အနာနှင့် ဆေး

အနာနှင့် ဆေး
Published 2 November 2015
ထိန်လင်း (မန်းတက္ကသိုလ်)

ရေတစ်ပိဿာရှိလျှင် သန့်သည်ဟု ရှေးလူကြီး သူမများက ဆိုပါသည်။ ဟုတ်ပါသည်။ လူကြီးသူမများ နေထိုင်ခဲ့သည့် အချိန်ကာလများက သဘာ၀ ပတ်ဝန်းကျင်သည် သဘာဝအတိုင်း ရှိနေဆဲ။ သန့်စင်နေဆဲ။ ရေမြေတောတောင် မြစ်ချောင်း အင်းအိုင်များသည်လည်း သဘာဝအတိုင်း မပျက်စီးသေး။ စမ်းထွက် စမ်းချောင်းများသည်လည်း သဘာဝအတိုင်း စီးဆင်းနေဆဲ။ စည်းနှင့်၊ ကမ်းနှင့် သုံးသည်။ ဥပဒေနည်း ဥပဒေနှင့်အညီ လိုက်နာ လုပ်ကိုင်သည်။ တရားဥပဒေ စိုးမိုးသည်။ ယင်းကြောင့် သဘာ၀ ပတ်ဝန်းကျင် မပျက်စီး၊ ရေတစ်ပိဿာရှိလျှင် သန့်သည်။ ယင်းသန့်စင်သော ရေတစ်ပိဿာကို သောက်သုံးသော အဘိုးတို့၊ အဖေတို့ အသက်ရှည်သည်။ ကျန်းမာသည်။ သက်တမ်းစေ့ နေရသည်။ သီးနှံသားငါးများလည်း သဘာဝအတိုင်း စားသုံးကြသည်။ ဓာတ်မြေသြဇာ ဆိုတာကိုလည်း မကြားဖူး။ ပိုးသတ်ဆေး ဆိုတာလည်း ဝေလာဝေး။ ကံငါးပါးကို လုံခြုံအောင် ထိန်းကြသည်။
သဘာ၀ မြေသြဇာကိုပဲ သုံးစွဲ စိုက်ပျိုးကြသည်။ ယင်းကြောင့် အဆိပ်အတောက် မရှိ။ ဘေးထွက်ဆိုးကျိုး မရှိ။ အန္တရာယ်ကင်းသည်။ “ဆေးဖျန်းပါမှ ပိုးပိုကျ၊ ဆေးမဖျန်းပါက ပိုးမကျ” (More Spray More Pest.No Spray No Pest) ဟူ၍ ဆိုရိုးစကား ရှိသည်။ သဘာ၀ ဂေဟဗေဒ စနစ်အရ သီးနှံကို အကျိုးပြုသော ပိုးနှင့် သီးနှံကို ဖျက်ဆီးသော ပိုးဟူ၍ ဆိုသည်။ ဆေးဖျန်းသောအခါ ရန်သူပိုးတွင်မက မိတ်ဆွေပိုးပါ သေကြရသည်။ ဂေဟဗေဒ စနစ်ပျက်သည်။ ပတ်ဝန်းကျင်လည်း ညစ်ညမ်းသည်။ ဆေးမဖျန်းပါက သီးနှံ၏ မိတ်ဆွေပိုးက သီးနှံ၏ ရန်သူပိုးအား စားသောက် နှိမ်နင်းပေးသည်။ သဘာ၀ ပတ်ဝန်းကျင် မပျက်စီး၊ မညစ်ညမ်း။
ယခင်က အဘိုးတို့၊ အဖေတို့ ခေတ်က ဆေးမဖျန်း၍ ပိုးမကျ။ ယခုမှ ဆေးဖျန်းလေလေ ပိုးကျလေလေ။
ဒါတွင် မပြီးသေး။ ယင်းဓာတ်ကြွင်း အာနိသင်များကြောင့် ပတ်ဝန်းကျင်လည်း တစ်စတစ်စ ညစ်ညမ်းလာသည်။ အဆိပ်သင့်လာသည်။ အထူးအားဖြင့် ရေနှင့် မြေဆီလွှာ ညစ်ညမ်းလာသည်။ အဆိုးရွားဆုံးမှာ ရေ။
၎င်းအပြင် သတ္တုတူးဖော်ရာတွင် သုံးစွဲသည့် ဓာတုပစ္စည်းများ၊ ဓာတုစက်ရုံများက စွန့်လွှတ်သော ရေဆိုးများကလည်း မြေပေါ်ရေ၊ မြေအောက်ရေတွင် စိမ့်ဝင်ပျော်ဝင်ကာ ရေထုကို ညစ်ညမ်းစေ ပြန်ပါသည်။
အဘိုးတို့၊ အဖေတို့ခေတ်က ရေတစ်ပိဿာသည် သန့်ပါသည်။ ကျွန်တော်တို့ ခေတ်ကျတော့ ရေတစ်ပိဿာသည် ယခင်ကလို သန့်ပါဦး မည်လား။
ထိုဓာတုဓာတ်ကြွင်း အာနိသင်များ ပျော်ဝင်နေသော ရေများသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းလာပြီး ရေစီးကြောင်း အတိုင်း မျောပါ၍ ချောင်းရိုး မြောင်းရိုးမှသည် မြစ်လက်တက်၊ မြစ်လက်တက်မှသည် မြစ်မထဲသို့ စီးဝင်လာသည်။ ယင်းကို ချောင်းဘေး၊ မြစ်ဘေး ဝဲယာနေ သူတို့က သောက်သုံးကြသည်။ ထို ချောင်းဘေး၊ မြစ်ဘေး ဝဲယာတွင် လက်နှိပ်တွင်း (ရေတိမ်တွင်း)၊ စက်ရေတွင်းများ တူး၍ သောက်သုံးကြသည်။ ယင်းရေများသည် သန့်ပါရဲ့လား။ မည်သူမှလည်း စိတ်မဝင်စားကြ၊ ဓာတ်ခွဲမကြည့်ကြ။
အတည်မပြုရသေးသော အရပ်သတင်း တစ်ရပ်အရ မန္တလေးတွင် တွေ့ရသော ငါးထဲတွင်ပင် ဆိုင်ယာနိုက် တွေ့ရသည်ဟု ဆိုပါသည်။ (ရွှေကို မူလကပြဒါး၊ နောင် နိုက်ထရစ် အက်စစ်၊ ယခုဆိုင်ယာနိုက်ဖြင့် ဖမ်းသည်ဟု ဆိုပါသည်) ကြောက်ရွံ့ ထိတ်လန့်ဖွယ်ပင်။
ဧရာဝတီမြစ် ဝဲယာတွင် မြစ်ရေကို အရိုင်း (Raw Water) အတိုင်း သောက်သုံးကြသည်။ ယင်း နောက်ကျိကျိ ရေသည် သန့်ပါရဲ့လား။ ရွှေဘိုတွင် မဟာနန္ဒာကန်မှ ပေးသော ရေကို အရိုင်းအတိုင်း သောက်သုံးနေကြသည်။ သန့်ပါရဲ့လား။
ဒုဋ္ဌဝတီ (မြစ်ငယ်မြစ်) ဝဲယာနေ ရွာသူရွာသားများက ယင်းမြစ်ထဲတွင်ပင် ရေချိုးကြ၊ ယင်းရေကို သောက်သုံးကြ၊ ယင်းရေဖြင့် စိုက်ပျိုးကြသည်။ မြစ်ဝဲယာ ကျေးရွာများတွင် လက်နှိပ်တွင်း၊ စက်ရေတွင်းများ တူး၍ သောက်သုံးကြသည်။ သီးနှံများ ရေပေးသွင်းကြသည်။ တောင်အင်း၊ မြောက်အင်း၊ သုသာန်နှင့် ဧရာဝတီ မြစ်ဆုံသည့် အကြား ရေသည် သန့်ပါရဲ့လား။ ရဲရွာရေအား လျှပ်စစ်စက်ရုံမှ ချပေးသည့် လူလုပ်မြစ် ဖြစ်သဖြင့် ရေစီးချင်တိုင်း မစီးနိုင်။ ရေမချချိန်တွင် အီနေသည်။ ယင်းရေတွင် စက်မှုဇုန်မှ စွန့်ပစ်သော ရေဆိုးများ ပျော်ဝင် စီးမျောနေသည်။ အဆိုးဆုံးမှာ စက်မှုဇုန်နှင့် တောင်အင်း မြောက်အင်းသုသာန် အကြားတွင်ပင်။ လမ်းဆုံမှ ကွမ်းယာဆိုင် ကလေးမလေးအား မေးကြည့်ရာ ဒီအနံ့ကြောင့် ခေါင်းကိုက်ကိုက် နေတယ်ဟု ဆိုပါသည်။ ကလေးမလေး ဘာရောဂါ ဖြစ်နေသည်ကို မသိ။
“သေချင်ရင် စိန်မစားနဲ့ တောင်အင်း မြောက်အင်းကိုသွား” လို့ ခေါင်းစဉ်တပ်ပြီးပဲ ရေးရမလား။ ရေဆိုးစွန့်ရာ တစ်လျှောက် ယင်းရေဆိုးများက လယ်ကွင်းထဲ၊ သီးနှံခင်းထဲ၊ အထူးသဖြင့် တောင်အင်း မြောက်အင်း သုသာန်အခြေက ပြောင်းခင်းထဲ၊ ပဲခင်းထဲမြင်လို့ မကောင်း။
မြစ်ဘေးဝဲယာ ဒေသခံများက အနံ့မခံနိုင်ဟု ပြောပြကြပါသည်။ ခေါင်းခဏခဏ ကိုက်သည်ဟုလည်း ပြောပြကြပါသည်။ ခြင်ပိုပေါက်လာသည်ဟု ဆိုပါသည်။ ရေချိုးလျှင် ယားသည်ဟုလည်း ဆိုကြပါသည်။
ဒုဋ္ဌဝတီမြစ်ဖျားခံရာ သိန္နီလွင်ပြင်မှသည် ရဲရွာ ရေအားလျှပ်စစ် စက်ရုံအထိ တစ်ပိုင်း (သဘာဝအတိုင်း စီးဆင်းနေသော အပိုင်း)၊ ရဲရွာရေအား လျှပ်စစ်စက်ရုံမှသည် တောင်အင်း မြောက်အင်း သုသာန်အထိ တစ်ပိုင်း (လူလုပ်မြစ် ဖြစ်သော်လည်း သန့်စင်နေပါသေးသည်)၊ တောင်အင်း မြောက်အင်း သုသာန်မှသည် ဧရာဝတီမြစ် နှင့်ဆုံသည့် မြစ်ဆုံအထိ တစ်ပိုင်း သုံးပိုင်းပိုင်း၍ ရေနမူနာ ကောက်ပြီး မည်သူ ဓာတ်ခွဲကြည့်ပါသနည်း။ ယင်းအပိုင်းသုံးပိုင်းတွင် အပိုင်းအလိုက် မည်သည့် ရောဂါများအဖြစ် များနေပါသနည်း။ မည်သူက ဓာတ်ခွဲကြည့်နေပါ သနည်း။ ကျန်းမာရေး စစ်တမ်းကောက်နေပါ သနည်း။ သုတေသန ပြုနေပါသနည်း။
ယခင်က ငါးရစ်တက်ချိန်တွင် ဧရာဝတီမြစ်မမှ ငါးကြီးများ ဒုဋ္ဌဝတီကို ဆန်တက်၍ ဥချကြပြီး ငါးကလေးများ ကြီးပြင်းမှ မိသားစု တပျော်တပါး ဧရာဝတီသို့ စုန်ဆင်းသွားကြကြောင်း ပညာရှင်ကြီး တစ်ဦးက ပြောပြဖူးပါသည်။ ယခု ဤသို့ပင် ရှိသေးရဲ့လား။ ပတ်ဝန်းကျင် ဝါဒီတို့ ငါးပညာရှင်တို့ ဆန်းစစ်သင့်ပါသည်။ ကမ္ဘာကျော်မည့် သုတေသန စာတမ်းတစ်စောင် ဖြစ်သွားနိုင်ပါသည်။
ထိုအပိုင်း သုံးပိုင်းအနက် အထူးအားဖြင့် တောင်အင်း မြောက်အင်းသုသာန်မှသည် ဧရာဝတီမြစ်ဆုံအထိ မြစ်ဘေးဝဲယာ စိုက်ပျိုးထားသော သီးနှံများတွင်လည်း ဓာတ်ကြွင်း အာနိသင်နှင့် အဆိပ်အတောက် မည်မျှပါနေသနည်း။ စားသုံးရန် သင့်မသင့်ကို မည်သူဓာတ်ခွဲ စမ်းသပ်နေပါသနည်း။ မည်သူလေ့လာ စူးစမ်းနေပါသနည်း။ စာရေးသူသည် Lotus Travel ခရီးစဉ်ဖြင့် ဗာရာဏသီမြို့ရှိ ဂင်္ဂါမြစ်အား လေ့လာခွင့် ရခဲ့ပါသည်။ ထိုမြစ်တွင်း စက်တပ်ယာဉ် သွားခွင့်မပြုပါ။ လှေသာ သွားခွင့်ပြုပါသည်။ ဂင်္ဂါမြစ်ရေသည် မည်းနက်နောက်ကျိ နေပါပြီ။ ထိုမြစ်ကမ်းနဖူးတွင် မီးသင်္ဂြိုဟ်ပြာများ မျှောပါသည်။ တောင်အင်း မြောက်အင်းက ပြာတွေကော ဘယ်မှာမျှောပါ သနည်း။ စွန့်ပါသနည်း။ ပတ်ဝန်းကျင် မညစ်ညမ်းအောင် မည်သို့ပြု၍ စွန့်ပါသနည်း။
စာရေးသူ အင်္ဂလန်ရောက်စဉ်က ဘီဘီစီသတင်း အထူးကဏ္ဍတွင် ထုတ်လွှင့်သော “အန္တရာယ်ကျရောက် နေသော မြစ်များ” ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်၍ကြည့်ဖြစ်ပါသည်။ အမေရိက၊ အိန္ဒိယ၊ ပီရူး၊ ဘရာဇီး၊ အင်ဒိုနီးရှားစသည့် နိုင်ငံများရှိ မြစ်များ ဘေးဝဲယာရှိ စက်ရုံများမှ စွန့်ပစ်သော ရေဆိုးများ၊ ရွှေတူးဖော်သော လုပ်ငန်းများမှ စွန့်ပစ်သော ဓာတုပစ္စည်းများကြောင့် ဖြစ်သော ရောဂါဝေဒနာများ အထူးအားဖြင့် ကင်ဆာရောဂါ ဝေဒနာရှင်များကို ကွင်းဆင်းသွားရောက် တွေ့ဆုံမေးမြန်း စူးစမ်း သုသေသနပြု အရေးယူ ဆောင်ရွက်ကြသည်ကို ကြည့်ရပါသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး အထူးအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးကြသည်ကို သိရပါသည်။ ရေတစ်ပိဿာ သန့်ပါရဲ့လား။ သန့်ပါသေးရဲ့လား ၎င်းကိုသောက်သုံးကြ၊ ၎င်းရေဖြင့် စိုက်ပျိုးကြ ယင်းသီးနှံများကို စားသုံးကြသော ပုဂ္ဂိုလ်များသည် လူ့သက်တမ်း စေ့နေကြပါရဲ့လား။ မည်သူက စစ်တမ်းကောက်နေပါ သနည်း၊ သုတေသနပြုနေပါ သနည်း။
ပညာရှင် တစ်ဦးက ဆိုပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီရင်ခံစာအရ ကျန်းမာရေး အဆင့် ၁၉၀ တွင် ရှိနေကြောင်း ယင်းမှာ ၁၉၁ နိုင်ငံ မရှိ၍ ဖြစ်ကြောင်း ရေးသားထားသည်ကို ဖတ်ရှုရပါသည်။
၂၅-၁၀-၂၀၁၅ တနင်္ဂနွေနေ့ က လှိုင်သာယာ လူရည်ချွန် ကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင်းပသော လူရည်ချွန် စကားဝိုင်း (၆) တွင် သက်ဆိုင်ရာ ဘာသာရပ် အထူးပြု ကျွမ်းကျင်သူ ပညာရှင် အသီးသီးက ဟောပြောကြပါသည်။ “အစားအသောက်နှင့် ကျန်းမာရေး အသိပညာပေး” ခေါင်းစဉ်ဖြင့် ဟောပြောကြပါသည်။ ထိုဟောပြောပွဲသို့ တက်ရောက် နားထောင်ရင်း အတွေးစများ တစ်စပြီး တစ်စရနေခြင်း ဖြစ်ပါသည်။ ဟုတ်ပါပြီ။ အနာတော့ သိပါပြီ။ ဆေးရှိဖို့တော့ လိုပါပြီ။ ယင်းပြဿနာများအား မည်သို့မည်ပုံ ကုစားရပါမည်နည်း။ တညီတညွတ်တည်း ထွက်လာသည့် အသံကတော့ “တရားဥပဒေ စိုးမိုးရေး” ဆိုသည့် ဆေးနှင့်ကုမှ ရပါမည်တဲ့။
မှန်ပါသည်။ စိုက်ရေးပျိုးရေး၊ သတ္တုတူးဖော်ရေး၊ စက်ရုံများမှ စွန့်ပစ် ရေဆိုးများအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သတ်မှတ်သည့် မူဘောင်စံညွှန်း အတိုင်း ဝင်အောင် သန့်စင်ပြီးမှ မြစ်ချောင်းထဲသို့ ချပေးရေး အပါအဝင် ကိစ္စတိုင်းသည် အနာဖြစ်ပါသည်။ ရောဂါဝေဒနာ ဖြစ်ပါသည်။ ရောဂါဝေဒနာကို ထိုတရား ဥပဒေ စိုးမိုးရေးဆိုသည့် ဆေးဖြင့် ကုသပါမှ ပျောက်ကင်းပါမည်။
အနာနှင့်ဆေး တွေ့ပါစေ။ မြန်မာပြည်သူ ပြည်သားတိုင်း သန့်ရှင်း စင်ကြယ်ပြီး ကျန်းမာရေးနှင့် ညီညွတ် မျှတသော ရေတစ်ပိဿာကို လူတိုင်းကိုယ်စီ သောက်သုံးနိုင်ကြပါစေ။ ယင်းရေဖြင့် စိုက်ပျိုးသော ကောက်ပဲသီးနှံ သစ်သီးဝလံများအား အန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ကြပါစေ။ ယင်းရေတွင် ပေါက်ဖွားသော ရေနေ သတ္တဝါများလည်း အန္တရာယ် ကင်းကြပါစေ။ ယင်း သားငါးများအား စားသုံးသူတိုင်းလည်း ဘေးဥပဒ် အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
အနာနှင့်ဆေး တွေ့ချိန်နီးပါစေသား။ နီးရပါစေသား။

Most Read

Most Recent