ငမိုးရိပ်တံတား (ဗိုလ်မှူးဗထူး) စီမံကိန်းနှင့် မလွတ်ကင်းဟုဆိုကာ ပြောင်းရွှေ့ရန်ကျန်ရှိသော သန်းခေါင်စာရင်းဖြင့် နေထိုင်သည့် အိမ်ခြေ ၃၀ ခန့်အား မပြောင်းရွှေ့ပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဟု တတိယအကြိမ် စာပို့

ငမိုးရိပ်တံတား (ဗိုလ်မှူးဗထူး) စီမံကိန်းနှင့် မလွတ်ကင်းဟုဆိုကာ ပြောင်းရွှေ့ရန်ကျန်ရှိသော သန်းခေါင်စာရင်းဖြင့် နေထိုင်သည့် အိမ်ခြေ ၃၀ ခန့်အား မပြောင်းရွှေ့ပါက စည်ပင်ဥပဒေနှင့် အရေးယူမည်ဟု တတိယအကြိမ် စာပို့
Published 3 October 2015
ကျော်ထင်

ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် မြောက်ဥက္ကလာပတို့ကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားသစ် (ဗိုလ်မှူးဗထူး) စီမံကိန်းနှင့် မလွတ်ကင်းဟုဆိုကာ ပြောင်းရွှေ့ရန် ကျန်ရှိသော သန်းခေါင်စာရင်းဖြင့် နေထိုင်သည့် အိမ်ခြေ ၃၀ ခန့်အား  ပြောင်းရွှေ့ရန်နှင့် မပြောင်းရွှေ့ပါက စည်ပင်ဥပဒေနှင့်အညီ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း နေထိုင်သူများထံသို့ သက်ဆိုင်ရာက တတိယအကြိမ် စာပေးပို့ခဲ့ကြောင်း သိရသည်။
 
အဆိုပါ အသိပေးစာကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးမှ စက်တင်ဘာ ၂၉ ရက်စွဲဖြင့် ပေးပို့လာခြင်းဖြစ်ပြီး အဆိုပါမြေနေရာသည်  မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ကွင်းဆင်းတိုင်းတာခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့်မြေဖြစ်ကြောင်းနှင့် တံတားစီမံကိန်းနှင့် မလွတ်ကင်းပါသဖြင့်  ဧရိယာအတွင်းရှိ နေအိမ်များ ပြောင်းရွှေ့ရန် အကြောင်းကြားကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဆက်လက်အရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးစာတွင် ပါရှိသည်။
 
ယင်းနေရာရှိ အိမ်ခြေ ၉၀ ကျော်ကို ပြောင်းရွှေ့ရန် အသိပေးခဲ့ရာ အိမ်ခြေ ၆၀ ကျော်မှာ  ယာယီအိမ်ငှားနေထိုင်သူများဖြစ်၍ ပြောင်းရွှေ့ကြေး ကျပ်ငါးသိန်းယူ၍ ပြောင်းရွှေ့ခဲ့ပြီး  သန်းခေါင်စာရင်းဖြင့် နေထိုင်သည့် အိမ် ၃၀ ကျော် ကျန်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ပြောင်းရွှေ့ရန် အသိပေးစာကို   စက်တင်ဘာ ၁၁ ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၁၇ ရက်တွင် တစ်ကြိမ် အသိပေးခဲ့ခြင်းဖြစ်ပြီး ယခုမှာ တတိယအကြိမ် အသိပေးခြင်းဖြစ်သည်ဟု နေထိုင်သူများထံမှ သိရသည်။
 
၎င်းတို့ကို ပြောင်းရွှေ့ကြေး ကျပ်ငါးသိန်းသာ ပေးခြင်းကြောင့် မပြောင်းရွှေ့ကြ ခြင်းဖြစ်ပြီး ပြောင်းရွှေ့ရမည်ဆိုပါက အခြားနေရာတွင် မြေနေရာအစား ပြန်ပေးရန် တောင်းဆိုမှုကို စည်ပင်သာယာမှ လက်ခံခြင်းမရှိသည့်အတွက် ယင်းကဲ့သို့ မပြောင်းရွှေ့ဘဲ ကျန်ရှိနေခြင်းဖြစ်ပြီး စည်ပင်ဥပဒေနှင့် တရားစွဲအရေးယူပါက ဆက်လက်ရင်ဆိုင်သွားမည်ဟု အဆိုပါနေရာတွင် နေထိုင်သူ ဦးမောင်သိုက်က ပြောကြားသည်။
 
“ဦးတို့က သာမန် လက်လုပ်လက်စား ဆင်းရဲသားတွေပါ။ ဒီမှာ နေလာတာ နှစ် ၄၀ ကျော်နေပါပြီ။ သန်းခေါင်စာရင်းလည်း ရှိတယ်။ ဦးတို့ကို ကျူးကျော်မဟုတ်ဘူးလို့လည်းပြောတယ်။ အမှန်တော့ ဦးတို့အိမ်တွေ က တံတားစီမံကိန်းနဲ့ လွတ်ပါတယ်။ အဲဒါကို 
ဘာကြောင့် ပြောင်းရွှေ့ခိုင်းတာလဲ။ ပြောင်းရွှေ့ရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ငါးသိန်းနဲ့ တော့ ဘာမှလုပ်လို့မရဘူး။  နေစရာပြန်ပေးဖို့ တောင်းဆိုတာလည်း မရဘူး။ ဦးတို့မှာနေစရာမှ မရှိတာ။ ဦးတို့ရဲ့ တောင်းဆိုမှုကို  လိုက်လျောရင် ပြောင်းပေးမယ်။ မလိုက်လျောရင်တော့ ဆက်ပြီး တရားရင်ဆိုင်မယ်” ဟု ဦးမောင်သိုက်က ဆိုသည်။
 
“အန်တီတို့ ယောက္ခမက ဒီရွာကို တည်ခဲ့တာပါ။ ဒီမှာနေတာလည်း အနှစ် ၅၀ လောက်ရှိနေပြီ။ ဟိုအရင် ဘာမှာမရှိတဲ့ ရွာကတည်းက အခုမှလာပြီး ပြောင်းရွှေ့ပေးပါဆိုတော့ အန်တီတို့ ဘယ်မှာသွားနေမရမလဲ။ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေလည်း ရှိတယ်” ဟု  မေတ္တာချောင်းကူးရွာတွင် နေထိုင်သူ ဒေါ်သန်းသန်းက ပြောကြားသည်။
 
သို့သော် တံတားအတွက် ရက်မများ တပ်ဆင်ချိန်တွင် လုံး၀ လွတ်ကင်းတော့မည် မဟုတ်ကြောင်း၊ ထို့အတွက် ပြောင်းရွှေ့စေခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောကြားသည်။
 

Most Read

Most Recent