ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင်..တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၇)

ပဉ္စလက်ကကြိုး၊ ကြက်ဥအရောင်..တိမ်တောင်သဖွယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ (၇)
Published 20 October 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)

(၁၅-၁၀-၂၀၁၅) ရက်မှအဆက် ----->>>>>ဇွန်ပန်းရုံ အနီး၊ လှည်းတစ်စီး နွံနစ်နေသည်။ ဤသူငယ်တန်းဖတ်စာ စာပိုဒ်ကလေးက ဗမာပြည် သရုပ်သကန်ကို ဖော်ကျူးနေသည်။ သဘာဝတရား၏ လက်ဆောင် သယံဇာတ အလျှံပယ် ဇွန်ပန်းရုံ အနီးတွင် မြန်မာနိုင်ငံ လှည်းအိုကြီး နွံနစ်နေသည်။ ပြည်တွင်း စစ်နွံ၊ စစ်အာဏာရှင် စနစ်နွံ၊ ဆင်းရဲတွင်း နွံကြီးများအတွင်း နစ်နေခြင်းဖြစ်သည်။၁၉၄၈ လွတ်လပ်ရေးနှင့်အတူ တပါးတည်း ပူးကပ်ပါလာသော ပြည်တွင်းစစ်ကြီးက အနှစ် ၆၀ ကျော်ခဲ့ပြီ။ ကမ္ဘာ့သက်တမ်း အရှည်ဆုံး စစ်ပွဲကြီးဖြစ်သည်။ အေဒီ ၁၀၄၄ အနော်ရထာဘုရင် နန်းတက်သည့် ပုဂံရွှေပြည်ခေတ်မှ ယနေ့အချိန်အထိ စဉ်ဆက်မပြတ် ဖြေရှင်းနေရသော ပြဿနာကြီးနှစ်ရပ် ရှိသည်။ လူမျိုးစု ပြဿနာနှင့် မြေယာ ပြဿ နာပင်ဖြစ်သည်။ ၁၉၄၈ မတ်လတွင် ပြည်တွင်းစစ် စတင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံရှိ အဓိက လူမျိုးစု တိုင်းရင်းသားမှန်သမျှ နီးနီး လက်နက်စွဲကိုင် ပုန်ကန်လျက် ရှိသည်။ အမျိုးသား သွေးစည်းညီညွတ်မှု ပြိုကွဲခြင်း၏ လက္ခဏာချက်ပင်တည်း။ ပြည်တွင်းစစ်ကြီးတွင် တပ်မတော်သားတစ်ယောက် ကျဆုံးသွားတိုင်း သူပုန်တစ်ယောက် ကျဆုံးသွားတိုင်း ပြည်ထောင်စုသားတစ်ယောက် ဆုံးရှုံးသွားရခြင်းသာဖြစ်သည်။ ကျည်တစ်တောင့် ပစ်ခတ်လိုက်တိုင်း ပြည်သူတို့၏ ထမင်းတစ်လုတ် ပြုတ်ကျသွားရခြင်းသာဖြစ်သည်။ စစ်မီးလျှံကြီးအတွင်း ကုန်ထုတ် အရင်းအနှီး မှန်သမျှ ဝါးမျိုခံရ ပြာကျခဲ့ရပါပြီ။ယင်းအကျိုးဆက်အဖြစ် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ဒေသတွင်း အဆင်းရဲဆုံး နံပါတ်တစ်၊ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု နံပါတ်နှစ်၊ သစ်တောပြုန်းတီးမှု နံပါတ် ၃၊ အဂတိ လိုက်စားမှု တရားဥပဒေ စိုးမိုးမှု အဆင့် ၁၄၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့် ၁၉၁ ဖြစ်နေသည်။ အမျိုးသားပို့ကုန်မှာ အိမ်ဖော်နှင့် ဘုံကျွန် ဖြစ်ပါသည်။ဤအတွက် ဦးသိန်းစိန် အစိုးရ တစ်ဖွဲ့တည်းကို အပြစ်တင်လျှင် တရားမျှတလိမ့်မည် မဟုတ်ပါ။ ကုလားအုတ် ခါးရိုးကျိုးစေသော ကောက်ရိုးတစ်မျှင်၊ ငါးတကာယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းပေါ် ပံုံခြင်းပင်တည်း။  ဦးသိန်းစိန်ကို အကဲဖြတ်ပါက ထူးခြားချက် သုံးချက် တွေ့ရမည် ဖြစ်ပါသည်။ ပထမ အချက်မှာ အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် မတူဘဲ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဒုတိယ အချက်မှာ LDC ဘဝ၏ ဆိုးရွားမှုကို အသိအမှတ်ပြု လက်ခံ၍ ရုန်းထွက်လိုခြင်း (ဗိုလ်ချုပ်မှူးကြီး စောမောင်ဆိုလျှင် ဆင်းရဲသား ဖြစ်ရတာ ဘာတွေ အကျိုးရှိတယ်ဆိုတာ သိရဲ့လားဟု LDC ဖြစ်ခြင်းကို ရှက်ရမှန်းမသိ ကြွားပင်ကြွားလိုက်သေးသည်။) တတိယအချက် ငြိမ်းချမ်းရေးကို အဓိကဦးတည် ဆောင်ရွက်လိုခြင်းပင် ဖြစ်သည်။ဆိုပြီးခဲ့သည့်အတိုင်း ရာစုနှင့်ချီ အမြစ်တွယ်ခဲ့သော ပြဿနာများကို တစ်ထိုင်တည်း ဖြေရှင်းလို၍ မရပါ။ ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော် ဖြစ်လာဖို့ဆိုလျှင် အကြီးအကျယ် ခက်ခက်ခဲခဲ ဆောင်ရွက်ကြရဦးမည်။စစ်အာဏာရှင် စနစ်၏ မွေးရာပါ လက္ခဏာချက်အရ ပြည်တွင်းစစ် ဆင်နွှဲရမည်ဖြစ်ရာ အနှစ်သာရအရ အရည်အချင်းအရ ပြောင်းလဲနိုင်မှ ရပေမည်။ ပြောင်းလဲမှု မလိုလားသူ အခွင့်ထူးခံအုပ်စု (Military Elite) များလည်း ရှိနိုင်ပေသည်။ ဤအခြေအနေတွင် တစ်မျိုးသားလုံး အင်အားစုအားလုံး နိုးကြားပါဝင်မှ ညီညွတ်ပူးပေါင်းမှ ဖြစ်နိုင်ပေလိမ့်မည်။ အမျိုးသား တန်းတူမှု (Racial Equality) အပေါ်တွင်သာ အမျိုးသား သွေးစည်းညီညွတ်မှု (National Solidarity) တည်ဆောက်နိုင်ပေလိမ့်မည်။ စစ်မှငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှစစ် ကူးပြောင်းမှုများကိုလည်း မလွှဲမရှောင်သာပါ။ 
 
■ လမ်းစဉ်မှန်နှင့် အလားအလာယခု အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်ရပ်စဲမှု NCA (Nationwide Ceasefire Agreement) ကို လူမျိုးစု လက်နက်ကိုင် ရှစ်ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးကြသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အလွန်ခက်ခဲ သိမ့်မွေ့မည် ဆိုသည်ကိုကား ယုံမှားဖွယ် မရှိပါ။ သဘောကွဲမှုများကို နိုင်ငံရေးနည်း (Political Means) အရ ဖြေရှင်းမည်ဟု နှစ်ဦးနှစ်ဖက် သန္နိဋ္ဌာန် ချနိုင်ခြင်းမှာ အနှစ်သာရ အရည်အသွေးအရ တိုးတက်မှုဖြစ်သည်။ ယင်းမှ နိုင်ငံရေးမူဘောင် (Political Frame work) ချမှတ်ပြီး လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေမည်ဟု ဆိုသည်။ဖဆပလ ၁၀ နှစ် ၁၀ မိုးခေတ်က ပြည်တွင်းစစ်ကို သောင်းကျန်းမှုဟု ယူဆခဲ့သည်။ အပြုတ်တိုက်ရေး လမ်းစဉ်ဖြင့် ဆူပူသောင်းကျန်းမှုကို အမြစ်ပြတ် ချေမှုန်းမည်ဟု သဘောထားခဲ့သည်။ အကြွင်းမဲ့ လက်နက်ချရေး၊ အကြွင်းမဲ့ အညံ့ခံရေး ပေါ်လစီဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတိုင်းကို ချဉ်းကပ်သဖြင့် ယင်းခေတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မဖြစ်နိုင်ခဲ့။ ၁၉၆၃ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် တော်လှန်ရေးကောင်စီနှင့် လက်နက်ကိုင် အင်အားစုများ၊ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (မဒညတ) တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း ဆွေးနွေးပွဲ ကာလအတွင်း တပ်များနေရာချထားမှု၊ ပုံမှန် လုပ်ဆောင်ချက် တာဝန် စသည့် အချက်များတွင်ပင် သဘောတူညီမှု မရဘဲ မဆွေးနွေးရခင် ပျက်ပြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၀ တွင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင်ကား ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟု မဆိုနိုင်။ လက်နက်ကိုင် အဖွဲ့များကို စီးပွားရေးမက်လုံး၊ အခွင့်အလမ်းတို့ဖြင့် ဆို့ထားပြီး နိုင်ငံရေး ကိစ္စကို နောက်အစိုးရနှင့်မှ ဆွေးနွေးပါဟူ၍ “လူမြင်ကောင်း ငြိမ်းချမ်းရေး” လုပ်ပြီး အချိန်ဆွဲခဲ့ခြင်းသာ ဖြစ်သည်။ယခု NCA တွင် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမည်ဟူ၍ နှစ်ဖက်သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ သမိုင်းတွင် အနှစ်သာရအရ တစ်ဆင့်တက်လာခြင်း ဖြစ်သည်ကိုကား အသိအမှတ် ပြုရပေမည်။ သို့ရာတွင် လက်နက်ကိုင် အင်အားစုအားလုံး ပါဝင်သည့် စာချုပ်၊ ရေရှည်တည်တံ့မည့် စာချုပ်ဖြစ်အောင် ရိုးရိုးသားသား သဘောထားကြီးကြီး နှစ်ဖက်စလုံးက ဆောင်ရွက်ရပေမည်။ ဤသို့ မဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်သည့် အနေဖြင့် “လက်ပူတိုက် ငြိမ်းချမ်းရေး” ဖော်ဆောင်ခြင်းတော့ မဖြစ်သင့်ပါ။ဤသည်မှာ လက်နက်ကိုင်ပဋိပက္ခ (Arms Conflict) နှင့် ပတ်သက်သော လုပ်ငန်းစဉ်  (Trend) ဖြစ်သည်။ လက်နက်ကိုင် အင်အားစုများနှင့်သာ သက်ဆိုင်သည်။ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီမက ချမှတ်ထားသော အလုံးစုံ လွှမ်းခြုံသည့် (လက်နက်ကိုင်ရော မကိုင်သူပါ) လုပ်ငန်းစဉ် ရှိသည်။ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ (တပ်မတော်၊ လူမျိုးစု လက်နက်ကိုင်များ)၊ နိုင်ငံချစ် ပုဂ္ဂိုလ်များ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ အင်အားစုများ အားလုံး ပါဝင်သည့် (All Stake-holders and all inclusive) ညီလာခံကြီး တစ်ရပ်က အနာဂတ်နိုင်ငံတော် ကံကြမ္မာကို ဆုံးဖြတ်စေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မည် သို့မဟုတ် အသစ်ရေးဆွဲမည် ဆိုခြင်းကို ညီလာခံကြီးက ဆုံးဖြတ်ရေး၊ အမျိုးသား တန်းတူမှုနှင့် အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးလမ်းစဉ် လုပ်ငန်းစဉ် ရှိပြီ ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ်ကြီး နှစ်ရပ်ကို ပေါင်းစပ်၍ မှန်ကန်သော ဘုံလုပ်ငန်းစဉ် ချမှတ်သင့်ပေသည်။ လက်နက်ကိုင် အင်အားစု သက်သက် သို့မဟုတ် နိုင်ငံရေး အင်အားစု သက်သက်ဖြင့် အလုံးစုံ လွှမ်းခြုံသော ဖြေရှင်းမှု (National Resolution) မရနိုင်ပါ။ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းဖြစ်ရာ တစ်ခု မရှိဘဲ တစ်ခု မရပ်တည်နိုင်။ ထို့ကြောင့် လူထုလမ်းစဉ်မှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေး လမ်းစဉ်ပင် ဖြစ်ပါသည်။ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီတွင် ၁၉၈၈ ကို ဖြတ်သန်းခဲ့ကြသော တိုက်ပွဲဝင် အင်အားစု အားလုံးနီးနီး ပါဝင်သည်။ ကော်မတီ၏ လုပ်ငန်းစဉ်များ အကန့်အသတ် ကြီးလှသည်။ မြန်မာပြည်နိုင်ငံရေးတွင် အရေးကြီးသည့် အင်အားစု တစ်ရပ်ဖြစ်သော “၈၈ ငြိမ်း/ပွင့်” က ကော်မတီက ထိုးအပ်သော ခေါင်းဆောင်မှုကို ထိထိရောက်ရောက် အသုံးမချ။ NLD နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုသာ အဓိက ထားခဲ့ကြောင်း တွေ့ရပေသည်။ ကြီးမားသော လူထုထောက်ခံမှုကို အသုံးချရန် အမှီအခိုကင်းသည့် နိုင်ငံရေး ပါတီတစ်ရပ်ထူ ထောင်ရန်လည်း ပျက်ကွက်ခဲ့ပေသည်။NCA ၏ အဓိက အချက်များမှာ ဆွေးနွေးပွဲ ကနဦး ကာလ၌ လက်နက်စွန့်ရန် မလို၊ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု ဆိုသည်။ NCA တွင် အခန်း ခုနစ်ခန်းနှင့် အပိုဒ်ပေါင်း ၃၃ ပုဒ် ပါရှိသည်။ အခန်း (၅) “နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ” ၌ အပိုဒ် ၂၂ တွင် “အားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခြင်း” နှင့် ပတ်သက်၍ ဖော်ပြထားသည်။ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ပညာရှင် အစုအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သင့် ပါဝင်ထိုက်သူများ သင့်တော်သော အချိုးအစားအလိုက် ပါဝင်ရန်ဟု ဖော်ပြထားသည်။ အလွန်ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်ပါသည်။သို့ရာတွင်...ဤသို့ရာတွင်က အတော်ကြီးကျယ်သည့် သို့ရာတွင် ဖြစ်ပါသည်။ အကြောင်းမူ “သုမနကျောမှာ ဒဏ်ရာတွေနဲ့ ..လှန်ကာလေ မပြလိုက်ချင်ဘု” ဟု ငိုချင်းချရမည့် အတွေ့အကြုံများ ရှိခဲ့၍ ဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်က ၁၅ နှစ်တိုင်တိုင် ကျင်းပခဲ့သော အမျိုးသားညီလာခံ ဆိုတာကြီးတွင် ဤအတိုင်း တခမ်းတနား ဖော်ပြထားခဲ့ပြီး တကယ် ကျင်းပတော့ အိတ်ဆွဲဖိနပ်ကိုင်များ၊ သြဇာခံ လက်ဝေခံများ၊ ပြည်သူကို ကိုယ်စားမပြုနိုင်သူများကို လက်တို့ခေါင်းခေါက် ခေါ်သွားခဲ့၍ ဖြစ်ပါသည်။ ထိုသူများနှင့် ကျင်းပခဲ့သည့်အပြင် အဆုံးအဖြတ်ပေးသည့် ထိပ်ဆုံးတွင် ကိုယ့်လူတွေနဲ့ချည်းသာ ဖွဲ့စည်းကျင်းပခဲ့ခြင်း ဖြစ်သည်ကို တစ်ကမ္ဘာလုံး မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။ ထိုညီလာခံမျိုး၏ ထွက်ကုန်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ယနေ့အချိန်ထိ တစ်တိုင်းပြည်လုံး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြရဆဲ ဖြစ်ပါသည်။ ယခု NCA သဘောတူညီချက်တွင်ပင် အဆိုပါ အခြေခံ ဥပဒေကို ညှိနှိုင်း၍ ပြန်လည်ပြင်ဆင်ပေးပါမည်ဟု ဖော်ပြနေရပါသည်။ထို့ကြောင့် ဤမျှ ကြီးကျယ်လှသော ပြဿနာများကို ဦးဆောင်ဖြေရှင်းနိုင်ရန်အတွက် NCA ပုဒ်မ ၂၂ တွင် ရည်ညွှန်းသည့် “အစိုးရ” ဆိုသည်မှာ ဘယ်အမျိုးအစား အစိုးရ ဖြစ်သင့်ပါသလဲ။ ပြည်သူ တစ်ရပ်လုံး တစ်ကမ္ဘာလုံးကိုယ်စား ယုံကြည်နိုင်သည့် အစိုးရ၊ မချစ်သော်လည်း အောင့်ကာနမ်း မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံနိုင်သည့် အစိုးရ၊ သမာသမတ် လူသာဓုခေါ် နတ်သာဓုခေါ် အစိုးရ ဖြစ်ရပါလိမ့်မည်။ထိုသို့သော အရည်အချင်း၊ ကြန်အင် လက္ခဏာနှင့် ပြည့်စုံသော အစိုးရတစ်ရပ်ကို ၂၀၁၅ ရွေးကောက်ပွဲအတွင်း ပြည်သူတို့ ရွေးချယ်ကြရလိမ့်မည်။ စင်စစ်အားဖြင့် ဤဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေး မဏ္ဍိုင်ကြီး (၃)ရပ်ကို ဖြေရှင်းဖော်ဆောင်နိုင်မည့် အစိုးရသည်.. တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ ပါဝင်သော “အမျိုးသား ညီညွတ်ရေး ညွန့်ပေါင်းအစိုးရ” (National Unity Coalition Government-NUCG) ဖြစ်သင့်ပါသည်။ ဤအစိုးရမျိုးကသာ သမိုင်း၏ ဆက်ထုံးများကို ဖြေလျော့နိုင်ပါလိမ့်မည်။ တစ်ပါတီ၊ တစ်တန်းစားကို ကိုယ်စားမပြုဘဲ တစ်မျိုးသားလုံး ကိုယ်စားပြုသော ဤအစိုးရမျိုး ပေါ်ပေါက်လာနိုင်စေရန် ကနဦး အဆင့်တွင် ကျွန်တော်တို့ ပြည်သူများ ဘာလုပ်သင့်ပါသလဲ...။ပထမအဆင့် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းရေး လိုလားသည့် ဒီမိုကရေစီ အင်အားစုများကို ရွေးချယ်တင်မြှောက်ရန် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများ အနိုင်ရရှိလာသည့် အခါ  ပြည်သူ တစ်ရပ်လုံးက “အမျိုးသား ညီညွတ်ရေး ညွန့်ပေါင်းအစိုးရ” တစ်ရပ် ပေါ်ပေါက်ရန် နိုင်ငံရေးအရ စေ့ဆော် လှုပ်ရှားကြရပေမည်။

Most Read

Most Recent