မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်း လက်ရာ တစ်ခုဖြစ်သည့် ရွှေနန်းတော် ကျောင်းအား မူလလက်ရာ မပျက် ပြုပြင်ထိန်းသိမ်းမှုများ စတင် လုပ်ဆောင်နေပြီး ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် ကျောင်းဆောင် တိုင်လုံးများ နေရာတွင် မူလ အရွယ်အစားရှိ သစ်များဖြင့် အစားထိုး လဲလှယ်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ စုံစမ်းသိရသည်။
ပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ်လာနေသည့် ရွှေနန်းတော် ကျောင်းအား ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အမေရိကန် အစိုးရမှ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအတွင်းမှ စတင်ကာ အမေရိကန်နိုင်ငံ အခြေစိုက် World Monuments Funds(ကမ္ဘာ့ အဆောက်အအုံများ ရန်ပုံငွေအဖွဲ့) မှ ပျက်စီးမှု အစိတ်အပိုင်းများအား 3D Laser Scanner ပုံရိပ် ဖမ်းစက်များဖြင့် မှတ်တမ်းများ ရယူခြင်း၊ သစ်သား ဆွေးမြည့်မှုများအား လေ့လာခြင်း၊ ကျောင်းအတွင်း ရေစီး ရေလာ စနစ်များအား လေ့လာခြင်းနှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ ရယူခြင်း အစရှိသည့် နည်းလမ်းမျိုးစုံ တို့ဖြင့် လေ့လာ မှတ်တမ်း ရယူမှုများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် ကျောင်းဆောင်၏ အနောက်ဘက်ရှိ တိုင်များ ဆွေးမြည့်နေမှု၊ အောက်ခံကြမ်းခင်းများ ပျက်စီး ဆွေးမြည့်မှုများအား ပြုပြင်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
“ရွှေနန်းတော် ကျောင်းကို လေ့လာမှတ်တမ်း ရယူတာတွေက ၉၀ ရာခိုင်နှုန်း ကျော်ပြီးသွားပြီ။ လက်ရှိကတော့ ကျောင်းဆောင် အနောက်ဘက်မှာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။ သစ်နဲ့အဓိက ဆောက်လုပ်ထားတဲ့ ကျောင်းဆောင် ဖြစ်တာကြောင့် အစားထိုး ပြုပြင်ရမယ့် နေရာတွေမှာ သူ့ရဲ့ နဂိုမူလ အရွယ်အစားရှိပြီး ရေရှည် တည်တံ့နိုင်စေတဲ့ သစ်ကိုပဲ အဓိက အသုံးပြု လဲလှယ်သွားမယ်။ ရတဲ့သစ်နဲ့ပဲ အဆင်ပြေသလို လုပ်လို့မရ ပါဘူး။ မူလ သစ်အရွယ်အစားကို ရရှိနိုင်ဖို့ အတွက်က အချိန်ယူပြီးတော့ လုပ်ဆောင်ရမှာပါ”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေနန်းတော်ကျောင်း၏ ပျက်စီးမှု အစိတ်အပိုင်းများအား လေ့လာ မှတ်တမ်း ပြုစုနေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပြီး ပြုပြင် ထိန်းသိမ်းရာတွင် မူလ လက်ရာမပျက် သစ်အစားထိုးရန် နေရာများ ရှိနေပြီး မူလအရွယ် အစားရှိ သစ်များ ရရှိရန်အတွက်မှာ သက်ဆိုင်ရာ ယဉ်ကျေးမှု ဝန်ကြီးဌာန အပေါ်တွင် မူတည်ကြောင်း၊ ကျောင်းဆောင် တစ်ခုလုံးအား ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန်အတွက်မှာ ရရှိထားသည့် ရန်ပုံငွေအပေါ်၌ မူတည်နေပြီး ကြာမြင့်ချိန်မှာ နှစ်နှစ်မှ သုံးနှစ်အတွင်း ကြာမြင့်နိုင်ကြောင်း၊ ရွှေနန်းတော် ကျောင်းအား ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်ရာတွင် အဓိက အချက်တစ်ခုမှာ ကျောင်း၏ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် များအား သေချာဆန်းစစ် လေ့လာရမည် ဖြစ်ပြီး ဥပမာ ကျောင်း၏ ရေစီးရေလာ စနစ်များ၊ ယင်းကဲ့သို့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာများကို လေ့လာမှု မရှိဘဲ အဆောက်အအုံ တစ်ခုအား ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေပါက ရေရှည်တည်တံ့ ခိုင်ခံ့နိုင်မည် World Monuments Fund ၏ Program Director Mr. Jeffery Allen က ပြောကြားသည်။
လက်ရှိ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေသည့် ရွှေနန်းတော် ကျောင်းတွင် ကနဦး အစားထိုး လဲလှယ်ရမည့် သစ်လုံးတိုင် ၁၂ လုံးခန့်ရှိပြီး ဆွေးမြည့်နေသည့် အောက်ခံကြမ်းခင်းများကိုလည်း ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရပြီး အစားထိုး လဲလှယ်သွားမည့် သစ်လုံးများအား မူလအရွယ် အစားအတိုင်း အစားထိုး သွားမည် ဖြစ်ကြောင်း သိရသည်။ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းအား အမေရိကန်အစိုးရမှ ဒေါ်လာငါးသိန်းခန့် သုံးစွဲသွားမည်ဖြစ်ပြီး စီမံကိန်း ကာလမှာ နှစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း WMF ကထုတ်ပြန်ထားသည်။
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းမှု စတင် လုပ်ဆောင်လျက် ရှိပြီး ပျက်စီး ယိုယွင်းနေသည့် ကျောင်းဆောင် တိုင်လုံးများ နေရာတွင် မူလ အရွယ်အစားရှိ သစ်များဖြင့် အစားထိုး လဲလှယ်မည်















