EVEREST(3D) ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများတွင် ရုံတင်

EVEREST(3D) ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများတွင် ရုံတင်
Published 3 October 2015
စုမှူးနိုင်

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သည့် ဧဝရက်တောင်၏ အမြင်ဆုံးထောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့ကြသည့် တောင်တက်သမားတို့၏ ဖြစ်ရပ်မှန် အကြောင်းအရာများကို ထည့်သွင်း ရိုက်ကူးထားသည့် EVEREST(3D) ရုပ်ရှင် ဇာတ်ကားသစ်ကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ စံပြရုပ်ရှင်ရုံများနှင့် မန္တလေးမြို့ရှိ Mingalar Diamond Cimplex ရုပ်ရှင်ရုံများတွင် အောက်တိုဘာ ၂ ရက်မှ စတင်ကာ ရုံတင် ပြသထားသည်။EVEREST(3D) ရုပ်ရှင် ဇာတ်ကားကို အမေရိကန်နိုင်ငံတွင် စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ရုံတင် ပြသခဲ့ခြင်း ဖြစ်သည်။ စတင် ရုံတင်ပြသခဲ့သည့် စက်တင်ဘာ ၂၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ လက်မှတ် ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် ရရှိထားသည့် ဇာတ်ကားလည်း ဖြစ်သည်။၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်သည့် ဧဝရက်တောင်သို့တက်ရန် Adventure Consultants(Ac) နှင့် Mountain Madness(MM) ဟူသော စူးစမ်းလေ့လာရေး အဖွဲ့နှစ်ဖွဲ့သည် ပြင်ဆင်ခဲ့ကြသည်။ ရော့ဘ် မှာ AC အဖွဲ့၏ လမ်းပြသုံးဦးအနက် တစ်ဦးဖြစ်ပြီး ထိုအဖွဲ့တွင် ဘက်ခ်၊ ဒေါက်ဂ်နှင့် ဂျပန် အမျိုးသမီးကြီး ယာဆုကုတို့ အပါအဝင် အဖွဲ့ဝင် ရှစ်ဦးရှိသည်။ MM အဖွဲ့၏ လမ်းပြမှာ စကော့ဖစ်ရှား ဖြစ်သည်။ထိုစူးစမ်းလေ့လာရေး တောင်တက်အဖွဲ့ နှစ်ဖွဲ့သည် ဧဝရက်တောင်သို့ တက်ရောက်ရန်အတွက် နယူးဇီလန်နိုင်ငံမှ နီပေါနိုင်ငံသို့ တစ်လခန့် ကြို တင်ကာ ထွက်ခွာလာခဲ့ကြသည်။ AC အဖွဲ့၏ လမ်းပြတစ်ဦးဖြစ်သည့် ရော့ဘ်သည် ခက်ခဲမှုများကို ရင်ဆိုင်ရမည့် ဧဝရက်တောင်တက် ခရီးစဉ်သို့ လိုက်ပါရန် သူ၏ဇနီးဂျင့်ကို ကိုယ်ဝန်အရင့်အမာနှင့် ချန်ထားခဲ့ရသူ ဖြစ်သည်။နီပေါနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ဧဝရက်တောင်ခြေရှိ အခြေစိုက် စခန်းတွင် AC အဖွဲ့နှင့် MM အဖွဲ့မှ တောင်တက် အဖွဲ့ဝင်များသည် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ အခြားတောင်ငယ်များကို တက်ခြင်းဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ ထို့နောက် တောင်တက် အဖွဲ့နှစ်ဖွဲ့သည် ၁၉၉၆ ခုနှစ် မတ် ၁၀ ရက် နံနက်ခင်းအချိန် တောင်ပေါ်သို့ စတင် တက်ရောက်ခဲ့ကြသည်။ သူတို့သည့် မွန်းလွဲ ၂ နာရီခန့်တွင် ဧဝရက်တောင်၏ အမြင့်ဆုံး တောင်ထိပ်သို့ ရောက်ရှိရန် မျှော်မှန်းကာ ပြင်ဆင် တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။အဆိုပါ AC အဖွဲ့နှင့် MM အဖွဲ့တို့ စတင် တောင်တက်သည့်နေ့မှာပင် ထိုင်ဝမ်နှင့် အိန္ဒိယအစိုးရများမှ စပွန်ဆာ ပေးထားသည့် တောင်တက်အဖွဲ့ နှစ်ဖွဲ့သည်လည်း စတက်ခဲ့ကြသည်။ AC နှင့် MM အဖွဲ့တို့၏တောင်တက် ခရီးစဉ်တွင် အခြေစိုက် စခန်း၏ မန်နေဂျာဖြစ်သူ ဟယ်လင်မှာ နှစ်ဖွဲ့စလုံးကို ဝေါ်ကီတော်ကီမှတစ်ဆင့် အချိန်ပြည့် ဆက်သွယ်နေမည် ဖြစ်သည်။သို့သော် တောင်တက်သမားများ အားလုံးသည် ဧဝရက်တောင်ပေါ်သို့ စတင် တက်ရောက်ခဲ့ပြီး မကြာမီ အချိန်ကာလ အတွင်းမှာပင် နှောင့်နှေး ကြန့်ကြာမှုများနှင့် အခက်အခဲများကို စတင် ရင်ဆိုင်လာရသည်။ သူတို့ ရည်ရွယ်ထားသည့် တောင်ထိပ်သို့ ရောက်ရှိရန်အတွက် ပိတ်ဆို့နေသည့် လမ်းကျဉ်း တစ်နေရာကို ကျော်ဖြတ်နိုင်ရန် အတွက်ပင် လမ်းပြများက ကြိုးများခိုင်မာရန် ကြိုးစား ချည်နှောင်နေရမှုကပင် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ထိုအခြေအနေတွင် တောင်တက်သမားများအနက် သုံးဦးက နောက်ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ပြင် တောင်တက်အဖွဲ့ဝင် ဘက်ခ်မှာလည်း မျက်စိခွဲထားသည့် ဒဏ်ရာဟောင်းမှာ အေးခဲလွန်းသည့် ရာသီဥတုဒဏ်ကြောင့် အမြင်အာရုံ ချို့ယွင်းစ ပြုလာခဲ့သည်။သို့သော် ထိုလမ်းခုလပ် တစ်နေရာတွင် ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များကို အဖွဲ့ဝင်များအားလုံး ကျော်ဖြတ်နိုင်ခဲ့ကြပြီးနောက် တောင်ထိပ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့တော့သည်။တောင်ထိပ်သို့ ပထမဆုံး ရောက်ရှိလာသူမှာ ရုရှားလူမျိုး အနာတိုလီဖြစ်ပြီး မကြာမီတွင် ရော့ဘ်လည်း ရောက်ရှိလာသည်။ ကျန်အဖွဲ့ဝင်များမှာမူ ပါလာခဲ့သည့် အောက်စီဂျင်ဘူးများအတွင်း ဓာတ်ငွေ့များ ကုန်သွားခြင်းကြောင့် လမ်းခုလတ်တွင် အကြိမ်ကြိမ် ရပ်နားခဲ့ရပြီး တောင်ထိပ်သို့ ရောက်ရှိရန် ကြန့်ကြာမှုများ ဖြစ်ခဲ့ရာမှ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူး တင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။ယင်းဇာတ်ကားကို ဒါရိုက်တာ Baltasar Korma'kur ရိုက်ကူးပြီး Jason Clarke,Ang Phula Sherpa, Thomas Brodie-Sangster, Dexter Darden, Alexander Flores တို့ အဓိက ပါဝင် သရုပ်ဆောင်ထားသည်။

Most Read

Most Recent