အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်းကောင်းပဲ ဖြစ်ရမယ်

အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်းကောင်းပဲ ဖြစ်ရမယ်
Published 5 October 2015
ကျော်ဇောလင်း

ရွေးကောက်ပွဲကြီး ပြုလုပ်ဖို့ အချိန် တစ်လလောက်ပဲ ကျန်တော့တယ်။ အခုအချိန်မှာ ပါတီအသီးသီးရဲ့ မဲဆွယ်စည်းရုံးမှု သတင်းတွေ မီဒီယာထက်မှာ အကျယ်တဝံံ့ ဖော်ပြနေကြတာ တွေ့ရပါလိမ့်မယ်။    လက်ရှိ အာဏာရပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လှုပ်ရှားမှုတွေ၊ လူထုကြား ရေပန်းစားတဲ့ NLD ပါတီရဲ့  မဲဆွယ်စည်းရုံးမှုတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေ၊ မဲစာရင်း မှားယွင်းမှုနဲ့ ပတ်သက်တဲ့ ဝေဖန်သံတွေ  ကလည်း သတင်း စာမျက်နှာတွေပေါ် ပလူပျံနေပါတယ်။
ဒီကြားထဲ မဲဆွယ် စည်းရုံးရေး ကာလမှာ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရမှု အချို့ရှိနေတာ၊ နှောက်ယှက် တားဆီးခံရမှု ရှိနေတာ၊ ဥပဒေအရ တိုင်ကြားမှုတွေ ရှိနေတာကြောင့် မဲဆွယ် စည်းရုံးရေး ကာလမှာ အပြိုင်အဆိုင် ဖြစ်မှုတွေ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲစာရင်း အမှားတွေနဲ့ ပတ်သက်ပြီး လူထုကြား ဝေဖန်စရာ သတိထား စောင့်ကြည့်စရာတွေနဲ့အတူ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လအလိုမှာ နိုင်ငံ အပြောင်းအလဲအတွက် ရွေး ကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု ရေချိန် မြင့်လာကြာပြီ ဖြစ်ပါတယ်။
ဒီတစ်ပတ် သတင်း သုံးသပ်ချက် ကဏ္ဍမှာ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပါအဝင် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ ကျေးရွာ လျှပ်စစ်မီး ရရှိရေး အကြောင်းပြု မဲဆွယ်တာနဲ့ ပတ်သက်လို့ NLDက အရေး ယူပေးဖို့ အမှုဖွင့်ထားတဲ့ သတင်းကို ပြန်လည် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေဖို့ ပြည်သူသိအောင် ပြသရလိမ့် ဆိုပြီး ရဲချုပ်က ပြောကြားခဲ့တဲ့ သတင်းကို ပြည်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သာတူညီမျှတဲ့ ယှဉ်ပြိုင်မှု ဖြစ်ရမယ်
ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ် စည်းရုံးတဲ့အခါမှာ လူထု အားပေး ထောက်ခံမှုရအောင် ပါတီတွေကြား ပြိုင်ဆိုင်မှု ကြီးစွာ ယှဉ်ပြိုင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်း စည်းနဲ့ဘောင်နဲ့ အပြိုင်မဲ ဆွယ်ကြတယ်။ မဲထည့်မယ့် ပြည်သူ တစ်ဦး တစ်ယောက်ချင်းစီက သူတို့ ရွေးချယ်မယ့် လူပုဂ္ဂိုလ်ကို ဒါမှမဟုတ် ပါတီကို စိတ်ကြိုက် ရွေးချယ်မယ်။ ပါတီ ကိုယ်စားလှယ်လောင်းတွေ၊ အမတ် လောင်းတွေကလည်း ပြည်သူတွေ ကြိုက်နှစ်သက်အောင် သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်း အနာဂတ်အတွက် သူတို့ရဲ့ မျှော်မှန်းချက် ကတိတွေနဲ့ မဲဆွယ်ကြမယ်။ ဒီလို မဲဆွယ်တဲ့အခါမှာ အရေးကြီးဆုံး ကတော့ ပြည်သူ့ ဘဏ္ဍာငွေတွေကို ပါတီအတွက် အသုံးပြု မဲဆွယ်တာ ဥပဒေက ခွင့်မပြုထားပါဘူး။ ဒါ့ပြင် မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ ဥပဒေအတိုင်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအပါအဝင် လှည်းကူးမြို့နယ်မှ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေက ကျေး ရွာ လျှပ်စစ်မီး ရရှိရေး အကြောင်းပြု မဲဆွယ်စည်းရုံးခဲ့လို့ အရေးပေးဖို့ NLD ပါတီက အမှုဖွင့်ခဲ့ပါတယ်။
ဒီလို မဲဆွယ် စည်းရုံးတာဟာ လာဘ်ပေး မဲဆွယ်စည်းရုံးတာ ဖြစ်လို့ ရွေးကောက်ပွဲ ဥပဒေပုဒ်မကို ချိုးဖောက်ရာ ရောက်တဲ့အတွက် အရေးယူပေးဖု့ိ NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၂ ရက်က လှည်းကူး မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ လှည်းကူး မဲဆန္ဒနယ်မြေအတွင်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ စည်းရုံးရေးခရီးမှာ Transformer 200 KVA တစ်လုံးကို ဘားလား စည်းရုံးရေး ခရီးစဉ်မှာ လှူဒါန်းပြီး ဖွင့်ပွဲ ပြုလုပ်ဖို့ စီစဉ်နေတာ တွေ့ရတယ်လို့ ဦးဖြိုးမင်းသိန်းက ရှင်းလင်းခဲ့ပါတယ်။
မဲဆွယ် စည်းရုံးရေးကာလမှာ ကျေးရွာ လျှပ်စစ်မီးရရှိရေး အကြောင်းပြု စည်းရုံးတာဟာ မဲဆန္ဒရှင်များကို လာဘ်ပေး မဲဆွယ် စည်းရုံးတာဖြစ်နေလို့ ရွေးကောက်ပွဲ ဥပဒေ ပုဒ် မ-၅၈(က)ကို ချိုးဖောက်ရာ ရောက်နေတယ်။ ဒါကို အရေးယူ ဆောင်ရွက်ရာမှာ ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃) ဥပဒေပုဒ်မ-၆၅ (က)မှ ရဲအရေးပိုင်ခွင့်ရှိတဲ့ ပြစ်မှုများဖြင့် သတ်မှတ်ထားလို့ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပါအဝင် ခုနစ်ဦးကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ တင်ပြ တိုင်ကြားထားတာ တွေ့ရပါတယ်။
တကယ်တော့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေဟာ ပါတီ ကိုယ်စားပြု မဲဆွယ်မယ်ဆိုရင် အထူး ဂရုစိုက်ဖို့ လိုပါတယ်။  သန့်သန့်ရှင်းရှင်း မျှမျှတတနဲ့ ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင် အနိုင်ယူတတ်ဖို့ အရေးကြီးပါတယ်။ ဒါဟာ ကိုယ့်ရဲ့သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။
၂၀၁၀ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ နအဖအစိုးရဟာ ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီကို အာဏာလွှဲပေးခဲ့ပါတယ်။ အခုဆိုရင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတစ်ရပ်ဟာ  မကြာမီ ငါးနှစ်တာ သက်တမ်းကုန် ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကနေ နောက်သက်တမ်း တစ်ခုအတွက် ဒီမိုကရေစီ နည်းလမ်းကျကျ ပြန်လည် ယှဉ်ပြိုင် ရပါမယ်။ အစိုးရတစ်ရပ်အဖြစ် တာဝန် ယူရချိန်မှာလည်း ပြည်သူတွေ လိုအပ်တဲ့ ဝန်ဆောင်မှုပိုင်းကို အကောင်းဆုံး လုပ်ဆောင်ပေးရပါမယ်။
ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတဲ့အပေါ် အခွင့်အရေး ယူလို့လည်း မရပါဘူး။ ဒါတွေကို ဒီလို လုပ်ပေးခဲ့ရတယ်။ ဒါတွေ လုပ်ပေးထားတယ်ဆိုပြီး ကျေးဇူးရှင် ပုံစံမျိုး ဖမ်းလို့လည်း မရဘူး။ အရေးကြီးဆုံး သိထားသင့်တဲ့ အချက်ကတော့ အာဏာရထားတဲ့ သူတွေရော၊ အာဏာရဖို့ ကြိုးစားနေတဲ့ သူတွေရောဟာ ပြည်သူ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရမယ့် ပြည်သူ့ ဝန်ထမ်းကောင်းတွေပဲ ဖြစ်ရမယ်ဆို တာပါ။ ခပ်ကြမ်းကြမ်း ပြောရမယ်ဆိုရင် ပြည်သူ့ အစေခံ ကောင်းတွေ ဖြစ်ဖို့အတွက် လုပ်ကြရတယ်လို့ ခံယူရပါလိမ့်မယ်။
ဘက်မလိုက်ဘဲ ကြားနေရမယ်
အောက်တိုဘာ ၁ ရက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လု့ိ ရဲတပ် ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေစံနှုန်းကို အမြင့်မားဆုံး ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူတွေ သိအောင်ပြသရမယ်လို့ ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။ ဒီလို ပြောဆိုတဲ့နေရာမှာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖြစ်နိုင်ခြေရှိတဲ့ စိန်ခေါ်မှုတွေ၊ ကြုံတွေ့လာမယ့် အခက်အခဲတွေကို စဉ်ဆက်မပြတ်  သုံးသပ် အဖြေထုတ်ပြီး အစီအမံတွေ ချမှတ်ကာ အကောင်းဆုံး ပြင်ဆင်ထားဖို့လည်း သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောကြားလိုက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တပ်မတော်၊ ရဲတပ်ဖွဲ့စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်၊ မှန်ကန် မျှတမှု ဆိုတာတွေက အများကြီး အရေးပါနေပါတယ်။ ရွေး ကောက်ပွဲနဲ့ ပတ်သက်ရင် တပ်မတော်ကလည်း ဥပဒေအတိုင်း အကောင်းဆုံး လုပ်ဆောင်မယ်လို့ ပြော ကြားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ အရပ်သား အစိုးရသစ်တစ်ရပ် ပေါ်ထွန်းရေးအတွက် အားလုံးရဲ့ ကတိတွေနဲ့အတူ ရပ်တည်ချက်တွေကို စောင့်ကြည့် ရတော့မှာပဲ ဖြစ်ပါ တယ်။                     

Most Read

Most Recent