NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေ အနုပညာ ဖျော်ဖြေပွဲအား အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ဆက်လက်ပြုလုပ်

NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေ အနုပညာ ဖျော်ဖြေပွဲအား အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ ဆက်လက်ပြုလုပ်
Published 19 October 2015
လင်းလင်းခိုင်

NLD ပညာရေးနှင့် ကျန်းမာရေးကွန်ရက် ရန်ပုံငွေ အနုပညာ ဖျော်ဖြေပွဲအား အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စမြို့၌ အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲကို စက်တင်ဘာ လကုန်ပိုင်းမှစတင်ကာ အမေရိကန်နိုင်ငံရှိ မြို့ကြီးများ၌ လှည့်လည် ဖျော်ဖြေနေခြင်း ဖြစ်ပြီး မြန်မာပရိသတ်များက အားပေးခဲ့ကာ အလှူငွေများလည်း ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရသည်။ ဖျော်ဖြေပွဲတွင် အဆိုတော် ဆောင်းဦးလှိုင်၊ R ဇာနည်၊ ထွန်းအိန္ဒြာဗို၊ နီနီခင်ဇော်နှင့် ဥက္ကာဦးသာတို့ ပါဝင် တင်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ NLD ပညာရေးနဲ့ ကျန်းမာရေး ကွန်ရက်ရန်ပုံငွေရယ်၊ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေ ဖျော်ဖြေပွဲတွေကို အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ လှည့်လည် ပြုလုပ်နေတာပါ။ မြို့တိုင်းမှာလည်း မြန်မာပရိသတ် အများအပြား လာရောက်အားပေးကြသလို တတ်စွမ်းသလောက် လှူဒါန်းငွေတွေ ထည့်ဝင် လှူဒါန်းကြပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ ဘက်ကလည်း တတ်စွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေ တင်ဆက်ရာမှာ NLD အောင်နိုင်ရေး အတွက်ကိုပါ တစ်နိုင်တစ်ပိုင် ထည့်သွင်း ဖျော်ဖြေတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရဲ့ အရေးပါမှုကို ထည့်သွင်း ပြောပြတယ်။ ပြည်ပရောက် မြန်မာတွေရဲ့အင်အားကလည်း လိုအပ်တယ်ဆိုတာကို မျှေ၀ ပေးဖြစ်တယ်။  ပွဲတိုင်းက ကျွန်တော်တို့ ရည်ရွယ်ချက်အတိုင်းပဲ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ”ဟု ယင်းဖျော်ဖြေပွဲများ၌ ပါဝင်ခဲ့သည့် အဆိုတော် ဆောင်းဦးလှိုင်က ရှင်းပြသည်။
NLD ပညာရေးနှင့် ကျန်းမာရေး ကွန်ရက်ရန်ပုံငွေနှင့် ရေဘေးသင့် ပြည်သူများ ကူညီ ထောက်ပံ့ရေး ရန်ပုံငွေ အမေရိကန် ဖျော်ဖြေပွဲများကို  မြို့ကြီးများ၌ အပတ်စဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရရှိငွေများကို လှူဒါန်းသွားမည် ဖြစ်သည်။                         
 

Most Read

Most Recent