ကြားညပ်မှာ စိုးရိမ်တယ် ...

ကြားညပ်မှာ စိုးရိမ်တယ် ...
Published 25 September 2015
ဝေဖြိုး

ဆရာကြီး ဦးမြထွန်း ခင်ဗျာ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့  ရက်ပေါင်း ၄၀ ကျော်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲနား နီးလာချိန်မှာ အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၀ ပြည့်နှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေရှိခဲ့တဲ့ ဆရာကြီးကို ကျွန်တော်သတိရလာလို့ ဒီစာကို ရေးလိုက်တာပါ။ Eleven Media Group မှာ ကာလအတော်ကြာ အတူတကွ အလုပ်လုပ်ခဲ့ကြပြီး ဆရာကြီးရဲ့အတွေ့အကြုံတွေ မျှဝေသွန်သင်ခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဆရာကြီးရဲ့ မျက်စိကျန်းမာရေးအခြေအနေအရ  အလုပ်က အနားယူသွားတဲ့နောက် ကျွန်တော်တို့ မတွေ့ဖြစ်တာလည်း အတော်ကြာပြီနော်။ဆရာကြီး ခင်ဗျာအခုချိန်မှာ ရွေးကောက်ပွဲ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပြဿနာတွေ၊ သံသယတွေနဲ့ ရှုပ်ထွေးမှုအများအပြား ဖြစ်နေတာ ဆရာကြီးက ပိုသိမှာပါ။ ကျွန်တော်ကတော့ ဆရာကြီးတို့လို ကိုယ့်ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့သူတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကြား အထင်အမြင် လွဲမှားစရာတွေဖြစ်မှာ၊ အခုကတည်းက ကြုံနေရပြီဖြစ်တဲ့ မဲစာရင်းမှာ မပါဝင်တာ၊ အမှားအယွင်း လွဲချော်မှုတွေရှိနေတာဟာ ရွေးကောက်ပွဲနေ့မှာ ဘယ်လိုအခြေအနေတွေ ထပ်ပြီး ဖြစ်လာမလဲလို့ စိုးရိမ်မှုတွေ ဖြစ်လာတာတော့ အမှန်ပါပဲ။ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှတ်တမ်းတွေအရတော့ ဆရာကြီး တာဝန်ယူခဲ့တဲ့ အလုံမဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်ကို ကျော်လွှားပြီး NDF က ဦးခိုင်မောင်ရည်လို ပုဂ္ဂိုလ်မျိုး အနိုင်ရခဲ့တာ၊ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး ရလဒ်ကောင်းတွေရှိခဲ့တဲ့ မှတ်တမ်းကောင်းတွေ အတွက်တော့ ဆရာကြီးအတွက် ဂုဏ်ယူပါတယ်။ လာမယ့် ရွေးကောက်ပွဲကျရင်လည်း အဲဒီလို မှတ်တမ်းကောင်းတွေအတိုင်းပဲ ပြည်သူလိုလားတဲ့၊ ပြည်သူလက်ခံနိုင်တဲ့ မှန်ကန်တဲ့ရလဒ်တွေအတွက် ဆရာကြီးတို့ ကော်မရှင်က မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ဆရာကြီး ခင်ဗျာဒါပေမဲ့ ကျွန်တော် မရှင်းလင်းတာတွေတော့ ပြောပါရစေ။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင်စာရင်းတွေက ဘာကြောင့် အဲဒီလောက်အထိ မှားယွင်းနေရတာလဲ။ လွဲချော်နေရတာလဲ။ ဒါတွေကတစ်ဆင့် သံသယဖြစ်စရာအခြေအနေတွေ ဘာကြောင့်ဖြစ်လာခဲ့ရတာလဲ။ ကျွန်တော် သိရသလောက်တော့ အစောပိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ခံထားတဲ့ လူဦးရေ သန်းခေါင်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရယူနိုင်ခဲ့ခြင်း မရှိဘဲ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တာဝန်ရှိသူတွေက ၆၆/၆ ပုံစံလို့ခေါ်တဲ့ သန်းခေါင်စာရင်းတွေကို ကိုယ့်ဟာကိုယ် ရယူပြုစုပြီး မဲဆန္ဒရှင်စာရင်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရတယ်။ ဒီအတွက် မလိုလားအပ်တဲ့ အမှားအယွင်းတွေ အများကြီးပေါ်ပေါက်ခဲ့တယ်။နောက်ပိုင်းမှာ IFES လို အဖွဲ့အစည်းကတစ်ဆင့် ထောက်ပံ့ပေးထားတဲ့ အခြေအနေတွေနဲ့ မဲဆန္ဒရှင်စာရင်းအတွက် နည်းပညာ ပရိုဂရမ်ဆော့ဖ်ဝဲလ် ရေးသားခဲ့တယ်။ အဲဒီ ဆော့ဖ်ဝဲလ်ထဲ ထည့်သွင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ဒီနေရာမှာ ကျွန်တော်ထပ်သိရတဲ့ အချက်ကတော့ သန်းခေါင်စာရင်းတွေမှာဆိုရင် လူတစ်ဦးချင်းစီရဲ့ အချက်အလက်ထည့်သွင်းရာမှာ ဖခင်အမည်သာပါပြီး မိခင်အမည်ကို ထည့်သွင်းလေ့မရှိပါဘူး။ ဒါပေမဲ့ ဆရာကြီးတို့ ကော်မရှင်က အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်မှာ မိခင်အမည်ကိုပါ ထည့်သွင်းပေးရတယ်လို့ သိရပါတယ်။ အဲဒီတော့ မိခင်အမည် မထည့်လိုက်နိုင်ရင် သူ့ရဲ့အမည်စာရင်းဟာ ဒီစာရင်းထဲမှာ ပါမလာဘဲ ပြုတ်ကျန်ခဲ့ရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။အခုတစ်ခါ A to Z အစီအစဉ်နဲ့ နာမည်တွေကိုစဉ်တော့ ရှာရဖွေရ ခက်တာတွေ ထပ်ဖြစ်ပြန်တာပေါ့။ဆရာကြီး ခင်ဗျာရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘယ်လိုမဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မကျတဲ့ ရှင်းရှင်းလင်းလင်းမရှိတဲ့ ရှုပ်ထွေးမှုရှိနေတဲ့ အနေအထားတွေကြောင့်သာ မဲစာရင်းမှားယွင်းမှုနဲ့ ပတ်သက်တဲ့ပြဿနာတွေ တစ်နိုင်ငံလုံး ပေါ်ပေါက်နေရတာလို့ ထင်ပါတယ်။ သိရသလောက်တော့ အချို့ညွှန်ကြားချက်တွေက တော်တော် ကမောက်ကမနိုင်ပါတယ်။ မဲစာရင်းတွေ စတင်ထုတ်ပြန်စဉ်က နိုင်ငံရေးပါတီတွေအနေနဲ့ ကြည့်ရှုခွင့်သာရပြီး ကူးယူခွင့် မပေးပါဘူး။ နောက်ပိုင်းကျတော့ ဓာတ်ပုံလောက်တော့ ရိုက်ပါ ဒါပေမဲ့ Hand Scan ကူးခွင့်မရှိလို့ လုပ်ပြန်ပါတယ်။ တစ်ခါHand Scan ကူးလို့ရပါပြီလို့ ပါတီတွေကို အသိပေးပေမယ့် တချို့ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်တွေ မသိခဲ့တော့ ကြားထဲမှာ နားလည်မှုလွဲတာတွေ ပေါ်ပေါက်ခဲ့သေးတယ် မဟုတ်လား။ နောက်ဆုံးကျတော့လည်း မဲစာရင်းတွေကို CD နဲ့ပါ ကူးယူခွင့် ပြုလိုက်ပြန်ရောဆိုတော့ ဒီအဆင့်လေးတစ်ခုမှာတောင် အခုလိုဖြစ်နေရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်နေတဲ့ပြဿနာတွေ ဘာကြောင့်ဆိုတာ ဘယ်သူ့မှာ တာဝန်အရှိဆုံးဆိုတာ ကျွန်တော် သဘောပေါက်လိုက်ပါပြီ။ဆရာကြီး ခင်ဗျားဒီနေရာမှာ ကျွန်တော်မရှင်းလင်းတာက ရွေးကောက်ပွဲအတွက် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဲစာရင်းမှန်ကန်ရေးမှာ ဘတ်ဂျက်ဘယ်လောက် အသုံးပြုသလဲ၊ ဘယ်နေရာတွေမှာ သုံးသလဲဆိုတာ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိတာကိုတော့ ဘဝင်မကျပါဘူး။ ရွေးကောက်ပွဲကော်မရှင်အတွက် အသုံးပြုငွေဟာ သာမန်အသုံးငွေ ကျပ် ၄၉၅၅၅ ဒသမ ၂၉၅ သန်းဖြစ်ပြီး ငွေလုံး ငွေရင်းသုံးငွေက ကျပ် ၁၇၂၉ ဒသမ ၉၀၀ သန်းရှိလို့ စုစုပေါင်း ကျပ် ၅၁၂၈၅ ဒသမ ၁၉၅ သန်းလို့ သိရပါတယ်။ပြီးတော့ ပြည်ပထောက်ပံ့ အကူအညီများလည်း ရရှိထားပါတယ်။ USAID၊ British Aid၊ Australian Aid နဲ့ နော်ဝေနိုင်ငံတွေ အပါအဝင် အခြားနိုင်ငံများက အတည်ပြုလှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀၊ ၅၀ အနက် သန်း ၂၀ နီးပါးကို သုံးစွဲခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။အဲဒီတော့ ကျွန်တော်စဉ်းစားမိတာ ဒီလောက် ဘတ်ဂျက်ငွေတွေအများကြီး အသုံးပြုထားပြီး ဘာကြောင့် မဲစာရင်းမှန်အောင် လုပ်တဲ့နေရာမှာ ထိထိရောက်ရောက် မသုံးသလဲလို့ ဝေဖန်ချင်ပေမယ့် လစဉ် ပုံမှန်လစာ မရှိဘူး၊ အစည်းအဝေးတက်ရင် စရိတ် ၁၇၀၀ နဲ့ ခရီးစရိတ် ၄၀၀ စုစုပေါင်းမှ ကျပ် ၂၁၀၀ ပဲ ရတယ်လို့သိရတော့ ကော်မရှင်မှာ ပါဝင်နေတဲ့သူတွေရဲ့ လုပ်ဆောင်မှုအလွဲတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ချင်ပေမယ့် ကျွန်တော် ဆရာကြီးတို့လို မြို့နယ်နဲ့ ရပ်/ကျေးက တာဝန်ရှိသူတချို့ကို အားနာသွားတယ်။ကျွန်တော်သိထားတာက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တစ်လ ငွေကျပ်သိန်း ၃၀ လစာရပြီး အစိုးရနေအိမ်မှာ အခမဲ့နေထိုင်ခွင့်၊ နေအိမ်အတွက် လိုအပ်တဲ့ ပရိဘောဂစရိတ် အခမဲ့ရတာ၊ ပြည်တွင်းပြည်ပ ဆေးကုသခွင့် အခမဲ့၊ ရေ၊ လျှပ်စစ်မီး အခမဲ့သုံးစွဲ ခွင့်၊ ပြည်တွင်းဖုန်းခေါ်ဆိုမှု အခမဲ့၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ထမင်းချက်နှစ်ဦး၊ မော်တော်ယာဉ်လေးစီး၊ ယာဉ်တစ်စီး စီအတွက် တစ်လ စက်သုံးဆီ ဂါလန် ၆၀ စတဲ့ ခံစားခွင့်တွေရတာကိုပဲ သိထားလို့ပါ။ ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကလည်း ပြည်ထောင်စု ဒုတိယဝန်ကြီးအဆင့်နဲ့ လျော်ညီတဲ့ ခံစားခွင့်တွေ ထပ်တူရရှိထားတယ်လို့ သိထားလို့ပါ။ဆရာကြီးတို့လို ရပ်/ကျေး မြို့နယ်အဆင့် နဲ့ပတ်သက်ပြီး နောက်မှ သိရတာက သက်ဆိုင်ရာ မြို့နယ်အလိုက်ချပေးတဲ့ ဘတ်ဂျက်တွေမှာ မဲစာရင်းမှာသုံးတဲ့ စက္ကူထုပ်တွေဝယ်ဖို့ ပေးတယ်။ ဓာတ်ဆီဖိုး၊ တယ်လီဖုန်းဖိုး၊ ရုံးသုံးစာရေးကိရိယာပစ္စည်းတွေ အတွက်တော့ ခွင့်ပြုထားကြောင်း၊ အခုနောက်ပိုင်းမှာတော့ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်တွေအလိုက် တစ်နေ့ကို လူသုံးဦးစီ ဂျူတီချခွင့်ရှိပြီး တစ်ဦးကို နေ့စဉ် ကျပ် ၃၀၀၀ ပေးတယ်။ ၂၁ ရက်ထက်ပိုပြီး ဂျူတီချလို့ မရဘူးဆိုတာတွေကို အခုမှထပ်သိတာပါ။ ဒီတော့ တစ်လကို လစာ ကျပ် ၁၀ သိန်း၊ လွှတ်တော်အစည်းအဝေးတက်တိုင်းပေးတဲ့ နေ့တွက်စရိတ်နဲ့ ပေါင်းရင် တစ်လကို ပျမ်းမျှလစာ ကျပ် ၁၆ သိန်းလောက်ရမယ့် လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ပေးဖို့ လူထုနဲ့ နီးနီးစပ်စပ် ထိပ်တိုက်ထိတွေ့ရတဲ့ ဆရာကြီးတို့လို ရပ်/ကျေး နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ထမ်းဆောင်သူများရဲ့ အခြေအနေကလည်း မလွယ်ပါလားလို့ တွေးမိပါတယ်။ဆရာကြီး ခင်ဗျာသက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်တွေထဲမှာ ဆရာကြီးတို့လို ကိုယ့်ဂုဏ်ကိုယ့်သိက္ခာကို စောင့်ထိန်းပြီး ပြည်သူလူထုအတွက် မှန်ကန်စွာ ရပ်တည်နေတဲ့သူတွေ အများအပြားရှိပါစေလို့ ဆုတောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ မဲစာရင်း မှားယွင်းမှုအပါအဝင် ရွေးကောက်ပွဲကော်မရှင်ရဲ့ မရှင်းလင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ မပေါ်ပေါက်စေချင်ပါဘူး။ ဥပဒေအတိုင်း ဆောင်ရွက်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြောသလိုသာဆိုရင် ရှုပ်ထွေးများပြားလှတဲ့ အဆင့်တွေ ရှိနေတဲ့အတွက် ပြည်သူလူထုရဲ့ မဲပေးခွင့်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားနိုင်သလဲလို့ တွေးပူမိတယ်။မဲပေးခွင့်မဆုံးရှုံးဖို့ မဲစာရင်းကြည့်ပါလို့ ဆိုပေမယ့် အမှန်တကယ် မဲစာရင်းမှာ မပါတဲ့အခါ၊ မှားယွင်းမှုတွေ၊ လွဲချော်မှုတွေရှိတဲ့အခါ သတ်မှတ်ဥပဒေအရ  ပုံစံ (၃) (၄) တွေကို  ရှုပ်တယ်ဆိုပြီး မလုပ်တဲ့သူတွေအတွက် မဲပေးခွင့် ဆုံးရှုံးနိုင်ပါတယ်။ တချို့တွေကျတော့လည်း မှားယွင်းလွဲချော်မှုတွေအတွက် သတ်မှတ်တဲ့အတိုင်း ပြင်ဆင်ပေမယ့် ထပ်မံထုတ်ပြန်တဲ့အခါ မှားယွင်းမြဲ မှားနေတာ၊ မူလကမှန်ပြီးသားသူတွေ မှားယွင်းတာ၊ မဲစာရင်းမှာ ပါပြီးသားသူတွေ ပြန်မပါတာ၊ မှန်ပြီးသား အချက်တွေ မှားနေတာမျိုးကျတော့ ဘယ်လိုလုပ်မလဲ။ ကော်မရှင်အပေါ် ဘယ်လိုယုံကြည်ကြတော့မလဲ။ သံသယဖြစ်လာတဲ့လူတွေရဲ့ အလွန်မဟုတ်တော့ဘူး။ တကယ်တော့ မဲစာရင်း စတင်လုပ်ဆောင်ကတည်းက စနစ်တကျ နဲ့ သေသေချာချာလုပ်ခဲ့လို့ ကြီးကြီးမားမား အမှားအယွင်းမရှိခဲ့ဘူးဆိုရင် အခုလို နောက်ဆက်တွဲပြဿနာတွေလည်း ပေါ်ပေါက်စရာမရှိသလို မယုံကြည်မှုတွေ၊ သံသယတွေလည်း ဖြစ်လာစရာမရှိပါဘူး။ပြီးတော့ လှိုင်မြို့နယ် (၁၃) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဆီ သူ့ရဲ့ Facebook ကတစ်ဆင့် အိတ်ဖွင့်ပေးစာတစ်စောင် ရေးခဲ့တာ ဆရာကြီး ဖတ်မိမယ်ထင်ပါတယ်။အဲဒီအထဲမှာ ၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ မဲဆန္ဒရှင်စာရင်း မှန်ကန်တိကျဖို့ မရှိမဖြစ်လိုအပ်တဲ့ စာရင်းဖြစ်ဖို့၊ မဲဆန္ဒရှင်စာရင်းပြုစုရာမှ မှန်မှန် ကန်ကန် စနစ်တကျ ပြုစုဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးရဲ့ တာဝန်ဖြစ်ပြီး ပကတိမြေပြင်အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုရမှာဖြစ်ကြောင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာတော့ မဲစာရင်းမှာ မှားယွင်းတာ၊ မပါတာ၊ လူမရှိဘဲ စာရင်းပါတာလောက်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် မဲစာရင်းကတော့ မဲစာရင်းလို့ ပြောမရလောက်အောင် တော်တော်လွန်လွန်ကြူးကြူး လွဲချော်နေကြောင်း စတာတွေကို ရေးသားထားပါတယ်။ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မဲစာရင်းမှာ ရာခိုင်နှုန်း ၃၀ သာ မှန်နိုင်တယ်လို့ ပြောတာဟာ တာဝန်မဲ့ရာကျလွန်းပြီး လာမကြည့်လို့ မှားတာပါလို့ ပြောလို့မရကြောင်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေကို မှန်ကန်တိကျအောင် တာဝန်ယူပြုစုကြမယ်လို့ ခံယူကြောင်းတွေကိုလည်း ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အောက်ခြေ ရပ်/ကျေး မြို့နယ်အဆင့် တာဝန်ရှိသူတွေဟာ မဲစာရင်းမှန်ကန်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ လူထုနဲ့ ထိပ်တိုက်မတိုးလိုဘူးဆိုတာ ပေါ်လွင်နေပါတယ်။ဆရာကြီး ခင်ဗျာနိုင်ငံ့အပြောင်းအလဲအတွက် ဒီလောက်အရေးပါတဲ့ ရွေးကောက်ပွဲမှာ  ပြည်သူ့ဘဏ္ဍာငွေထဲက ငွေကျပ်ဘီလျံချီ သုံးစွဲထားတဲ့ ကော်မရှင်အနေနဲ့ ဒီလောက် အမှားအယွင်းတွေများရတာ၊ ဒီလောက်ရှုပ်ထွေးတာတွေ ဖြစ်ရတာ သွေးရိုးသားရိုး ဟုတ်ရဲ့လားလို့ ဝေဖန်ရင်၊ မယုံကြည်ကြရင် ဝေဖန်သူတွေ၊ မယုံကြည်သူတွေရဲ့ အလွန်မဟုတ်ပါဘူး။ မဲပေးခွင့်အတွက်တောင် ဒီလိုမျိုး ဝေဖန်စွပ်စွဲစရာတွေ ရှိနေရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအတွက်၊ ရွေးကောက်ပွဲမသမာမှုတွေ မဖြစ်ဖို့အတွက်ဆိုရင် ရွေးကောက်ပွဲကော်မရှင်မှာပဲ လုံးလုံးလျားလျား တာဝန်အရှိဆုံး ဖြစ်ပါလိမ့်မယ်။တာဝန်အရှိဆုံးသူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက အဓိကကျပါတယ်။ အခုပေါ်ပေါက်နေတဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းဖို့၊ ပြည်သူတွေရဲ့မဲပေးခွင့်တွေ မဆုံးရှုံးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနာဂတ်နဲ့ ကိုယ့်နိုင်ငံအပြောင်းအလဲအတွက် ဒီရွေးကောက်ပွဲ ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ကောင်းကောင်းနားလည်နေပါပြီ။ ဒါပေမဲ့ ရိုးရှင်းမှုမရှိတဲ့ မဲစာရင်းထုတ်ပြန်မှုတွေကြောင့် မဲပေးခွင့်တွေ မဆုံးရှုံးသွားစေချင်ပါဘူး။ ရွေးကောက်ပွဲနေ့ ရောက်ရင် မဲပေးခွင့်ရှိသူတိုင်း မဲပေးချင်ကြမှာပါ။ တကယ်လို့ မဲပေးခွင့်မရဘူးဆိုရင် ဘာတွေဖြစ်လာမလဲ။“မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”လို့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အခန်း (၁၃)၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနဲ့ ပြစ်ဒဏ်များ၊ ပုဒ်မ (၅၇) ၌ ပါရှိနေတာကို ဆရာကြီးလည်း သိမှာပါ။ဆရာကြီး ခင်ဗျာကျွန်တော်ကတော့ ဆရာကြီးတို့လို  ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနဲ့ ရပ်တည်ပြီး မှန်မှန်ကန်ကန် လုပ်ဆောင်နေသူတွေနဲ့ ပြည်သူတွေကြားမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုအလွဲတွေကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်မှာ၊ ဆရာကြီးတို့လိုလူတွေ ကြားညပ်မှာကိုတော့ စိုးရိမ်မိတာအမှန်ပါပဲခင်ဗျာ။

Most Read

Most Recent