ရေနေသက်ရှိများနှင့် ပတ်သက်သည့် သုတေသနများ ပြုလုပ်မည့် ရန်ကုန်တက္ကသိုလ် မစ္ဆဗေဒဌာန သုတေသန အဆောက်အအုံအား ကျပ်သန်းပေါင်း ၂၄၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည်

ရေနေသက်ရှိများနှင့် ပတ်သက်သည့် သုတေသနများ ပြုလုပ်မည့် ရန်ကုန်တက္ကသိုလ် မစ္ဆဗေဒဌာန သုတေသန အဆောက်အအုံအား ကျပ်သန်းပေါင်း ၂၄၀၀ ကျော် အကုန်အကျခံ တည်ဆောက်မည်
Published 14 November 2015
အေးပပ

ရေနေသက်ရှိများနှင့် ပတ်သက်သည့် သုတေသနများပြုလုပ်မည့် ရန်ကုန်တက္ကသိုလ် မစ္ဆဗေဒဌာနသုတေသန အဆောက်အအုံအား ကျပ်သန်းပေါင်း ၂၄၀၀ ကျော် အသုံးပြု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သုတေသနအဆောက်အအုံအား တက္ကသိုလ်ရေကူးကန်နှင့် အင်းလျားပန်းခြံအကြား ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်း တည်ဆောက်လျက်ရှိပြီး  ကျပ်သန်းပေါင်း ၂၄၆၀ ဒသမ ၉၇၉ အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင်ပြီးစီးရန် လျာထားကြောင်း သိရသည်။ “မစ္ဆဗေဒဌာန သုတေသနအဆောက်အအုံမှာ ရေနေသက်ရှိတွေနဲ့ ပတ်သက်ပြီး သုတေသနတွေလုပ်မှာပါ။ အဆင့်မြင့်သုတေသနတွေကို အဆောက်အအုံအသစ်မှာ လုပ်ဆောင်သွားမှာပါ။ အရင်ကတည်းက ရေနေသက်ရှိတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်တဲ့ အဆောက်အအုံရှိပါတယ်။ အခု တည်ဆောက်တဲ့ အဆောက်အအုံအသစ်မှာ  ခေတ်မီတဲ့ သုတေသနတွေကို ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်တက္ကသိုလ်၊ ယာယီပါမောက္ခချုပ်ဒေါက်တာ ဖိုးကောင်းက ဆိုသည်။                အဆိုပါအဆောက်အအုံကို  Viking Myanmar Construction Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး ပေ ၁၉၀ ပတ်လည်၊ ခြောက်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။ ယင်းအဆောက်အအုံ တည်ဆောက်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ ၂၀၁၅ခုနှစ်၊ ဧပြီအတွင်းက တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး  Viking Myanmar Construction Co.,Ltd မှ တာဝန်ယူတည်ဆောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်များအား နိုင်ငံတက်အဆင့်အထိ တိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသို့ တက္ကသိုလ်များအား နိုင်ငံတကာအဆင့်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် အာဆီယံအဆင့်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွက် လိုအပ်သော အရည်အသွေးမြင့် လူသားအရင်းအမြစ်များ မွေးထုတ်သွားမည် ဖြစ်သည်။တက္ကသိုလ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအဖြစ် ရပ်တည်ခွင့်အား ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အသွင်ကူးပြောင်း ရပ်တည်ခွင့်ရရှိကြရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များအဖြစ် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တက္ကသိုလ်အသီးသီးအလိုက် ပဋိညာဉ်များအား သက်ဆိုင်ရာတက္ကသိုလ်အလိုက် အသီးသီးရေးဆွဲလျက်ရှိသည်။   

Most Read

Most Recent