နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ်များတွင် အဝလွန်ခြင်းနှင့် အလွန်အမင်း ပိန်လှီသည့် ကလေးငယ်များ သိသိသာသာ တိုးလာ

နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ်များတွင် အဝလွန်ခြင်းနှင့် အလွန်အမင်း ပိန်လှီသည့် ကလေးငယ်များ သိသိသာသာ တိုးလာ
Published 26 September 2015
ထွယ်ဆန်အောင်

၁၉၉၀ မှ၂၀၁၄ခုနှစ်အထိ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ငါးနှစ်အောက် ကလေးငယ်များတွင် အဝလွန်သည့် ကလေးငယ်ပေါင်း ၁၀ သန်းခန့် တိုးလာပြီး အလွန်အမင်းပိန်လှီသည့် ကလေးငယ်များမှာလည်း ၁၆ သန်း ခန့် ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ချက်အရ လက်ရှိ ကမ္ဘာပေါ်တွင် ငါးနှစ်အောက် ကလေးပေါင်း ၆၆၇ သန်းခန့် ရှိနေပြီး ယင်းတို့အနက် ၁၅၉ သန်းသော ကလေးငယ်များမှာ အရပ်ပုနေကြပြီး ၄၁ သန်းမှာ အဝလွန်နေကြကြောင်းနှင့် သန်း ၅၀ ခန့်မှာ ပိန်လှီနေကြပြီး ယင်းသန်း ၅၀ အနက် ၁၆ သန်းခန့်မှာ အလွန်အမင်း ပိန်လှီနေသည်ကို တွေ့ရှိကြောင်းနှင့် အဆိုပါ အချက်အလက်များမှာ ၂၀၁၄ ခုနှစ်အတွင်းက နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကောက်ယူ ပေးပို့ထားသည့် အချက်အလက်များတွင် မူတည်ကာ ခန့်မှန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။ကမ္ဘာ့နိုင်ငံ အသီးသီးမှ အရပ်ပုသည့် နှုန်းများကို ကြည့်မည်ဆိုပါက အရပ်ပုသည့်နှုန်း အများဆုံးမှာ အာရှဒေသများမှဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် အရပ်ပုသည့်နှုန်းမှာ သန်းပေါင်း ၁၉၀ ခန့် ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၉၁ သန်းသို့ လျော့ကျသွားခဲ့ကြောင်း၊ အဝလွန်သည့် ကလေးမှာလည်း ၁၉၉၀ တွင် ၁၆ သန်းခန့်သာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၉ ဒသမ ၆ သန်းထိ တိုးလာကြောင်းနှင့် အာဟာရ ချို့တဲ့သူ အများဆုံးမှာလည်း အာရှဒေသများတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသည်လည်း အာရှနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး Lift နှင့် Myanmar Survey Research အဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၃ ခုနှစ်က တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ အိမ်ထောင်စုပေါင်း ၃၀၀၀ ကျော်တို့တွင် မိသားစုများ၏ စားဝတ်နေရေး အပါအဝင် ကျန်းမာရေးနှင့် အာဟာရ အခြေအနေတို့ကိုပါ လေ့လာ စစ်တမ်းကောက်ယူခဲ့ရာ မြန်မာနိုင်ငံသည် အာဟာရ ချို့တဲ့မှု အမြင့်မားဆုံး ၃၆ နိုင်ငံတွင် ပါဝင်နေပြီး ကလေးငယ် နှစ်ဦးလျှင် တစ်ဦးမှာ အာဟာရ ချို့တဲ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အာဟာရချို့တဲ့သည့် ကလေးငယ်များအား လေ့လာရာတွင် အာဟာရ ချို့တဲ့သည့် ကလေးငယ်များမှာ နွမ်းပါး မိသားစုများမှဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်မှာ နွမ်းပါးလူဦးရေ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Most Read

Most Recent