ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်နေသည့် ခုံးကျော်တံတား သုံးစင်းအား အစိုးရသစ်သက်တမ်းအတွင်း အပြီးဆောက်ရန် ညွှန်ကြားထားသော်လည်း တာမွေအဝိုင်း ခုံးကျော်တံတားမှာ ပြီးစီးနိုင်မည် မဟုတ်ဟုသိရ

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်နေသည့် ခုံးကျော်တံတား သုံးစင်းအား အစိုးရသစ်သက်တမ်းအတွင်း အပြီးဆောက်ရန် ညွှန်ကြားထားသော်လည်း တာမွေအဝိုင်း ခုံးကျော်တံတားမှာ ပြီးစီးနိုင်မည် မဟုတ်ဟုသိရ
Published 27 September 2015
ကျော်ထင်

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်နေသည့် ခုံးကျော်တံတား သုံးစင်းဖြစ်သည့် တာမွေအဝိုင်း လမ်းငါးခွဆုံ၊ ရှစ်မိုင်နှင့် ကုက္ကိုင်းလမ်းဆုံခုံးကျော်တံတားများကို အစိုးရသစ် သက်တမ်းအတွင်း ၂၀၁၆ မတ်လကုန် အပြီးဆောက်ရန် ညွှန်ကြားခဲ့သော်လည်း တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားမှာ ယင်းကာလအတွင်း ပြီးစီးနိုင်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
 
အဆိုပါ ခုံးကျော်တံတား သုံးစင်းအား သြဂုတ်လလယ်ပိုင်းတွင် လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး တံတားတည်ဆောက်ချိန်အား ခြောက်လခန့်ပေးထားကာ လာမည့် ၂၀၁၆  မတ်လကုန်တွင် အပြီးသတ်ရန် ယေဘုယျအားဖြင့် ညွှန်ကြားခဲ့ကြောင်း၊ သို့သော် ရှစ်မိုင်နှင့် ကုက္ကိုင်းခုံးကျော်တံတား နှစ်စင်းမှာ သတ်မှတ်ချိန်အတွင်း အပြီးဆောက်လုပ်နိုင်ခြေများသော်လည်း တာမွေအဝိုင် လမ်းငါးခွဆုံ ခုံးကျော်တံတားမှာမူ Y ပုံသဏ္ဌာန် ဆောက်လုပ်ရမည်ဖြစ်ပြီး ထုထည်ကြီးမားခြင်းကြောင့် ပြီးစီးနိုင်မည် မဟုတ်ကြောင်း ပြောကြားထားခြင်းဖြစ်သည်။
 
“ကျန်တဲ့ တံတားနှစ်စင်းကတော့ ၂၀၁၆ မတ်လကုန်မှ ပြီးအောင်ဆောက်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ တာမွေအဝိုင်း ခုံးကျော်တံတားက Y ပုံသဏ္ဌာန်ခွပြီး ဆောက်ရမှာဆိုတော့ ထုထည်နည်းနည်းကြီးမားတယ်။ အဲဒီအတွက် အချိန်ထပ်ပိုပေးခဲ့ရပါတယ်။ ဘယ်လောက်လဲဆိုတာတော့ အတိအကျမပြောနိုင်ဘူး။ ဒါကြောင့် ၂၀၁၆ မတ်လကုန်မှာ ပြီးစီးနိုင်မှာ မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
အဆိုပါ ခုံးကျော်တံတား သုံးစင်း တည်ဆောက်နေသည့် နေရာများမှာ ယာဉ်သွားလာမှု များပြားသည့် အဓိကလမ်းဆုံနေရာများဖြစ်ပြီး တံတားလုပ်ငန်းခွင်များ၏ နေရာယူမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု များစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ခုံးကျော်တံတား သုံးစင်းစလုံး၏ ဆောက်လုပ်ရေးလုပ်ငန်းများ တစ်ပြိုင်နက်တည်း စတင်နေခြင်းကြောင့်လည်း ယာဉ်ကြောပိတ်ဆို့ မှုကို ရှောင်ကွင်းသွားလာနိုင်ရန် မလွယ်ကူတော့ပေ။ 
 
သို့ဖြစ်ရာ အဆိုပါနေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုကို အနည်းဆုံး ခြောက်လခန့် ထပ်မံရင်ဆိုင်ရဦးမည်ဖြစ်ပြီး တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားများမှာ ခြောက်လထက် ပိုမိုကြာမြင့်မည်ဖြစ်သည်။ တာမွေအဝိုင်း လမ်းငါးခွဆုံခုံးကျော်တံတားကို ဆောက်လုပ်ခွင့်ရခဲ့သည့် ရွှေတောင်ကုမ္ပဏီက အဆိုပါ တံတားတည်ဆောက်ချိန် တစ်နှစ်ခွဲခန့် ကြာမြင့်နိုင်ကြောင်း မီဒီယာအချို့သို့ ပြောကြားထားသည်။
 
တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားအတွက် လက်ရှိလုပ်ငန်း လုပ်ဆောင်နေသည့် အနောက်မြင်းပြိုင်ကွင်းလမ်းမှာ ယခင် ခြောက်လမ်းသွားမှ တံတားစီမံကိန်း လုပ်ငန်းခွင်နေရာယူမှုကြောင့် နှစ်လမ်းမောင်းသာ သွားလာနိုင်သည်။ အလားတူ ကုက္ကိုင်းခုံးကျော်တံတား တည်ဆောက်နေမှုကြောင့် ကမ္ဘာအေးဘုရားလမ်းအား အနုပညာအထက်တန်းကျောင်းရှေ့မှ ကုက္ကိုင်းမီးပွိုင့်အထိ ၁၂ ရက်ခန့် ပိတ်ထားမည် ဖြစ်ပြီး သွားလာနေသော ယာဉ်များအနေဖြင့် ဆရာစံလမ်း၊ စက်မှု ၁ လမ်းများမှ ရှောင်ကွင်းသွားလာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
“အတတ်နိုင်ဆုံး ယာဉ်ကြောပိတ်ဆို့မှု နည်းပါးအောင် လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ ကားတွေက နေရာတိုင်းလိုလို ကျပ်နေတာ ဆိုတော့ ခုံးကျော်တံတား ဆောက်လုပ်တဲ့နေရာမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေမှာပဲ” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
 
အဆိုပါ ခုံးကျော်တံတား သုံးစင်းကို ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်းလုပ်ငန်း အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော် တံတားအတွက် ငွေကျပ် ၁၅ ဒသမ ၄ ဘီလျံ နှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၁၆ ဒသမ ၄၅  ဘီလျံ စုစုပေါင်း ၅၄ ဒသမ ၃၅ ဘီလျံ အသုံးပြုရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
 
အဆိုပါ ခုံးကျော်တံတား သုံးစင်း ဆောက်လုပ်ရန် တင်ဒါခေါ်ယူခဲ့ရာ တာမွေအဝိုင်း လမ်းငါးခွဆုံခုံးကျော်တံတားကို ယခင်လှည်းတန်း ခုံးကျော်တံတားအား ဆောက်လုပ်ခွင့်ရခဲ့သည့် အစိုးရနှင့် နီးစပ်သည့် ရွှေတောင်ကုမ္ပဏီကပင် ဆောက်လုပ်ခွင့်ရရှိခဲ့ ပြီး ကုက္ကိုင်းခုံးကျော်တံတားကိုလည်း ယခင် ရွှေဂုံတိုင်နှင့် မြေနီကုန်းခုံးကျော်တံတား နှစ်စင်းကို ဆောက်လုပ်ခွင့် ရရှိခဲ့သည့် Capital Development  ကုမ္ပဏီကပင် ဆောက်လုပ်ခွင့်ရရှိခဲ့ကာ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကိုလည်း နာမည်ကြီး Crown Advance ကုမ္ပဏီက ဆောက်လုပ်ခွင့် ရရှိခဲ့သည်။
 
ရန်ကုန်မြို့၌ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်းစသော ခုံးကျော်တံတားများ ဆောက်လုပ်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြေလည်မှုမရရှိခဲ့ဘဲ ယခုထပ်မံ၍ ခုံးကျော်တံတားအသစ် သုံးစင်း ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent