ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခဲ့သည် ကိုလူဇော်စိုးဝင်းအား တရားစွဲဆိုရန် သက်သေ မခိုင်လုံသဖြင့် ပြန်လွှတ်

ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးခဲ့သည် ကိုလူဇော်စိုးဝင်းအား တရားစွဲဆိုရန် သက်သေ မခိုင်လုံသဖြင့် ပြန်လွှတ်
Published 30 October 2015
ပြည့်ဖြိုးအောင်

တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးအား Facebook လူမှုကွန်ရက်ပေါ်တွင် အကောင့်တုဖြင့် ပုတ်ခတ်ရေးသားထားသည့် ဓာတ်ပုံများ၊ ရေသားမှုများ ဖော်ပြသည်ဟုဆိုကာ ဖမ်းဆီးထားသော ကိုလူဇော်စိုးဝင်းအား တရားစွဲဆိုရန် သက်သေအထောက်အထား မခိုင်လုံသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃၀ ရက်တွင် ဒေါပုံမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ တရားစွဲဆိုရန် ခိုင်လုံသည့် သက်သေအထောက်အထား မရှိသည့်အတွက် ကိုလူဇော်စိုးဝင်းအား လွှတ်ပေးကြောင်း ဒေါပုံမြို့မရဲစခန်းမှ တင်ပြချက်အား တရားသူကြီးက တရားခွင်တွင် ဖတ်ကြားပေးခဲ့သည်။“ဒီအမှုနှင့် ပတ်သက်ပြီး ချုပ်ရက်ရမန်ယူပြီး စစ်ဆေးတယ်။ ပြီးတော့ နည်းပညာပိုင်းတွေနဲ့လည်း စစ်ဆေးတဲ့အခါ အဲဒီအကောင့်က သူ့အကောင့် မဟုတ်ဘဲ တခြားအကောင့် ဖြစ်နေတယ်။ အမှု တည်ဆောက်ဖို့ ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိသည့်အတွက် လွှတ်လိုက်ပါတယ်” ဟု ဒေါပုံမြို့မ ရဲစခန်းမှ အမှုစစ် ရဲအရာရှိက ပြောကြားသည်။Facebook တွင် Zaw Htoo Mg ဆိုသည့် အကောင့်မှ တပ်မတော် ခေါင်းဆောင်ပိုင်းအား ပုတ်ခတ်သည့် ရေးသားဖော်ပြမှုခဲ့ကြောင်းနှင့် ယင်းအကောင့်၏ ကာဗာဓာတ်ပုံ နေရာတွင် ကိုလူဇော်စိုးဝင်း၏ မှတ်ပုံတင်အား အသုံးပြု ဖော်ပြထားခြင်းကြောင့် ထိန်းသိမ်းစစ်ဆေးခြင်း ဖြစ်ကြောင်းနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အရေးယူ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေါပုံမြို့မ ရဲစခန်းမှ သိရသည်။“ကျွန်တော်ကို ဒီနေ့ အမှုနှင့် ပတ်သက်လို့ အထောက်အထား အခိုင်အလုံ မရှိတဲ့ အတွက်ကြောင့် လွှတ်ပေးလိုက်ပါတယ်” ဟု ကိုလူဇော်စိုးဝင်းက ပြောကြားသည်။ကိုလူဇော်စိုးဝင်းသည် Facebook ပေါ်တွင် တပ်မတော်နှင့် ပတ်သက်၍ ပုတ်ခတ်သည့် ဖော်ပြမှုများကြောင့် စတုတ္ထမြောက် အရေးယူခံသူ ဖြစ်ခဲ့ပြီး ပထမဦးစွာ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးအား လည်းကောင်း၊ မအူပင်မြို့နယ်နေ မချောစန္ဒီထွန်းအား လည်းကောင်း၊ လှိုင်မြို့နယ်နေ ကချင်အမျိုးသား ဦးခွန်ဂျာလီအားလည်းကောင်း အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေတို့ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent