တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် ပန်ခမ်း မျက်နှာစုံညီ အစည်းအဝေး စတင်ဖွင့်လှစ်ပြီး ရွေးကောက်ပွဲပြီးနောက် အခြေအနေအရ ရှေ့ဆက်ရမည့် လမ်းစဉ်နှင့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေးနွေး

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် ပန်ခမ်း မျက်နှာစုံညီ အစည်းအဝေး စတင်ဖွင့်လှစ်ပြီး ရွေးကောက်ပွဲပြီးနောက် အခြေအနေအရ ရှေ့ဆက်ရမည့် လမ်းစဉ်နှင့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေးနွေး
Published 1 November 2015

၀ အထူးဒေသ ပန်ခမ်းမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ပထမနေ့အဖြစ် နိုဝင်ဘာ ၁ ရက်တွင် စတင်ကျင်းပခဲ့ သည်။ ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)မှ ကြီးမှူးကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံရသော တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ခုအနက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ - ခပ်ပလန်မှ လွဲ၍ကျန် အဖွဲ့အစည်း ၁၁ ခုမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့သည်။
တက်ရောက်ခဲ့သော အဖွဲ့များမှာ  ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဦးဖုန်တဲ့ရိန် ဦးဆောင်သော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ဦးနိုင်ဟံသာ ဦးဆောင်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ဦးဆောင်သော ရခိုင်တပ်မတော်(ဗဗ)၊ စပ်ဆေထင် ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ နော်စီဖိုးရာစိန် ဦးဆောင်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ အေဘယ်တွီဒ် ဦးဆောင်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ တားအိုက်ဖုန်း ဦးဆောင်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ဦးစံပေ့ ဦးဆောင်သော ရှမ်းအရှေ့ ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)  နှင့် ဦးသန်းစိုးနိုင် ဦးဆောင်သော ကယန်းပြည်သူ့ပါတီ (KNLP) တို့ဖြစ်သည်။
ယခုနှစ် မေလဆန်းတွင် ပထမအကြိမ် ပန်ခမ်းအစည်းအဝေးကို ကျင်းပခဲ့ပြီး သဘောတူညီချက် များစွာရရှိကာ အစည်းအဝေးနှင့် ပတ်သက်သော ကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဦးပေါက်ယိုချန်၏ ပြောကြားချက်အရ နှစ်ဝက်ခန့်အတွင်း ပြည်တွင်း အခြေအနေသည် မျှော်မှန်းထားသကဲ့သို့ ကောင်းသော လမ်းစဉ်ဖြင့် တိုးတက်လာခြင်း မရှိသောကြောင့် လည်းကောင်း၊ မြန်မာတပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့အပေါ်စစ်ရေးအရ ဖိအားပေးမှု ရပ်တန့်ခဲ့ခြင်း မရှိသောကြောင့်လည်းကောင်း ယခုကဲ့သို့ ဒုတိယအကြိမ် အစည်းအဝေး ထပ်မံကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် ပါတီဥက္ကဋ္ဌ ဦးပေါက်ယိုချန်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားရာတွင် ပေါက်ယိုချန်က စစ်ဘေးရှောင် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး အစာပြတ်လပ်မှုနှင့် ကူးစက်ရောဂါ ခံစားနေရသူပေါင်း သောင်းနှင့်ချီရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးပမ်းရာတွင် နှစ်နှစ်ခန့် အချိန်ယူ ညှိနှိုင်း ပြင်ဆင်ခဲ့သော်လည်း အဓိကပြဿနာ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေခံ တောင်းဆိုချက်များကို လက်ခံဖြေရှင်းပေးမှုနှင့် ကတိပေးမှု တစ်စုံတရာ မရရှိကြောင်း ပြောကြားသည်။
မြန်မာအစိုးရနှင့် တပ်မတော်သည် အဖွဲ့အစည်းများ၏ အချို့သော ဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုမှုများကို ငြင်းပယ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် လက်နက်ကိုင် တိုင်းရင်းသားများအား စနစ်တကျ ချုပ်ကိုင် သည့်မူကို စွန့်လွှတ်ခြင်း မရှိဟု ပေါက်ယိုချန်က ပြောကြားသည်။
အောက်တိုဘာ ၁၅ ရက်တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးနိုင်ခဲ့သည်။ သို့သော် ယင်းသို့ လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစု ပါဝင်ေ ရးထိုးခဲ့ခြင်း မရှိပေ။ထို့အပြင် ပါဝင် လက်မှတ်ရေးထိုးခွင့် မရရှိသော အဖွဲ့အစည်းများလည်း ရှိသည်။ ထိုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်လာရေးကို မည်သို့မျှ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအစိုးရသည် လက်မှတ်ရေးထိုးသော အဖွဲ့များကိုသာ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး လက်မှတ်ရေးထိုးခြင်း မရှိသော အဖွဲ့များကို မတရားအသင်း အဖြစ် ယူဆထားဆဲ ဖြစ်သည်။ ယင်းအချက်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား သွေးကွဲစေရန် လုပ်ဆောင်သည့် သဘောဆောင်ကြောင်း ပေါက်ယိုချန်က ပြောကြားသည်။
ပေါက်ယိုချန်က ယခုအစည်းအဝေးသည် ရွေးကောက်ပွဲပြီးနောက် အခြေအနေအရ ရှေ့ဆက်ရမည့် လမ်းစဉ်နှင့် ဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။ ပေါက်ယိုချန်က ဘဝကံကြမ္မာ တူညီ နောင်အဖွဲ့အစည်းများ အနေဖြင့် တူညီသော သဘောထားကို စုစည်းပြီး မတူညီမှုကို ချန်လှပ်ကာ ပွင့်လင်းစွာ ပြောဆိုတင်ပြနိုင်ပါကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးညှိနှိုင်းမှုမှသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားများအတွက် အာမခံချက်ရှိသော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသော ပင်လုံစိတ်ဓာတ်နှင့် ကိုက်ညီမှုရှိသော လမ်းစဉ်ကို ရှာဖွေမည်ဟု ပေါက်ယိုချန်က ဆိုသည်။
ပေါက်ယိုချန်က သူ၏နှုတ်ခွန်းဆက်စကားကို အဆုံးသတ်ရတွင် နောင်ကြုံရမည့် နိုင်ငံရေး ဆွေးနွေးမှုသည် ခက်ခဲပြီး ကာလကြာရှည်မည် ဖြစ်သောကြောင့် ကြိုတင်စဉ်းစား ပြင်ဆင်မှု ရှိရမည်ဖြစ်ကြောင်း၊ ခန့်မှန်းချက်အရ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှုသည် ချောမွေ့ ပြေပြစ်မှု ရှိမည်မဟုတ်ဘဲ ကြိမ်ဖန်များစွာ ငြင်းခုံမှုနှင့် တိုက်ခိုက်မှုများ ရှိမည်ဖြစ်သောကြောင့် တိုင်းရင်းသားများ ပိုမိုစည်းလုံးပြီး အခက်အခဲကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ၏ အခြေခံ အခွင့်အရေးနှင့် ပင်လုံစိတ်ဓာတ်နှင့် ကိုက်ညီသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးတို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတူတကွ ကြိုးပမ်းအားထုတ် စေလိုကြောင်း ပြောကြားသည်။

Most Read

Most Recent