ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ထိပ် သုံးဘီးဆိုင်ကယ်လမ်းပေါ် ကောင်းမွန်တိုးဂိတ်အနီး မြေပြိုကျပြီး သုံးဘီးတစ်စီးနှင့် ဆိုင်ကယ်များပိမိနေ

ဧရာဝတီတံတား (မကွေး) မင်းဘူးဘက်ထိပ် သုံးဘီးဆိုင်ကယ်လမ်းပေါ် ကောင်းမွန်တိုးဂိတ်အနီး မြေပြိုကျပြီး သုံးဘီးတစ်စီးနှင့် ဆိုင်ကယ်များပိမိနေ
Published 15 October 2015

မကွေးတိုင်း ဧရာဝတီတံတား (မကွေး) ၏ အနောက်ဘက် (မင်းဘူးမြို့ဘက်ထိပ်) သုံးဘီး၊ ဆိုင်ကယ်လမ်း ကောင်းမွန်လမ်းတံတားကြေး ကောက်ခံရေးဂိတ်အနီး အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီခန့်က လမ်း၏ ယာဘက်ရှိ တောင်ပြို၍ ခရီးသည်များပါသည့် သုံးဘီးတစ်စီးနှင့် ဆိုင်ကယ်များ ပိမိနေကာ ၁၁ နာရီကျော်သည်အထိ တူးဖော်မရသေးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ မြေပြိုကျစဉ်က ဆိုင်ကယ်တစ်စီးနှင့် အမျိုးသမီးနှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး မကွေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြေင်း မြေပြိုပြီး၍ တစ်နာရီကျော်ကြာချိန်အထိ စက်ယန္တရားများ ရောက်ရှိမလာပဲ ကယ်ဆယ်ရေးအဖွဲ့များမှ ပေါက်တူး၊ ဂေါ်ပြားများဖြင့်သာ ဆယ်ယူနေမှုကို ဒေသခံများက ဝေဖန်နေကြောင်း ထိုမြေသားပြိုသည့်နေရာတွင် သုံးဘီးတစ်စီးစာသာ လမ်းအကျယ်ပေးပြီး ကွန်ကရစ်တုန်းများ ကန့်ထားမှုကို ဆိုင်ကယ်၊ သုံးဘီးမောင်းသူများက ဝေဖန်မှုများရှိခဲ့ကြောင်း ပြိုကျခဲ့သော ကမ်းပါးသည် ယခင်နှစ်များကတည်းက အနည်းငယ်စီ ပြိုကျလေ့ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော့်ရှေ့လေးမှာတင် မြေကပြိုကျသွားတာပါ။ အမျိုးသမီးနှစ်ဦးရဲ့ ဆိုင်ကယ်မြေအောက်မှာ ရောက်သွားတာကိုတော့ သေချာမြင်ရပါတယ်။ နဲနဲပိမိသွားတဲ့ အမျိုးသမီးနှစ်ယောက်ကိုတော့ ဆေးရုံကို ခေါ်သွားကြပါတယ်။ ဒီမြေသားပြိုကျတဲ့နေရာက အရင်လည်းပြိုကျလက်စရှိတာကို သေချာကာကွယ်မှုမရှိတာပါ။ အရေးအကြောင်းဆို ဆိုင်ကယ်တွေက ရှောင်မောင်းဖို့နေရာလည်း မရှိပါဘူး” ဟု တောင်ပြိုကျစဉ် အနီးကပ်ဆုံးရှိခဲ့သည့် မင်းလှမှ မကွေးသို့ လာရောက်သူတစ်ဦးက ပြောသည်။
အဆိုပါတံတား လုံခြုံရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက  “မြေပိမိတဲ့အထဲမှာ ခရီးသည်တွေနဲ့ သုံးဘီးတစ်စီး ကျန်နေပါတယ် ” ဟု ပြောသည်။အဆိုပါ မြေပြိုမှုနှင့် ပတ်သက်၍ ကောင်းမွန်ကုမ္ပဏီမှ မြင်တွေ့သူများက ဖြစ်စဉ်ကို ပြောပြမှုမရှိခဲ့ဘဲ တာဝန်ရှိသူများကလည်း မီဒီယာများ၏ မေးမြန်းမှုများကို မဖြေကြားခဲ့ပေ။

Most Read

Most Recent