လွိုင်ကော်ခရိုင်အတွင်း အထူးလုံခြုံရေးရဲ ၂၀၀ နီးပါးရှိသော်လည်း အများစုမှာ တိုင်းရင်းသားဒေသခံများဖြစ်၍ အမိန့်အာဏာအသုံးပြုကာ မဲမသမာမှု ပြုလုပ်မည်ကို နိုင်ငံရေးပါတီများ စိုးရိမ်နေ

လွိုင်ကော်ခရိုင်အတွင်း အထူးလုံခြုံရေးရဲ ၂၀၀ နီးပါးရှိသော်လည်း အများစုမှာ တိုင်းရင်းသားဒေသခံများဖြစ်၍ အမိန့်အာဏာအသုံးပြုကာ မဲမသမာမှု ပြုလုပ်မည်ကို နိုင်ငံရေးပါတီများ စိုးရိမ်နေ
Published 1 November 2015
မခိုင် (လွိုင်ကော်)

လွိုင်ကော်ခရိုင်အတွင်း အထူးလုံခြုံရေး ရဲ ၂၀၀ နီးပါးရှိသော်လည်း အများစုမှာ တိုင်းရင်းသား ဒေသခံများဖြစ်၍  အမိန့်အာဏာ ကိုအသုံးပြုကာ မဲမသာမှုများ ပြုလုပ်မည်ကို စိုးရိမ်ကြောင်း  နိုင်ငံရေးပါတီများက ပြောကြားသည်။
ခရိုင်အတွင်း အထူးရဲအင်အား ၁၉၃ ဦးရှိရာ ဒေသခံ ကယား၊ ကယန်း၊ ရှမ်းလူမျိုး အများဆုံး ပါဝင်နေပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဝန်ထမ်းများ၊ အငြိမ်းစားရဲဝန်ထမ်းများနှင့် ဗမာလူမျိုးများလည်း ပါဝင်နေကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်တွင် မဲရုံကိုးရုံရှိကာ ဒေသခံ ကယားနှင့် ရှမ်းလူမျိုး များပါဝင်သော  အထူးရဲကိုးဦး  ခန့်ထားပြီး ဒေသခံ တိုင်းရင်းသားစကားအား ပြောဆိုနိုင်သူများ ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့  သင်တန်းကို ၁၂ ရက် တက်ရပါတယ်။ တစ်ရက် ၅၀၀၀ နှုန်းနဲ့ တစ်လခန့်တာပါ။ ကျွန်တော်ကတော့  ကယား စကားတတ်ပါတယ်။ အဓိက,က မဲရုံမှာ သက်ကြီးရွယ်အိုတွေလာရင် ကူရမယ်လေ။ မဲရုံမှာ မသာမာမှုဖြစ်ရင် သတင်းပို့ရမယ်။  ကြမ်းကြမ်းတမ်းတမ်း တစ်ခုဖြစ်လာရင်လည်း တတ်နိုင်သလောက် ဝင်ထိန်းရမယ်။ သတင်းပို့ပေးရမယ်”ဟု အောက်တိုဘာ ၃၁ ရက်တွင် သင်တန်းဆင်းသော ရှားတောမြို့မဲရုံ၌ တာဝန်ကျသော အထူးရဲဝန်ထမ်းတစ်ဦးက ဆိုသည်။
ရှားတောမြို့ပေါ်တွင်သာမက သွားလာရေးခက်ခဲ၍  ဆက်သွယ်ရေး မရသော ကျေးရွာမဲရုံများလည်းရှိရာ မဲမသာမာမှုများကို အချိန်မီ သိရှိနိုင်ရန်အတွက် ခက်ခဲနိုင်ကြောင်း၊ စောင့်ကြည့်ရေးအဖွဲ့များနှင့် သတင်းသမားများမှာ ကျေးရွာမဲရုံများအထိ ဆင်းကြည့်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီများက ပြောကြားသည်။
“လမ်းပန်းခက်ခဲတာကတော့ အမှန်ပဲ။ မဲရုံရှိတဲ့ရွာတွေက တောင်ထိပ်မှာ ဖြစ်နေတယ်။ မဲပေးမယ့်သူတွေက  တောင်အောက်ရွာ ဖြစ်တယ်။ မဲရုံကိုသွားဖို့ သူတို့ဒေသခံတောင် အတက် နှစ်နာရီခွဲကြာတဲ့ ရွာတွေရှိတယ်။ ကျွန်မတို့တောင် လေးနာရီလောက် လျှောက်ရတယ်။ ဆိုင်ကယ်၊ ကား စီးမရဘူး။ တောင်တွေက မတ်စောက်တွေ။ ကျွန်မတို့ လက်လှမ်း မီသလောက် ခန့်မှန်းရတာတော့ အသွားအပြန်နဲ့  မဲထည့်မှာနဲ့ဆို တစ်နေ့ကုန်မယ်။  မဲထည့်မယ့် ဒေသခံကတော့ ရှားတောတစ်နယ်လုံးမှာ  ထက်ဝက်လောက်ပဲ ထည့်နိုင်မယ်။ ၂၀၀၀ လောက်ပေါ့။ ကျန်တာ မဲလာထည့်နိုင်မယ်မထင်ဘူး”ဟု ရှားတော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းက ပြောကြားသည်။
ရှားတောမြို့နယ်သည် လွိုင်ကော်မြို့နှင့် မိုင် ၄၀ ခန့်သာဝေးသော်လည်း တောင်တန်း ထူထပ်သော ဒေသဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၉၂၈ ဦးသာရှိပြီး မဲရုံ ကိုးရုံထားရှိမည်ဖြစ်ကာ ဒေသခံအများစုမှာ ဗမာစကား နားမလည်သူများ ရှိနေသည့်အပြင် ရွေးကောက်ပွဲနှင့် ပက်သက်သည့် အသိပညာလည်း အားနည်းကြောင်း သိရသည်။
“စိုးရိမ်တာတော့ အမှန်ပဲ။ အထူးရဲတွေကို တစ်ဖက်က အမိန့်အသုံးပြုသွားမှာ စိုးရိမ်တယ်။ မဲမသာမာမှုကို သူတို့လည်း စောင့်ကူရမယ်လေ။ ဒါကို  ဖုံးဖိထားရင်  စိုးရိမ်စရာ ကောင်းတယ်။ သူတို့က ခပ်ဝေးဝေးက စောင့်ကြည့်တယ်ဆိုပေမယ့် ဒီမှာက ဝန်ထမ်းဝတ်စုံနဲ့ဆို ကြောက်တုန်း။ ကျောင်းဆရာမတောင် ကြောက်တဲ့နေရာ။ ဒီက ကလေးတွေကလည်း အခြေအနေ အရပ်တစ်ခုခုကြောင့်သာ ဝင်လုပ်တာ။ သူတို့လည်း ကြောက်တတ်သူတွေ။ ကောင်းကောင်း သိတာပေါ့ဗျာ။ ကိုယ့်ဒေသက ကလေးတွေပဲ”ဟု ကယားလူမျိုးစုဒီမိုကရေစီ ပါတီဝင်တစ်ဦးက ပြောကြားသည်။
ထိုမြို့နယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက်  တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ပြင်ဆင်လျက်ရှိရာ ရွေးကောက်ပွဲနီးချိန်တွင် လာ ရောက်၍  လှူဒါန်းမှုများ  မကြာခဏ ပြုလုပ်လျက်ရှိပြီး ပရဟိတဆေးခန်းလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent