တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် လျော်ကြေးငွေပေးမည် ဆိုသောကတိ ချိုးဖောက်သဖြင့် CNPC ကုမ္ပဏီအား အမ်းမြို့နယ်မှ လယ်သမား ၂၀၀ ခန့် ဆန္ဒပြ

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများအတွက် လျော်ကြေးငွေပေးမည် ဆိုသောကတိ ချိုးဖောက်သဖြင့် CNPC ကုမ္ပဏီအား အမ်းမြို့နယ်မှ လယ်သမား ၂၀၀ ခန့် ဆန္ဒပြ
Published 26 September 2015
သန်းလှိုင် (စစ်တွေ)

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးပေးမည်ဆိုသောကတိကို ချိုးဖောက်သဖြင့် CNPC ကုမ္ပဏီအား အမ်းမြို့နယ်မှ လယ်သမား ၂၀၀ ခန့်တို့က စက်တင်ဘာ ၂၅ ရက်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ  လမ်းလျှောက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
 
ဂက်စ်ပိုက်လိုင်းကြောင့် ပျက်စီးသွားသော လယ်ယာမြေများအတွက် လျော်ကြေးငွေကို စက်တင်ဘာ ၂၀ ရက်တွင် နောက်ဆုံးထားပေးမည်ဟု ကတိပြုခဲ့သော်လည်း ယင်းကတိအား တရုတ်ကုမ္ပဏီဖြစ်သည့် CNPC မှ ချိုးဖောက်ကာ လျော်ကြေးမပေးခဲ့သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
 
ဆန္ဒပြမှုကို ဦးဆောင်သူများအနက်မှ အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးမျိုးလွင်က “အဓိက အချက်သုံးချက်ကို တောင်းဆိုပါတယ်။ အဲဒီအချက်တွေက CNPC အလိုမရှိ၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးသွားသော လယ်ယာမြေများအား မူလအတိုင်း ပြန်လည်ပြုပြင်ပေးရေး၊ ပျက်စီးသွားတဲ့ လယ်မြေတွေ အတွက် နစ်နာကြေးအပြည့်အ၀ ရရှိရေးဆိုပြီးတောင်းဆိုခဲ့ပါတယ်။ ဘာမှလုပ်မပေးရင် ဆက်လက်ဆန္ဒ ထုတ်ဖော်သွားမှာပါ”ဟု ပြောကြားသည်။
 
ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖလာကျေးရွာအုပ်စုတွင် တရုတ်ကုမ္ပဏီ China National Petroleum Corporation (CNPC)  ၏ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသော ပုဇွန်ကာရီ (တာတမံ)များ ပျက်စီးသွားခဲ့ကြောင်းနှင့် ပိုက်လိုင်းကြောင့် လယ်သမား ၈၉ ဦးပိုင် လယ်ဧက ၃၄၅ ဧကမှာ သုံးနှစ်ခန့် လုပ်ကိုင်စားသောက်၍ မရတော့သဖြင့် တာတမံပြင်ဆင်စရိတ်နှင့် သုံးနှစ်တာ သီးနှံလျော်ကြေး စုစုပေါင်း ၄၆၉၉ သိန်းကို စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထားပေးမည်ဟူသော ကတိကို CNPCက ချိုးဖောက်ခြင်းဖြစ်သည် ဟု ဦးမျိုးလွင်က ပြောကြားသည်။
 
CNPC ကုမ္ပဏီအား Email ဖြင့် မေးမြန်းရာ အမ်းမြို့နယ် တောင်ဖလာကျေးရွာ ကိုယ်စားလှယ်သည် လယ်သမား ၈၉ ဦး ပိုင်လယ် ၃၄၅ ဧက အတွက် တာတမံပြင်ဆင်စရိတ်နှင့် သုံးနှစ်တာ သီးနှံလျော်ကြေး စုစုပေါင်း ၄၆၉၉ သိန်းကို တောင်းဆိုထားခဲ့သဖြင့် အမ်းမြို့နယ် အစိုးရ၏ စီစဉ်ခြင်းဖြင့် ကုမ္ပဏီမှ တာဝန်ရှိသူ နှင့် တောင်ဖလာကျေးရွာမှ ကိုယ်စားလှယ်များ စက်တင်ဘာ ၁၁ ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း၊ ဒေသခံ ပြည်သူကိုယ်စားလှယ်များမှ တောင်းဆိုသော ၄၆၉၉ သိန်းသည် ကာလတန်ဖိုးထက် များလွန်းနေပါသဖြင့် ကုမ္ပဏီဘက်မှ ၎င်း ၄၆၉၉ သိန်းရရှိသည့် တွက်ချက်နည်းကို ကိုယ်စားလှယ်များထံမှ ဖြေရှင်းချက်တောင်းခံခဲ့ကြောင်း၊ (ဥပမာ-ပုစွန်မွေးမြူရေးကန် နှစ်စဉ် ဆုံးရှုံးရသောအခြေအနေ) သို့သော် ဖြေကြားရန် တစ်ဖက်က ရှောင်ဖယ်နေသည်ကို တွေ့ရ ပြီး အစိုးရ တာဝန်ရှိများမှ ဆုံးရှုံးမှုများအပေါ် လက်တွေ့ကွင်းဆင်းစိစစ်ရန် တိုက်တွန်းသော်လည်း ဒေသခံပြည်သူကိုယ်စားလှယ်များမှ ငြင်းဖယ်ခဲ့ကြောင်း SEAGP & SEAOP ကုမ္ပဏီ၏ Public Relation ဌာနမှ ပြန်လည်ရှင်းလင်းသည်။              

Most Read

Most Recent