယ်ဒီတာတို့အား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော အမှုနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် အယ်ဒီတာ ၁၇ ဦးအား တရားစွဲဆိုထားသည့် အမှုနှစ်ခုစလုံးတွင် ပါဝင်နေသူ ဖြစ်သည်။
“ကျွန်တော်တို့ Eleven Media Group က ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယ အယ်ဒီတာချုပ်၊ အမှုဆောင် အယ်ဒီတာအပါအဝင် ငါးဦးရယ်၊ အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးရယ်ကို ပြန်ကြားရေးက အမှုနှစ်မှုနဲ့ တရားစွဲထား တယ်။ အဲဒါကြောင့် တရားစွဲခံထားရတဲ့ ကျွန်တော်တို့ကို ပြည်ပထွက်ခွင့် တားပေးပါဆိုပြီး ပြန်ကြားရေးက လဝကကို စာပို့ထားတယ်ဆိုတာ နိုဝင်ဘာ ၁၅ ရက်ကျမှ ကျွန်တော်တို့ သိရတယ်။ အဲဒီနေ့ မနက်ပိုင်းမှာ ပြည်ပထွက်ခွာဖို့သွားတဲ့ ကျွန်တော်တို့ CEO ကို ရန်ကုန်လေဆိပ်မှာ ပြန်ကြားရေးက ပြည်ပထွက်ခွင့် တားထားတယ်ဆိုပြီး ထွက်ခွာခွင့်မပြုလို့ လှည့်ပြန်ခဲ့ရတယ်။ ပြန်ကြားရေးက ပြည်ပထွက်ခွာခွင့် တားဖို့ပို့တဲ့စာမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက လက်မှတ်ထိုးထားတယ်။ အဲဒီစာမှာပါတဲ့ ရက်စွဲက ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၀ ရက်ပါ။ ဒီကြားထဲမှာ ပိတ်ထားတယ်ကြားလို့ ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူ တချို့ကိုမေးတယ်၊ တိတိကျကျ ပြန်မဖြေကြဘူး။ ဒါကြောင့် အောက်တိုဘာ ၂၂  မှာ ဒေါက်တာသိန်းမြင့် (Managign Director – EMG) ပြည်ပကိုသွားတယ်။ အတားမခံရဘူး။ ပြန်ကြားရေးက ကျွန်တော်တို့ကို ပြည်ပထွက်ခွင့်တားဖို့ ပို့တဲ့စာကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ဆီကိုလည်း ပို့ထားတာတွေ့ရတယ်။ ဒါပေမဲ့ ဒီနိုဝင်ဘာလဆန်းမှာ ကျွန်တော့် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာ ကျတော့ ရတယ်။ ဒါကြောင့် CEP က နိုဝင်ဘာ ၁၅ ရက်မှာ ပြည်ပထွက်ဖို့သွားတာပါ။ အခု ဒီနေ့ (နိုဝင်ဘာ ၁၇ ရက်၊ နံနက်အစောပိုင်း) မှာ ကျွန်တော် WAN-IFRA ၏ Media Professional Program ကိုသွားတက်ဖို့ ဟောင်ကောင်သွားမှာကိုကျတော့ မတားကြပြန်ဘူး။ ဥပဒေက ဘာလဲ တော်တော် နားလည်ရခက်ပါတယ်။ တရားစွဲခံထားရတဲ့အထဲက ကျွန်တော်ရော ဒေါက်တာသိန်းမြင့်ရော အတားမခံရဘူး။ CEO ကိုပဲ တားထားတာဆိုတော့ ဒါဟာ ပုဂ္ဂိုလ်ရေး တမင်သက်သက် လုပ်တာဖြစ်နေပြီ။ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဒီလုပ်ရပ်ကို ကန့်ကွက်ပါတယ်” ဟု ကိုဝေဖြိုးက ပြောပါသည်။
Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပသို့ ထွက်ခွာခွင့် တားဆီးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြည်ပထွက်ခွာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လဝကအရာရှိ ဦးရန်လင်းစိုးက လေဆိပ်၌ တားဆီးခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းက Eleven Media Group မှ ထုတ်ဝေလျက်ရှိသော The Daily Eleven နေ့စဉ်သတင်းစာနှင့် Weekly Eleven News Journal တို့မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်၊ အမှုဆောင် အယ်ဒီတာတို့အား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော အမှုကိစ္စနှင့် စပ်လျဉ်းပြီး ယင်းကဲ့သို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ရန်အတွက် ပြန်ကြားဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ အကြောင်းကြားစာ ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါစာကို အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြည်ထောင်စုဝန်ကြီး ကိုယ်စားဟုဆိုကာ လက်မှတ်ရေးထိုးထားသော ပြည်ပ ခရီးထွက်ခွာခွင့် တားမြစ်ပေးရန် အကြောင်းကြားစာကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ပေးပို့ထားခြင်း ဖြစ်သည်။

Most Read

Most Recent