မဲပေးဖို့ ပြန်ခဲ့တယ်

မဲပေးဖို့ ပြန်ခဲ့တယ်
Published 23 October 2015
မောင်စံပေါ

(၁) အဆင်ပြေတဲ့အခါ ခရီးသွား တတ်ပါတယ်။ ကျန်းမာရေးကလည်း ကောင်း၊ အကြောင်းအပေါင်းကလည်း ပြည့်စုံ၊ အခွင့်အရေးကလည်း ကြုံချိန်တွေပေါ့။
(၂) ငယ်ငယ်တုန်းကတော့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး လေယာဉ်ပျံကြီး စီးလိုက်ရရင် ရယ်လို့ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်။ ရထားလောက်သာ စီးဖူးခဲ့ပြီး ရထားစီးရင်း အီအီးပါ ဖူးတာလောက်သာ အတွေ့အကြုံ ရှိခဲ့တာဆိုတော့ လေယာဉ်ပေါ်က အီအီးပါချရင် ဘယ်လိုနေမလဲ အောက်မေ့ခဲ့တာပေါ့။ တွေးမိတာပေါ့။ စစ်ကိုင်းမှာ ငယ်ငယ်ကနေစဉ် စစ်ကိုင်းတံတားပေါ်မှာ ရထားလာနေချိန်နဲ့ ကြုံရင် တံတားအောက်က မဖြတ်ရဲခဲ့တာ အမှန်။ မတော်တဆ အီအီးတုံးတွေများ ခေါင်းပေါ်ကျလာမလား။ ရှူရှူးတွေများ စိုသွားမလားဆိုပြီး စိုးရွံ့ခဲ့တယ်။ ရထားဖြတ်ပြီးအောင် စောင့်ပြီးမှ စိတ်ချလက်ချ သွားရဲခဲ့တာ။
(၃) ဒါပေမဲ့ ရထားစီးရတာကိုတော့ သဘောကျခဲ့တယ်။ သက်သောင့်သက်သာ ရှိတာရယ်၊ မတော်တဆဖြစ်ဖို့ အခွင့်အလမ်း နည်းတာရယ် ကြောင့်ပါ။ မော်တော်ကားကိုက ဒုတိယပေါ့။ လှေ၊ သင်္ဘောတွေက တတိယ။ ဦးစားပေး အစီအစဉ်က အဲဒီလို ရှိခဲ့တယ်။
ကြီးလာချိန်မှာ လေယာဉ်စီးခွင့် ကြုံလာတော့ လေယာဉ်က ခရီးသွားယာဉ် ဦးစားပေး အစီအစဉ်မှာ စတုတ္ထဖြစ်ခဲ့တယ်။ နောက်မှရောက်လို့ စတုတ္ထဖြစ်ရတာတော့ မဟုတ်ပါဘူး။ ကြောက်ကို ကြောက်လို့ပါ။ ဟုတ်တယ်လေဗျာ။ မြေပေါ်မှာ၊ ရေပေါ်မှာက တစ်ခုခု မတော်တဆဖြစ်ရင် ထွက်ပြေးခွင့်၊ ကြိုးစားခွင့်က အများကြီး ရှိတယ်လေ။ လေယာဉ်ပျံဆိုတာမျိုးက ဖြစ်ပဟဆိုရင် မပြန်လမ်းက ခပ်များများ။ တာ့တာဆိုပြီး နှုတ်ဆက်ခွင့်တောင် သာတာမဟုတ်။
(၄) အဲဒီတော့ လေယာဉ်စီးရင် ကြောက်တတ်ပါတယ်။ မစီးလို့မရတဲ့ ခရီးတွေမှာ ဘုရားစာ ဆိုရင်းနဲ့ အိပ်ပါတယ်။ အကျင့်ရလာတာ ကြာတော့ လေယာဉ်ပေါ်ရောက်ပြီး ဘုရားစာ အနည်းအကျဉ်း ရွတ်ဖတ်ပြီးချိန်မှာ အိပ်မောကျပါရော။ လေယာဉ်က ကျွေးတာ ထစား၊ အပေါ့အပါးသွား၊ ပြန်အိပ်နဲ့ ခရီးဆုံး တိုင်ခဲ့တာပေါ့။ ခရီးတာ အနီးအဝေး ပေါ်မူတည်ပြီး ဖြစ်စဉ်အကြိမ် အရေအတွက် အနည်းအများတော့ ကွာသပေါ့ဗျာ။
(၅) အခု အောက်တိုဘာ လဆန်းပိုင်းမှာ ပြည်ပ ခရီးရှည်တစ်ခု သွားဖြစ်ခဲ့ပါတယ်။ အသွားရော အပြန်ပါ ဒူဘိုင်းမှာ လေယာဉ်ပြောင်းစီး ရပါတယ်။ လေယာဉ်အကူးအပြောင်း စောင့်ဆိုင်းချိန်က ၁၃ နာရီ ကျော်ကျော် ကြာပါတယ်။ အသွားမှာ ဘာမှထွေထွေ ထူးထူး ပြောပြစရာ မရှိလှပါဘူး။ ပြောစရာ ရခဲ့တာက အပြန်မှာ။
(၆) ဒူဘိုင်းကနေ ဘန်ကောက်အပြန်မှာ ထိုင်ခုံကပ်ရက် ကျတာက မြန်မာလူငယ်လေး တစ်ယောက်ပါ။ ထိုင်ကာစက သူ့ကိုကိုယ်က မြန်မာမှန်းမသိ၊ သူကကိုယ့်ကို မြန်မာမှန်း မသိနဲ့ပေါ့။ ဖိလစ်ပိုင်တွေ အိမ်ပြန်ကြတာလည်း အများကြီး၊ ရုပ်ကလည်း ခပ်ဆင်ဆင်တွေ ဆိုတော့ ဖိလစ်ပိုင်လို့ ထင်ခဲ့တာ။ လေယာဉ်ပေါ် အထိုင်ကျ ထိုင်ခုံခါးပတ် ပတ်ပြီးတာနဲ့ လယ်တီ ဆရာတော်ကြီးရဲ့မဟာသရဏဂုံတော်ကြီး ပါဠိစာအုပ်ထုတ်ပြီး စိတ်ထဲကနေ ရွတ်ဖတ် ပူဇော်ပါတယ်။ ပြီးလို့ စာအုပ်လေး သိမ်းချိန်မှာ သူက မြန်မာလို နှုတ်ဆက် စကားပြောတော့မှ မြန်မာမှန်းသိရတာ။ ဒါနဲ့ အမျိုးစပ်ကြ၊ ပြောကြ ဆိုကြပေါ့ဗျာ။ သူ့ဇာတ်လမ်း ကလေးကလည်း စိတ်ဝင်စားစရာဗျ။ အဆာသွတ် ရေးဖွဲ့ပြီး အကယ်ဒမီ မီးပွားများ ပေးလိုက်လို့ကတော့ ရုပ်ရှင်ကား တစ်ကား ကောင်းကောင်း ထွက်လာနိုင်တာပေါ့။ ထားပါဗျာ၊ သူပြောတာလေး တချို့ ပြန်ပြောပြပါရစေ။
(၇) ကျွန်တော်က အစက စင်ကာပူမှာ အလုပ်လုပ်တာ အစ်ကိုကြီးရ။ Marina Bayu ဟိုတယ်ကြီး (Marina Bay Sands Hotel) ကို အစ်ကိုကြီး သိမှာပါ။ တိုင်ကြီး သုံးချောင်းပေါ်မှာ လှေကြီးတင်ထားသလို ဆောက်ထားတာလေ။ ကာစီနို (Casino) လောင်းကစား ဝိုင်းကြီးတွေရှိတဲ့ ဟိုတယ်ကြီးပေါ့။ ဟုတ်တယ်ဗျ။ ကာစီနို Marina Bay Sands Casino) မှာ လုပ်တာပေါ့။ အကြီးကြီးဗျာ။ လောင်းကစား စက်တွေက ၂၃၀၀ ကျော်၊ လောင်းကစား စားပွဲခုံတွေက ၅၅၀ ကျော် ရှိတယ်။ အဲဒီမှာ ကျွန်တော်က ရူးလက်ဝိုင်းမှာ အလုပ်လုပ်ရတယ်။ ဂေါ်လီလှိမ့်ရတယ်။
ရူးလက် (Roulette) ဆိုတာက ပြောရရင် အစ်ကိုကြီးရယ်၊ သုံးဆယ့်ခြောက်ကောင် လိုမျိုးပေါ့။ ခုံအဝိုင်းမှာ ဂဏန်း ၃၇ လုံး ရှိတယ်။ ၁ ကနေ ၃၆ အထိရယ်၊ ၀ (သုည) ရယ်။ အဲဒီမှာ အနီက ၁၈ ကွက်၊ အနက်က ၁၈ ကွက် ရှိတယ်။  ၀ (သုည)ကတော့ အစိမ်းရောင်။ တချို့ ဝိုင်းတွေက ၀ (သုည)ရယ်၊ ၀၀ (သုညနှစ်လုံး) ရယ်ဆိုပြီး အစိမ်းနှစ်ကွက် ထားကြတယ်။ အများအားဖြင့်တော့ ၀ (သုည) တစ်လုံးပဲ ထားကြပါတယ်။ ဂေါ်လီလုံးလေးက ကိုယ်ထိုးတဲ့ ဂဏန်းကွက်မှာ ကျရင် ၃၅ ဆ အလျော်ရတယ်။
လောင်းကစား ဝိုင်းတွေလား။ အများကြီးပေါ့ အစ်ကိုကြီး။ တွမ်တီဝမ်းလိုမျိုး  (Black Jack) တွေ၊ တစ်ချပ်မှောက်လိုမျိုး (Poker) တွေ၊ ဖဲတစ်ချပ်ချင်း လှန်တာ (Casino War) တွေ၊ အန်စာခေါက်တာ (Sic Bo) တွေ၊ အန်စာ ပစ်တာတွေ၊ Money Wheel၊ 3 Card Poker၊ Pontoon အစုံပါပဲ အစ်ကိုကြီးရာ။ အရင်းနည်းနည်းနဲ့ ကြာကြာ ဖီလင်ခံ ကစားချင်တဲ့ သူတွေက ရူးလက် ကစားကြတယ်။ မြန်မြန်ဆန်ဆန် အရှုံးအနိုင်ပေါ်ချင်ကြတဲ့ လူတွေ၊ ငွေများများနဲ့ ကစားကြတဲ့ လူတွေက ဘာကာရက် (Baccarat) ကစားကြတယ်။
ဘာကာရက်က ကျွန်တော်တို့တွေ သိတဲ့ ရှမ်းကိုးမီး ဆန်ဆန်ဆိုပေမယ့် လုံး၀ ရာနှုန်းပြည့်တော့ မတူပါဘူး။ အဆတွေ မရှိဘူး။ နှစ်ချပ်ဝေတာ တူတယ်။ ပေါင်းလဒ် ရှစ်၊ ကိုးဆိုရင် တစ်ခါတည်း အလျော်အစား လုပ်တယ်။ အပွင့်နည်းရင် တစ်ချပ် ဆွဲခွင့်ပေးတယ်။ ဒိုင် (Banker) နဲ့ ထိုးသား (Player) မှာ ကြိုက်ရာ ထိုးလို့ရတယ်။
(၈) ဘာကာရက် ဆိုလို့ ပြောရဦးမယ်။ ကျွန်တော့် ရည်စားကောင်မလေးက ဘာကာရက်ဝိုင်းမှာ အလုပ်လုပ်တယ်။ ဖဲဝေတယ်။ ဘာကာရက်ကြောင့် ကျွန်တော်တို့ နှစ်ယောက်တွေ့သိပြီး ရည်းစားဖြစ်ခဲ့ကြတယ်။ ဘာကာရက်ကြောင့် ကွဲခဲ့ကြတယ်။
ကျွန်တော့် ကောင်မလေးကလည်း ကျွန်တော့်လို ငွေကြေး အဆင်မပြေတဲ့၊ မပြည့်စုံတဲ့ မိသားစုကပါ။ ကျွန်တော်က ကျွန်တော့်အိမ်ကို လစဉ်ပိုက်ဆံ ပြန်ပို့ရသလို သူလည်း လစဉ် ပြန်ပို့ရတယ်။ ဒါမှလည်း မြန်မာပြည်မှာ ကျန်နေတဲ့ မိသားစုတွေ အသက်ရှူခွင့်သာမှာလေ။
အဲဒါကြောင့် ကျွန်တော်တို့ ယူပြီးရင်တောင်မှ သူ့အိမ်ကိုယ့်အိမ် ဆက်ထောက်ပံ့ကြကြေး၊ စိတ်မကွက်ကြေး ဘာညာ သဘောတူခဲ့ကြတာ။ ကံကြမ္မာ အလျောက် တွေ့ခဲ့ကြတာလို့ ပြောရမလားပဲ။ အဲဒီကံကြမ္မာကြောင့်ပဲ ကျွန်တော်တို့ ကွဲခဲ့ကြတယ်။
(၉) ပြောပြမယ် အစ်ကိုကြီးရေ။ ကာစီနိုမှာ မြန်မာဆိုရင် အထင်ကြီးကြတယ်။ ကြီးရအောင်လည်း ဒေါ်လာ သန်းဂဏန်း အရှုံးကို ကျွန်တော်တို့ ပိုက်ဆံ ၁၀၀ တန်တစ်ရွက် ကျပျောက်သွားသလောက် အောက်မေ့တဲ့၊ အပြုံးမပျက်တဲ့ သူဋ္ဌေးတွေ အများကြီးလာ ကစားကြတာကိုး။ သူတို့က ကာစီနိုမှာ အလွန့်အလွန် အထူး အရေးကြီး ပုဂ္ဂိုလ် (VVIP) စာရင်းဝင်တွေလေ။ သူတို့တွေ လာကစားရင် ကျွန်တော်တို့ ဝန်ထမ်းတွေ ပျော်တယ်။ မုန့်ဖိုးတွေ အများကြီးပေးတယ်။ သူတို့က ဒေါ်လာကို မြန်မာငွေလိုမျိုး သဘောထား သုံးနေပေးနေ ကြတာဗျ။ သူတို့အတွက် ဒေါ်လာတစ်ထောင်ဆိုတာ ကျပ်တစ်ထောင်လောက်ပဲ စိတ်ထဲရှိမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်တို့ ရွာမှာက ကျပ်ကို ဒေါ်လာလို သုံးနေကြရတာ။
သူတို့က ဒေါ်လာ သန်းဂဏန်းကို အေးအေးဆေးဆေး လာလောင်းကစား နေတာဆိုတော့ ကာစီနိုကလည်း အရမ်းဂရုစိုက်တယ်။ လေယာဉ်လက်မှတ်ကို အကောင်းဆုံး အထူးတန်းကနေ ပို့ပေးတယ်။ ဟိုတယ်က ဈေးအကြီးဆုံး အကောင်းဆုံး အခန်းမှာ ထားပေးတယ်။ အစားအသောက်ဆိုလည်း အကောင်းဆုံး စီစဉ်ပေးတယ်။ ယမကာဆိုလည်း ဈေးကြီးပေ့ဆိုတဲ့ ဘလူးလေဘယ် ဝီစကီတို့၊ လူဝီ၁၃ ကော့ညက်တို့က အစ သောက်ချင်သလောက် ရေသောက်သလို သောက်ဖို့ ပေးထားတယ်။ အဲဒါအားလုံးကို ကာစီနိုက သူတို့အတွက် အလကား ပေးထားတာ။ သူတို့လောင်းကစားတဲ့ နေရာကလည်း သီးသန့် အထူးခန်းတွေ၊ တော်ရုံတန်ရုံလူ အနားတောင် ကပ်ရတဲ့ နေရာတွေ မဟုတ်ဘူး။ လောင်းရင်လည်း တစ်လှည့်ကို ဒေါ်လာငါးသောင်း အနည်းဆုံး လောင်းရတာ။ သူတို့ အများဆုံး လောင်းကစားတာက ဘာကာရက်။
(၁၀) တိုတိုပြောကြပါစို့ အစ်ကိုကြီးရယ်။ ကျွန်တော့် ကောင်မလေးက တော်တော်ကို ချောတယ်။ သွက်သွက် လက်လက်လည်း ရှိတယ်။ သူ့ကို ဧည့်သည်တွေ တော်တော်များများက သဘောကျကြတော့ သူက ဗီဗီအိုင်ပီ အခန်းတွေမှာ ဖဲဝေရတယ်။ အဲဒီမှာတင် လာကစားတဲ့ ‘ရွှေ’ သူဋ္ဌေးကြီး တစ်ယောက်နဲ့ ငြိပြီး နောက်တော့ အလုပ်ပါ ထွက်သွားတယ်။ ကျွန်တော်နဲ့လည်း ပြတ်သွားတော့တာပေါ့။ (စင်ကာပူရောက် မြန်မာများက ကိုယ့်လူမျိုးကို  ‘ရွှေ’ ၊ ဖိလစ်ပိုင်ဆိုရင် ‘ဖ’ ၊ အင်ဒိုနီးရှားဆိုရင် ‘အ’ ၊ ထိုင်းဆိုရင် ‘ယ’ စသဖြင့် ဘန်းစကားနဲ့ ခေါ်ကြ သုံးစွဲကြပါတယ်။)
ကျွန်တော်လည်း အသည်းကွဲပြီး နောက်ဆုံး စင်ကာပူမှာလည်း မနေချင်တော့တာနဲ့ ဒူဘိုင်းက ဟိုတယ်မှာ အလုပ်လျှောက်တယ်။ ရတော့ ပြောင်းပြီး အလုပ်လုပ်ခဲ့တာ။ ဒူဘိုင်းမှာတော့ စားပွဲထိုးပေါ့ အစ်ကိုကြီး။ လစာလည်း ကောင်းပါတယ်။ အပိုလည်း သိပ်မကုန်ဘူး။ ကာစီနိုမှာလောက် ဘောက်ဆူးတွေ၊ မုန့်ဖိုးတွေတော့ မရဘူးပေါ့ဗျာ။
(၁၁) အခုက ခွင့်ပြန်မှာ။ အညာက ရွာကိုပြန်မှာ။ ကျွန်တော်တို့ ရွာက အတော်ပူပါတယ်။ ရေလည်းရှားတယ်။ ထမင်းဟင်းချက်ဖို့ ထင်းကလည်း အတော်ရှားနေပြီ။ ထနောင်းပင်တွေ တောင်မှ ဈေးကောင်းရလို့ဆိုပြီး တူးရောင်း လိုက်ကြတာ အခုဆို သစ်ပင်စိမ်းစိမ်း မြင်ရဖို့ ခက်လာပြီ။ အပြင် အပေါ်ယံမှာ ဒူဘိုင်းနဲ့ တူလာနေပြီ။ ခက်တာက ဒူဘိုင်းလို မချမ်းသာကြတော့ မီးမရသေးဘူး။ လေအေးစက်ဝေးပေါ့။ ထမင်းကို လျှပ်စစ်ပေါင်းအိုးနဲ့ ချက်မရဘူး။ ရေကို ဘုံဘိုင်ခေါင်း ဖွင့်ရုံနဲ့ မရဘူး။ ဟင်းချက်ဖို့ ဂက်စ်မရှိဘူး။ မျက်စိရှေ့မှာတင် ကျွန်တော်တို့ရွာ ပိုဆင်းရဲလာတယ်။
(၁၂) ပိုဆိုးတာက ကျွန်တော်တို့ ရွာကလူတွေ အမြင်ဆင်းရဲလာတာ။ အသိတရား ဆင်းရဲလာတာ။ ဗဟုသုတ ဆင်းရဲလာတာ။ အတွေးအခေါ် ဆင်းရဲလာတာ။ ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးတယ်။ ရိုးတာကောင်းတယ်။ ဒါပေမဲ့ မ,အအောင်နေတဲ့။
ရွာကလူတွေက ရိုးတယ်။ အ,တယ်။ တုံးတယ်။ ဒီလိုနဲ့ သုံးမရတော့ဘူး။ အပြောကောင်းရင် ယုံပါလေရော။ မှိုင်းတိုက်ရင် လွင့်ပါလေရော။ အခု ကျွန်တော် ခွင့်တစ်လယူပြီး ပြန်လာတာ။ ရွာမပြန်ဖြစ်တာ ကြာတာက တစ်ကြောင်းပါတယ်။ ဒါပေမဲ့ အဓိက,ကတော့ အစ်ကိုကြီးရယ် မဲပြန်ပေးမလို့ပါ။ နောက်ပြီး ရွာက ကျွန်တော့် အမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေကို ကျွန်တော့် အတွေ့အကြုံ၊ ဗဟုသုတနဲ့ အမြင်တွေ မျှဝေချင်လို့ပါ။ အထဲက အမြင်နဲ့ အပြင်က အမြင် ဆိုတာကွာတယ် မဟုတ်လား။
(၁၃) အဲဒီလိုဆိုရင် သူတို့ပြောမယ့် စကားကို ကျွန်တော် ကြိုသိနေတယ်။ မင်းက ကံကောင်းတာကိုးကွ။ နိုင်ငံခြားမှာ လစာကောင်းကောင်းနဲ့ အလုပ်သွားလုပ် ရတာကိုးလို့ ပြောမယ်။ ကံရဲ့ အဓိပ္ပာယ်ကို သူတို့ နားလည်သလို ဖွင့်ဆိုပြီး ငြင်းမယ်။ ရွာက ယာတွေဆုတ်ကုန်တာ ကံကြောင့်လို့ ပြောမယ်။ ရာသီဥတုတွေ ပိုဆိုးလာတာ ကံကြောင့်လို့ ပြောမယ်။ သစ်တောတွေ ပြုန်းကုန်တာကြောင့်လို့ သိတဲ့ လူနည်းစုကလည်း ဆက်မစဉ်းစားချင်ကြဘူး။ ဘာကြောင့်မို့ ဒါတွေဖြစ်လာရတာလဲဆိုတာ အဖြေဆက် မထုတ်ချင်ဘူး။ မထုတ်တတ်ဘူး။
အခုရွေးကောက်ပွဲလည်း အတူတူပါပဲ။ ဘယ်သူနိုင်နိုင် ဘယ်အစိုးရ တက်တက် ငါတို့ အလုပ်လုပ်မှ ထမင်းစားရမှာ ဆိုတဲ့ လူတွေ အများကြီး။ အလုပ်လုပ်ရတာချင်း အတူတူ၊ ပင်ပန်းတာချင်း အတူတူ၊ စိတ်ချမ်းသာရမှု၊ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ရမှု ဆိုတာတွေ သူတို့ မသိကြဘူး။ တာဝန်အရ မလွှဲမရှောင်သာ နည်းနည်းလောက် လုပ်ပေးတာကို မဟာကျေးဇူးရှင်ကြီး ထင်နေတတ်ကြတယ်။ အများကြီးပါ အစ်ကိုကြီးရာ။ ဒါတွေကို ရသမျှ အချိန်ကလေးမှာ သူတို့တွေကို ဆွေးနွေးချင်တယ်။ ပြောပြချင်တယ်။         
ဘယ်သူ့ကို မဲပေးပါလို့ မဲမဆွယ်ပါဘူး။ကျွန်တော် ဘယ်ပါတီဝင်မှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ကို ဘာကြောင့်ရွေးသလဲ။ ဘာကြောင့် မဲပေးသလဲဆိုတဲ့ အကြောင်းရင်းခံ တရားကို ကျွန်တော်တို့ ရွာသားတွေ ရင်ထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြစ်စေချင်တယ်။ လေနဲ့ ဝမ်း ကွဲစေချင်တယ်။
(၁၄) နောက်ပြီးတော့ ရွာမှာ မျဉ်းတောင်မှ ဖြောင့်ဖြောင့် မဆွဲတတ်တဲ့ သူတွေ အများကြီး။ တံဆိပ်တုံးကို သေသေချာချာ နှိပ်တတ်ဖို့ဆိုတာ ဝေးရော။ ကိုယ်ပေးချင်တဲ့ သူကို မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့၊ ကိုယ်ပေးလိုက်တဲ့ မဲ အကျိုးရှိဖို့၊ ပယ်မဲမဖြစ်ဖို့အတွက် ကျွန်တော် တတ်နိုင်တာ လုပ်ပေးချင်တယ်။ လေ့ကျင့်ပေးချင်တယ်။ ပြပေးချင်တယ်။
အဖေက ပြောတယ်။ သူငယ်ငယ်တုန်းက နေမကောင်းလို့  မြို့ကဆေးရုံသွားတက်ရင် ကြက်သား ဆန်ပြုတ် အလကား တိုက်တယ်။ ကြက်ဥဝေတယ်။ နွားနို့ အလကားရတယ်။ ဆေးအခမဲ့ ကုပေးတယ်။ လုပ်ကိုင် စားသောက်ရတာလည်း အဆင်ပြေတယ်။ ရာသီဥတု မျှတတယ်။ သူအသက်ကြီး လာတာနဲ့ အမျှ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်တဲ့။ ကျွန်တော် နိုင်ငံခြား အလုပ်သွား လုပ်မယ်ဆိုတော့ သူစိတ်မကောင်းဘူး။ ငါ့သားလေး သူစိမ်းတွေကြားမှာ ကျွန်သွားခံရတော့မယ်ဆိုပြီး မျက်ရည်ကျတယ်။ အလုပ်သွား လုပ်မှာပါ အဖေရဆို ပြောတော့ မထူးပါဘူးကွာ၊ စာလုံး အသုံးသာလွဲတာ။ ဒါက ဒါပါပဲတဲ့။ အခုလည်း ကျွန်တော်က မိန်းမတောင် မယူနိုင်သေးဘူး။ အဖေက ငါ့မြေးလေးတွေ အလှည့်ကျရင်ဆို ကြိုတွေးနေပြီ။
ကျွန်တော်တို့ ဆင်းရဲခဲ့တယ်။ ကျွန်တော်တို့ ဆင်းရဲခဲ့တာ ကျနော့် တစ်သက်ရှိပြီ။
(၁၅) ဒူဘိုင်းကနေ ဘန်ကောက်ကို ခြောက်နာရီကျော်ကြာ လေယာဉ်ခရီးဟာ ခဏလေး လိုထင်လိုက်ရတယ်။ လေယာဉ်စီးရင် အိပ်တတ်တာတောင် အိပ်ဖို့မေ့သွားတယ်။ စကားပြောရင်းနဲ့ လေယာဉ်စီးတဲ့ အချိန်တွေဟာ အကုန်မြန်ခဲ့တယ်။ ပြောသာ ပြောတာပါ၊ သူက ပြောတာ ခပ်များများရယ်။ သူ့ရဲ့ ခံစားမှုနဲ့ စိတ်ထက်သန်မှုတွေက သူ့အသံမှာ ပေါ်နေတယ်။ တစ်ခါတစ်ခါ တုန်ခါလာတဲ့ အသံနဲ့ အတူ ဝဲလာတဲ့ မျက်ရည်ကို မမြင်ဟန်ဆောင်ရင်း နားထောင်ခဲ့တယ်။
စကား တစ်ပြောပြောနဲ့ ဘန်ကောက် ရောက်ခဲ့တယ်။ ရန်ကုန်ကို လေယာဉ်ပြောင်းစီးမယ့် လူငယ်လေး ဘန်ကောက် လေဆိပ်ထဲ မှာ ကျန်နေရစ်ခဲ့တယ်။ ဘန်ကောက်မြို့ထဲ ခဏဝင်ဖို့ရှိလို့ အပြင်ထွက်ခဲ့တယ်။
(၁၆) ရက်မရွှေ့ မပြောင်းတဲ့ ရွေးကောက်ပွဲကြီးက နီးလာပြီ။ အညာက ရွာတစ်ရွာမှာ လူငယ်လေးတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ မဲပေးဖို့ စောင့်ရင်း သူမျှဝေချင်တာတွေကို သူ့ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တော်တော် ပြောပြီးနေလောက်ပါပြီ။ သူ့ရွာသား တော်တော်များများလည်း တံဆိပ်တုံး ထုတတ်နေလောက်ပါပြီ။
သူအပြန် လေယာဉ်လက်မှတ်က နိုဝင်ဘာ ၁၁ ရက်နေ့ ဆိုတော့ တော်တော်လေး လိုပါသေးတယ်။ သွားလမ်းသာလို့ လာလမ်း ဖြောင့်ပါစေ။ အပြန်ခရီးမှာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ အလုပ်ခွင်ရှိရာ ဒူဘိုင်းကို ဘေးမသီရန် မခပြန် ရောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ 
 

Most Read

Most Recent