နည်းနည်းလေးမှ မညစ်ပတ်ပါစေနဲ့

နည်းနည်းလေးမှ မညစ်ပတ်ပါစေနဲ့
Published 31 October 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

လူရယ်လို့ဖြစ်လာရင် အသီးသီး တာဝန်ဝတ္တရားတွေက အလိုအလျောက် ပခုံးပေါ် ရောက်လာကြတယ်။ လူပီသတဲ့ လူဖြစ်ဖို့အတွက် ကိုယ့်တာဝန် ကိုယ်ယူရတယ်၊ ကိုယ့်တာဝန် ကိုယ်ကျေရတယ်။ အားလုံးဟာ ကိုယ့် တာဝန် ကိုယ်ဆောင်ရွက်နေရတဲ့ ဝန်ဆောင် ပုဂ္ဂိုလ်တွေချည်းပဲ။ ထိုသို့ဆောင်ရွက်ရာမှာ ထိရောက်မှု ရှိစေရေးအတွက် ကရဏီယဓမ္မ- ပြုကျင့်လိုက်နာရမည့် တရား ၁၄ ပါး၊ အကရဏီယဓမ္မ- မပြုမလုပ် ရှောင်ကြဉ်ရမည့် တရားတစ်ပါးကို မေတ္တာသုတ် နိဒါန်းမှာ ပြဆိုထားတယ်။
ပြုကျင့်လိုက်နာရမည့် တရား ၁၄ ပါး ဆိုတာကတော့ -
၁။ သက္ကော- မိမိတာဝန်ယူ ဆောင်ရွက်တဲ့ ကိစ္စမှာ တတ်သူ၊ ကျွမ်းသူ၊ စွမ်းနိုင်သူ ဖြစ်ရမယ်။
၂။ ဥဇု- ကာယကံ ဝစီကံအားဖြင့် ရိုးဖြောင့်သူ ဖြစ်ရမယ်။
 ၃။ သုဟုဇု- မနောကံအားဖြင့် ရိုးဖြောင့်သူ ဖြစ်ရမယ်။
၄။  သုဝစော- ကောင်းသော စကားရှိသူ၊ ကောင်းသောစကားကို နာခံသူ၊ ဆုံးမရ လွယ်ကူသူ ဖြစ်ရမယ်။
၅။ မုဒု- နူးညံ့သိမ်မွေ့သူ ဖြစ်ရမယ်။
၆။အနတိမာနိ- မာန်မာန မကြီးသူ ဖြစ်ရမယ်။
၇။ သန္တုဿကော- ရပိုင်ခွင့်နှင့် စပ်၍ အတိုင်းအတာတစ်ခုမှာ ရောင့်ရဲနိုင်သူ ဖြစ်ရမယ်။
၈။ သုဘရော- စားဝတ်နေရေးနှင့် စပ်၍ မွေးမြူရ လွယ်ကူသူ၊ ကြေးမများသူ၊ ဇီဇာမကြောင်သူ ဖြစ်ရမယ်။
၉။ အပ္ပကိစ္စော- ကိစ္စနည်းသူ၊ အဓိက သာမည ခွဲခြား၍ အဓိက အလုပ်ကိုသာ အာရုံစိုက်သူဖြစ်ရမယ်။
၁၀။ သလဝဟုကဝုတ္တိ- လွတ်လပ်ပေါ့ပါးသော ဘဝအခင်းအကျင်း ရှိရမယ်။
၁၁။ သန္တိန္ဒြိ ယော- ဣန္ဒြေငြိမ်သက်သူ၊ လော်လီမှုကင်းသူ၊ လောဘဒေါသ အစွန်းမထွက်သူ ဖြစ်ရမယ်။
၁၂။ နိပကော - ရင့်ကျက် တည်ငြိမ်သူ ဖြစ်ရမယ်။
၁၃။ အပ္ပဂဗ္ဘော - ကိုယ်နှုတ်အမူအရာ ကြမ်းကြုတ်မှု၊ ကြမ်းတမ်းမှုကင်းသူ ဖြစ်ရမယ်။
၁၄။ ကုလေသွနာနုဂိဒ္ဓေါ- မိသားစုဆွေမျိုးစု နီးစပ်ရာတို့အပေါ်၌ ဆန္ဒာဂတိကင်းသူ ဖြစ်ရမယ်။
ဒါကတော့ ကရဏီယဓမ္မ- ပြုကျင့်လိုက်နာရမည့် တရား ၁၄ ပါးပေါ့။
အကရဏီယဓမ္မ- မပြုမလုပ် ရှောင်ကြဉ်ရမှာကတော့ တစ်ပါးတည်းပါပဲ။ နစခုဒ္ဒမာစရေကိံစိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ- ပညာရှိများ စွပ်စွဲကဲ့ရဲ့နိုင်တဲ့ မကောင်းမှုမျိုးဆိုရင် အသေးအဖွဲလေးသော်မှ မပြုမိပါစေနဲ့။ ဝါ နည်းနည်းလေးမှ မညစ်ပတ်ပါစေနဲ့တဲ့။
ဒီခေတ်ထဲမှာ သူဋ္ဌေးလည်း သူဋ္ဌေးအလျောက်၊ ဆင်းရဲသားလည်း ဆင်းရဲသားအလျောက် အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပြဿနာတွေ ကိုယ်စီနဲ့ပါပဲ။ ဒါကိုပဲ ခေတ်စကားက စိန်ခေါ်မှုလို့ သုံးပါတယ်။ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံအသီးသီးမှာလည်း စိန်ခေါ်မှုတွေ ကိုယ်စီနဲ့ပါပဲ။ ဒီထဲမှာ ကျုပ်တို့နိုင်ငံမှာတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဆိုတာက အဓိက စိန်ခေါ်မှုပေါ့။
အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် ကိုယ်စီကိုယ်စီ လိုအပ်တာက ခုပြောခဲ့တဲ့ ၁၄ ချက်ပါပဲ။ ဒီထဲက စွမ်းနိုင်သူ ဖြစ်ရမယ်ဆိုတဲ့အချက်ကို အရင်ပြောပါ့ မယ်။ စွမ်းဆိုရာမှာ ကံစွမ်း၊ ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ စိတ်စွမ်း၊ စေတနာစွမ်း၊ ကိုယ်စွမ်းဉာဏ်စွမ်း အစွမ်းအစဟူသမျှ အားလုံး လိုအပ်ပါတယ်။
စွမ်းရည်သတ္တိရှိရမယ်၊ အရည်အချင်းရှိရမယ်၊ အရည်အချင်း ပြည့်မီရမယ်။ အလုပ်တစ်ခု လုပ်ရာမှာ တတ်မှ၊ ကျွမ်းမှ၊ စွမ်းမှ တူတူတန်တန် ဖြစ်မြောက် အောင်မြင်မှာ ဖြစ်ပါတယ်။ အရည်အချင်းဆိုတာ တတ်ကျွမ်းမှု၊ ကျွမ်းကျင်မှုပါပဲ။ အဲဒီတတ်ကျွမ်းမှု၊ ကျွမ်းကျင်မှုဟာ ၁၀ မျိုးရှိကြောင်း ပညာရှင်များက ဆိုပါတယ်။
၁။ မှန်ကန်စွာ စဉ်းစား ဆုံးဖြတ်တတ်သော ကျွမ်းကျင်မှု စွမ်းရည် ရှိရပါမယ်။
၂။ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်းတတ်သော ကျွမ်းကျင်မှု စွမ်းရည်ရှိ ရပါမယ်။
၃။ ကိုယ်ပိုင်ဉာဏ်ဖြင့် တည်ထွင်ကြံဆ စဉ်းစားနိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၄။ ခွဲခြမ်းစိတ်ဖြာ ဝေဖန် စဉ်းစားနိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၅။ ထိရောက်စွာ ပြောဆို ဆက်သွယ်နိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၆။  တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကောင်းမွန်စွာ ဆက်သွယ်နိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၇။ မိမိကိုယ်ကိုယ်မိမိ ဟုတ်တိုင်းမှန်စွာ သိရှိနားလည်နိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၈။ တစ်ဖက်သားကို စာနာနားလည် ပေးတတ်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၉။ စိတ်ခံစားမှုများကို ထိန်းသိမ်း ကွပ်ကဲနိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။
၁၀။ စိတ်ဖိစီးမှုများကို ထိန်းသိမ်းနိုင်သော ကျွမ်းကျင်မှုစွမ်းရည် ရှိရပါမယ်။ လူတော်တစ်ယောက်မှာ ရှိရမည့် အရည်အချင်းတွေပါ။ လူတော်တစ်ယောက်ဖြစ်ဖို့ တော်တော်တော့ လေ့ကျင့် ကြိုးစားယူရမည့် သဘောပါပဲ။
စွမ်းနိုင်သူဆိုတာ လူတော်ပေါ့။ လူတော်တစ်ယောက် လူကောင်းဖြစ်ဖို့အတွက် ကာယကံ ဝစီကံ မနောကံ ကံသုံးပါးလုံး ရိုးဖြောင့်ဖို့၊ အထူးတလည် ရိုးဖြောင့်ဖို့ လိုပါတယ်။ ကောင်းတဲ့စကား၊ ကောင်းတဲ့ အဆုံးအမ၊ ကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ ကျင့်သုံးဖို့ လိုပါတယ်။ စိတ်ဓာတ်တွေ၊ စိတ်နေစိတ်ထားတွေ နူးညံ့သိမ်မွေ့ဖို့၊ ပျော့ပျောင်းဖို့ လိုပါတယ်။ မောက်မာခြင်း၊ ခက်ထန်ခြင်း၊ ပလွှားခြင်း၊ ဝါကြွားခြင်း၊ မာန်မာနသဘောတွေ ကင်းဖို့လိုပါတယ်။ အထူးသဖြင့် လူ့ယဉ်ကျေးမှု မဏ္ဍိုင် ဂါရ၀ နိဝါတကို နားလည်ဖို့လိုပါတယ်။
ဂါရ၀ စိတ်ထား၊ နိဝါတ စိတ်ထား ရှိရပါမယ်။ မာနကို ခဝါချနိုင်တာက ဂါရ၀ နိဝါတပါပဲ။ ဒီခေတ်မှာ ခေတ်စားနေတဲ့ လူ့အခွင့်အရေး လေးစားရမယ်ဆိုတာ ဘုရားဟောတဲ့ အညမညဂါရဝပါပဲ။ အညမည ဂါရဝဆိုတာ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိကြဖို့ ဆိုလိုတာပါ။
ပစ္စည်းဥစ္စာ ရပိုင်ခွင့်တွေနဲ့ စပ်လို့ အတိုင်းအတာတစ်ခုမှာ တင်းတိမ် ရောင့်ရဲနိုင်ရမယ်။ တစ်သက်စာ လုံလောက် တော်ပြီပေါ့၊ တစ်သက်စာမက ဆယ်သက်စာလောက် ပိုင်ဆိုင်နေတာတောင် ဘာလို့ လောဘတွေ အတောမသတ်နိုင်ကြတာလဲ။ အလိုတော်ပြည့်ဆိုတာ ဘုရားရဟန္တာပဲရှိတယ်။ ကျန်တဲ့သူတွေ ဘယ်တော့မှ အလိုတော် မပြည့်နိုင်ဘူး။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားနဲ့ပဲ လောဘကို အရှိန်သတ်ကြရတာ။ စားဝတ်နေရေးကိစ္စ တွေ သိပ်ပြီးတော့ ဇာမချဲ့ပါနဲ့။ ကိုယ့်နိုင်ငံမှာ ဆင်းရဲ ငတ်ပြတ်နေသူတွေက အများစု။ သူတို့ကို အားနာဖို့ ကောင်းပါတယ်။
နိုင်ငံရေး လုပ်တယ်ဆိုတာ နိုင်ငံသား အားလုံးရဲ့အရေးကိုပဲ အဓိက ခေါင်းထဲ ထည့်လုပ်ရမယ်။ ကျန်တဲ့ သားရေး မယားရေး ဆွေရေးမျိုးရေး ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ရောထွေး ရှုပ်နေလို့မဖြစ်ဘူး။ နိုင်ငံသားတို့ အရေးက အဓိက၊ ကျန်တာက သာမညပဲ ဖြစ်ရမယ်။ နိုင်ငံသားတို့ အရေးကို ဦးဆောင်ဦးရွက် ပြုသူတွေဟာ စိတ်ဓာတ် တည်ကြည်ရမယ်၊ တည်ငြိမ်ရမယ်၊ အေးချမ်းရမယ်၊ ရင့်ကျက်ရမယ်။ စိတ်သာရှင်စော ဘုရားဟော၊ စိတ်စေတနာက အဓိကပါပဲ။ စိတ်ကောင်းရှိဖို့က ပထမ၊ စိတ်ကောင်း စေတနာကောင်း ရှိရင်ကို ခရီးက တစ်ဝက်လောက် ပေါက်နေပါပြီ။
အများအကျိုးကို ဆောင်ရွက်သူတွေဟာ ကာယကံ ဝစီကံ မနောကံတွေ ကြမ်းတမ်း ခက်ထန်လို့ မဖြစ်ပါဘူး။ အတတ်နိုင်ဆုံး နူးညံ့လို့၊ သိမ်မွေ့လို့၊ ပျော့ပျောင်းလို့၊ ယဉ်ကျေးလို့၊ ချိုသာလို့၊ ချေချေငံငံ ပြေပြေပြစ်ပြစ် ရှိလို့၊ အဲဒီလို ကံသုံးပါးစလုံး မေတ္တာပါမှ ဖြစ်မယ်။ ငါ့မိသားစု၊ ငါ့ဆွေမျိုးစု၊ ငါ့အုပ်စုဆိုတဲ့ ဆန္ဒာဂတိ အစွဲတွေ ကင်းရှင်းဖို့ အထူးလိုအပ်ပါတယ်။ ခေတ်ကာလမှာ ဖျက်မြင်းသဘော အသွင်ရောက်နေတဲ့ အမျိုးသားရေးဝါဒ စွဲပြင်းထန်မှု၊ အမျိုးသားရေး အစွန်းရောက်မှု ဆိုတာတွေလည်း အထူးသတိပြု ထိန်းကျောင်းသွားရမယ်။ ဒါက ကိစ္စရပ် တစ်ခုခုကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ဆောင်ရွက်သူတွေ လိုက်နာ ကျင့်သုံးကြရမည့် တရားတစ်ဆယ့် လေးပါးပေါ့။
လိုရင်းကို ချုပ်လိုက်ရင်တော့လည်း အကရဏီယဓမ္မ တစ်ပါးတည်းပါပဲ။ ပညာရှိတို့ စွပ်စွဲကဲ့ရဲ့နိုင်တဲ့ မကောင်းမှုမျိုးဆိုရင် အသေးအဖွဲလေးကိုသော်မှ မပြုပါနဲ့တဲ့။ မကောင်းမှုဆိုတာ အကုသိုလ်၊ အကုသိုလ်ဆို တာ ကဏှဓမ္မ- မည်းညစ်စေသောတရား၊ မည်းညစ်သောတရား၊ ညစ်ပတ်သောတရား။ အကုသိုလ်ဆိုတာ ညစ်ပတ်တယ်။ လောဘဒေါသ မကင်းနိုင်သမျှတော့ ညစ်ပတ်နေဦးမှာပါပဲ။ လောဘဒေါသကြီးလေ ပိုညစ်ပတ်လေပေါ့။ ဒါပေမဲ့ ညစ်ပတ်တာမှန်သမျှကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ ဒါ့ကြောင့် နည်းနည်းလေးမှ မညစ်ပတ်ပါစေနဲ့လို့ ဆိုလိုတာပါပဲ။

Most Read

Most Recent