နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အဖွဲ့ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်နှင့် ကော့သောင်းမြို့သို့ ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အဖွဲ့ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်နှင့် ကော့သောင်းမြို့သို့ ရောက်ရှိ
Published 31 October 2015

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပါဝင်သောအဖွဲ့သည် မြန်မာနိုင်ငံ တောင်ပိုင်း ခရီးစဉ်အဖြစ် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့သို့ အောက်တိုဘာ ၃၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထားဝယ်လေဆိပ်သို့ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များက လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ နှင့်အဖွဲ့မှာ ထားဝယ်လေဆိပ်မှ တစ်ဆင့် ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီနှင့် လောကမာရ်ဇိန် ဘုရားတို့အား သွားရောက် ဖူးမြော်ခဲ့ပြီး ခေတ္တရပ်နားကာ ဘုရားဂေါပကအဖွဲ့နှင့် အစိုးရအဖွဲ့ဝင်များကို ၎င်းသွားရောက်ခဲ့သည့် ခရီးစဉ် အတွေ့အကြုံ များ၊ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့မှာ ယာဉ်တန်းများဖြင့် ထားဝယ်မြို့အတွင်းသို့ လှည့်လည်ခဲ့ပြီး ကမြောကင်း တံတားအနီးရှိ  DDPC ရှော့ပင်းစင်တာကို ကားပေါ်မှ လှည့်လည် ကြည့်ရှုခဲ့သည်။နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ထားဝယ်လေဆိပ်သို့ပြန်လည်ထွက်ခွာခဲ့ပြီး လေဆိပ်မှတစ်ဆင့် ကော့သောင်းမြို့သို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ထားဝယ်မြို့သို့ လာရောက်သည့် ခရီးစဉ်မတိုင်မီ သမ္မတကြီးအား လမ်းဘေးဝဲယာမှ ကြိုဆိုရန် ဌာနဆိုင်ရာများအား အကြောင်းကြားထားခဲ့ကြောင်း သိရသည်။
“ဆရာမတို့ ကို မနေ့က လစာထုတ်တော့ တိုင်းပညာရေးရုံးကနေ သမ္မတကို ကြိုဆိုဖို့ ကျောင်းသားတွေကို ခေါ်ခိုင်းတယ်။ ကလေးတွေက ကျောင်းပိတ်နေတုန်းဆိုတော့ အိမ်နားက ကျောင်းသားတွေကိုပဲ ရသလောက် ခေါ်ခဲ့ရတယ်။ သမ္မတက ဒီကို ၈ နာရီလောက် မှ ရောက်မှာဆိုတော့ မနက် ၇ နာရီလောက်မှ လာရပ်ပေးမယ် ပြောတာကို မရဘူး။ မနက် ၆ နာရီ ကျော်လောက်ကတည်းက နေပူထဲမှာ လာရပ် စောင့်နေရတယ်။ ကလေးတွေလည်း နေပူနေပြီ။ ဆရာမတို့ကို ဌာနကနေ အမိန့်ပေးလို့လုပ်တာပေါ့”ဟု ထားဝယ်မြို့ပေါ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

Most Read

Most Recent