နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂ သန်းအထိ ကုန်သွယ်မှု အာမခံများ ပေးအပ်မည့် ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှု အစီအစဉ် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ် လီမိတက်တို့ လက်မှတ်ရေးထိုး

နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂ သန်းအထိ ကုန်သွယ်မှု အာမခံများ ပေးအပ်မည့် ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှု အစီအစဉ် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ် လီမိတက်တို့ လက်မှတ်ရေးထိုး
Published 7 October 2015
ဆန်းထူးအောင်

နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းအထိ ကုန်သွယ်မှု အာမခံများ ပေးအပ်မည့် ကုန်သွယ်မှုကဏ္ဍအတွက် ငွေကြေးဝန်ဆောင် မှုအစီအစဉ် (TFP)အား အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) နှင့် သမဝါယမဘဏ် လီမိတက် (CB) ဘဏ်တို့ အောက်တိုဘာ ၆ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
“ဒီသဘောတူညီချက်အရ ADB နဲ့ CBဘဏ်တို့က မြန်မာနိုင်ငံရဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ အပါအဝင် သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေကို ကူညီဖို့ လက်တွဲ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အခုသဘော တူညီချက်က ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုးဖို့နဲ့ အလုပ်အကိုင်တွေ ရရှိဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ADB ၏ ကုန်သွယ်မှုကဏ္ဍအတွက် ငွေကြေးဝန်ဆောင်မှု အစီအစဉ် အကြီးအမှူး စတီဗင်ဘက်ခ်က ဆိုသည်။
ထိုအစီအစဉ်သည် မြန်မာကုမ္ပဏီများ မှ နိုင်ငံတကာ ကုန်သွယ်မှုများအတွက် မြန်မာဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်နေသော အမေရိကန်၊ ဥရောပ၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နှင့် အခြားတိုင်းပြည်မှ ဘဏ်များကို အာရှဖွံ့ဖြိုးရေးဘဏ်၏ TFP အာမခံများမှ ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှု အစီအစဉ်တွင် ချေးငွေနှင့် အာမခံအပြင် ကုန်သွယ်မှု ကဏ္ဍအတွက် ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ ကျင့်ထုံးများနှင့် ကျွမ်းကျင်မှုများ ပိုမို ကောင်းမွန် တိုးတက်စေရန် အလုပ်ရုံ ဆွေးနွေးပွဲများနှင့် သင်တန်းများကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
TFP အစီအစဉ်သည် မိတ်ဖက် ဘဏ်ပေါင်း ၂၀၀ ကျော်ကို ချေးငွေနှင့် အာမခံများ ပေးအပ်ကာ အာရှတစ်လွှားရှိ လုပ်ငန်းများအနေဖြင့် သွင်းကုန် ထုတ်ကုန် ကုန်သွယ်မှု လုပ်ငန်းများကို ပိုမို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ကာ အာရှဒေသ စိန်ခေါ်မှုနှင့် အလားအလာများသော ဈေးကွက်များကို ဖြည့်ဆည်းပေးနိုင်ရန် TFP အစီအစဉ်က လျင်မြန်သော ဝန်ဆောင်မှု အစီအစဉ်များကို ပေးအပ်လျက်ရှိကာ၊ ၂၀၀၉ ခုနှစ်မှ စတင်ကာ အသေးစားနှင့် အလတ်စားလုပ်ငန်း ၆၀၀၀ ကျော်အတွက် ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိ ကုန်သွယ်မှု ကဏ္ဍ မျိုးစုံအတွက် ွှ TFP အစီအစဉ်ဖြင့် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent