ဧရာဝတီမြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သည့် ဝါးရခိုင် မြစ်အတွင်းသို့ အမှိုက်များနှင့် စပါးခွံများ စွန့်ပစ်မှုကြောင့် မြစ်ကြောင်း၏ ငါးပုံတစ်ပုံခန့်သာ အသုံးပြုနိုင်တော့သည့် အခြေအနေ ရောက်ရှိနေ

ဧရာဝတီမြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သည့် ဝါးရခိုင် မြစ်အတွင်းသို့ အမှိုက်များနှင့် စပါးခွံများ စွန့်ပစ်မှုကြောင့် မြစ်ကြောင်း၏ ငါးပုံတစ်ပုံခန့်သာ အသုံးပြုနိုင်တော့သည့် အခြေအနေ ရောက်ရှိနေ
Published 31 October 2015
ဆန်းထူးအောင်

ဧရာဝတီမြစ်၏ မြစ်လက်တစ်တစ်ခု ဖြစ်သော ဝါးရခိုင်မြစ်အတွင်းသို့ အမှိုက်များနှင့် စပါးခွံများ စွန့်ပစ်မှုကြောင့် မြစ်ကြောင်း၏ ငါးပုံတစ်ပုံခန့်သာ အသုံးပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အောက်တိုဘာ ၃၁ ရက်က ရန်ကုန်မြို့ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတွင်ပြုလုပ်သည့် “Enviromental Impacts On River Water Eco- system At Ayeyarwady Dekta Region” အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွန်းကိုက ပြောကြားသည်။
“ကျော်ဇံဘက်မှာရှိတဲ့ ဝါးရခိုင်မြစ်က တစ်ခုနဲ့တစ်ခု ချိတ်နေတယ်။ မြစ်က တစ်ခြမ်းစောင်းပြီးတော့ ရေက နည်းနေတယ်။ ရေလမ်းကြောင်းကလည်း ငါးပုံပုံ တစ်ပုံလောက်ပဲ သုံးနိုင်တော့တယ်။ ကျန်တဲ့ဧရိယာက နုန်းပြင် သာသာလောက်ပဲ ကျန်တော့တယ်။  မကြာခင် ပျက်ခါနီး ဖြစ်နေတယ်” ဟု ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာထွန်းကိုက ပြောကြားသည်။
ဆက်လက်ပြီး   ဒေါက်တာထွန်းကိုက  “ ၁၉၄၅-၅၀ လောက်တုန်းက ဝါးရခိုင်က မြစ်အဖြစ်နဲ့ ရှိခဲ့တယ်။ မြေပုံပေါ်မှာ မြစ်အဖြစ်နဲ့ သုံးခဲ့တယ်။ ၂၀၀၀ ခုနှစ် အသစ်ထုတ်တဲ့ မြေပုံပေါ်မှာ ၁၉၉၅-၉၈ ကြားမှာ ရိုက်တဲ့ ဧရိယာဓာတ်ပုံရဲ့ တွေ့ရှိချက်အရ ဝါးရခိုင်က ချောင်း အနေအထားလောက်ထိ ဖြစ်သွားတယ်”ဟု ပြောကြားသည်။
ချောင်းအနေအထားသို့ ရောက်ရှိသွားသည့် ဝါးရခိုင် မြစ်အတွင်းတွင်လည်း ရေနေသတ္တဝါများ အလွန်နည်းပါးလာကြောင်း၊ ရေစီးနှုန်း သည်လည်း နည်းပါးလာကြောင်း၊ တစ်လလျှင် နှစ်ကြိမ်နှင့် လေးကြိမ်ခန့်သာ ရှိတော့ကြောင်း၊ ရေထဲတွင် ပျော်ဝင်နေသည့် အရာများသည်လည်း များပြားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေထဲမှာ ပျော်ဝင်နေတဲ့ အရာတွေက အရမ်း များနေတယ်။ ဖွဲတွေ ဆန်ကွဲတွေက အရမ်းများပြီးတော့ ရေရဲ့အလေးချိန်က အရမ်းများနေတယ်။ လူသုံးဖို့ မပြောနဲ့ စိုက်ပျိုးရေးအတွက်တောင် မသုံးသင်တဲ့ အနေအထား ဖြစ်နေတယ်”ဟု ၎င်းက ပြောကြားသည်။
ဝါးရခိုင်မြစ်သည် ရာစုဒိုင်မြစ်၏ မြစ်လက်တက်ဖြစ်ပြီး၊ အောက်ဘက်ပိုင်းသည် ရာစုဒိုင်မြစ် ဖြစ်ပြီး အထက်ပိုင်းသို့ ရောက်ရှိပါက ဧရာဝတီမြစ်ဖြစ်သဖြင့် ဝါးရခိုင်မြစ်သည် ဧရာဝတီမြစ်၏ ပင်မ မြစ်လက်တက်တစ်ခု ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ဝါးရခိုင်မြစ် (ယခုလက်ရှိ ဝါးရခိုင်ချောင်း) သည် ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာအုပ်စု အနားတွင် တည်ရှိကြောင်းလည်း သိရသည်။ဧရာဝတီမြစ်အား လေ့လာမှုများ ပြုလုပ်ရန် အတွက် မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင်အသင်းသည် သုတေသနနှင့် တီထွင်စမ်းသစ်မှု ဦးစီးဌာန၊ အဏ္ဏဝါသိပ္ပံဌာန (မော်လမြိုင်တက္ကသိုလ်)၊ ပထဝီဌာန(ရန်ကုန်တက္ကသိုလ်)၊ မြန်မာ့အဏ္ဏဝါအသင်းတို့နှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံ Mekong Energy and Ecological Networkအကူအညီဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာ အုပ်စု (၇) ရွာနှင့် ဝန်းကျင်ဒေသများအား ၂၀၁၅ ဇန်နဝါလမှ စတင်ကာ ကိုးလတိုင် လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“ ဝါးရခိုင် မြစ်အတွင်းကို ဆန်စက်တွေက ပစ်လိုက်တဲ့ စပါးခွံတွေကြောင့် ချောင်းတွေ မြစ်တွေက တဖြည်းဖြည်း တိမ်လာစေတယ်။ ကျော်ဇံရွာကို လေ့လာမှု လုပ်ရတာက ဧရာဝတီမြစ် တံဖဲရွာကနေစပြီး ရွာပေါင်း ၂၇ ရွာကို တစ်ရွာချင်းရဲ့တွေ့ရှိချက်ကို ခြုံလိုက်တော့ တော်တော်များများ တူနေတဲ့ ရွာတွေရှိတယ်။ အရေးကြီးတဲ့ အချက်တွေကို စုလိုက်တော့ ကျော်ဇံ ကျေးရွာမှာ ရှိနေတဲ့အတွက် ဒီရွာမှာ လေ့လာမှုတွေ ပြုလုပ်တာ ဖြစ်တယ်” မြန်မာ့ ပြန်ပြည့်မြဲ စွမ်းအင်အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ဆိုသည်။                               
 

Most Read

Most Recent