ချင်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက် ယှဉ်ပြိုင်မည့် မင်းတပ်မြို့နယ်တွင် တံဆိပ်တုံးထု မဲပေးနည်း နားမလည်၍ ပယ်မဲများမည်ကို နိုင်ငံရေးပါတီများ စိုးရိမ်နေ

ချင်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက် ယှဉ်ပြိုင်မည့် မင်းတပ်မြို့နယ်တွင် တံဆိပ်တုံးထု မဲပေးနည်း နားမလည်၍ ပယ်မဲများမည်ကို နိုင်ငံရေးပါတီများ စိုးရိမ်နေ
Published 1 November 2015
သက်ထိန်ဝင်း

ချင်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်မည့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးလက် ဒေသခံ အများစုမှာ တံဆိပ်တုံးထု မဲပေးနည်းကို သေချာစွာ နားမလည်သည့်အတွက် ပယ်မဲများမည်ကို စိုးရိမ်နေကြောင်း မဲဆွယ် စည်းရုံးရေး လုပ်ဆောင်နေသည့် နိုင်ငံရေး ပါတီများထံမှ သိရသည်။
လာမည့်ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများနှင့်မတူညီသည့် မဲပေးနည်း အသုံးပြုခြင်းကြောင့် ဒေသခံများအား မဲပေးနည်းကို သေချာစွာ သိရှိရန် ဦးစားပေး လုပ်ဆောင်နေရသည့်အတွက် မဲဆွယ်စည်းရုံး ရေးလုပ်ငန်းများတွင် အားနည်းမှုများ ရှိနေကြောင်းလည်း သိရသည်။
“ရွေးကောက်ပွဲ မဲပေးနည်းနဲ့ ပတ်သက်လို့ ဒေသခံတွေကို အတော်ရှင်းပြရတယ်။ အထူးသဖြင့် ကျေးရွာတွေမှာနေတဲ့ သက်ကြီးပိုင်းတွေကို ပိုပြီး ရှင်းပြနေရတယ်။ သူတို့ အရင်ကြုံခဲ့တဲ့ ရွေးကောက်ပွဲ မဲပေးနည်းနဲ့ အခုရွေးကောက်ပွဲ မဲပေးနည်းက မတူတော့ မဲပေးတဲ့အခါ  အမှားအယွင်းဖြစ်ပြီး ပယ်မဲဖြစ်မှာ စိုးရိမ်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာလိန်းထန်းက ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းတပ်မြို့နယ်အတွင်း လမ်းပိုင်းပျက်စီးမှု အများအပြား ကြုံတွေ့ရပြီး ကျေးလက်ဒေသအချို့မှာ သွားရောက်ရန် မလွယ်ကူသည့်အတွက် မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိသည့် ကျေးရွာများလည်း ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဘက်မှာရှိတဲ့ရွာတွေက သွားလာဖို့ခက်တော့ နှစ်ကြိမ် ပြန်ရောက်ဖို့ မလွယ်ပါဘူး။ ရောက်တဲ့ရွာတွေကိုတော့ မဲပေးနည်းတွေကို အတတ်နိုင်ဆုံး ရှင်းပြပါတယ်။ မြေပြန့်လိုတော့ တံဆိပ်တုံး အစမ်းထုခိုင်းတာတွေ မလုပ်နိုင်ခဲ့ပါဘူး။ တောင်ပေါ်ဒေသဆိုတော့ စည်းရုံးရေး ထွက်ပြီဆိုတာနဲ့ အနည်းဆုံး တစ်ပတ်လောက်ကြာမှ မင်းတပ် ပြန်ရောက်ပါတယ်။ မြေပြန့်လို နေ့ချင်းပြန် စည်းရုံးရေး ဆင်းမရတော့ အခက်အခဲတွေကတော့ အများကြီးပါ”ဟု မဲပေးနည်း အသိပညာပေးမှုများ ပြုလုပ်နေသည့် မင်းတပ်မြို့မှ ကို ဆလိုင်းရှယ်အောင်က ပြောကြားသည်။
ကျေးရွာပေါင်း ၁၉၄ ရွာနှင့် မြို့ပေါ်ရပ်ကွက် လေးခုရှိသည့် မင်းတပ်မြို့နယ်တွင် မဲဆန္ဒရှင် ၂၄၀၀၀ ကျော်ရှိပြီး လက်ရှိချင်းပြည်နယ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေသည့် ဦးဟုန်းငိုင်းမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုပြီး မင်းတပ်မြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent