အသည်းကြားက မဲတစ်ပြား

အသည်းကြားက မဲတစ်ပြား
Published 25 September 2015
ဒေါက်တာခင်မောင်ညို

မဲပေးတဲ့ အာဏာ“ဒီမိုကရေစီ နိုင်ငံမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ အများကြီး ရှိတယ်။ လုပ်ပိုင်ခွင့်တွေထဲက ရွေးချယ်တင်မြှောက်နိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ ဒါကို မဲပေးတဲ့ အာဏာလို့ ခေါ်နိုင်တယ်။ ဒါကြောင့် မဲပေးတာဟာ နိုင်ငံသား တစ်ယောက်ရဲ့ အမြင့်ဆုံး အာဏာပါပဲ။ အဲဒီ အာဏာကို ဒီအချိန်မှာပဲ အသုံးချခွင့် ရှိတယ်”“ဒါကို ပြည်သူတွေက သဘောပေါက်သလိုတော့ ရှိပါတယ်။ မဲတစ်ပြားဟာ ဒီလောက်တောင်ပဲ တန်ဖိုးရှိလား”“ရှိပါတယ်။ အာရပ် ပုံပြင်ထဲက လိုပါပဲ”“ကောက်ရိုးတစ်မျှင်ဟာ ကုလားအုပ်ရဲ့ ကျောက်ကုန်းကို ကျိုးစေနိုင်တယ်” တဲ့။ဒါကို ကိုဘသစ်က ရှင်းပြတယ်။“ဆရာညို၊ အဆိုပြုမှုတစ်ခု လုပ်ကြည့်ရအောင်၊ ကုလားအုပ် တစ်ကောင်ရဲ့ ကျောက်ကုန်းပေါ်မှာ ကောက်ရိုးဘယ်နှစ်မျှင် တင်နိုင်မလဲ”“ရမ်းသန်းပြီး ပြောကြည့်မယ်၊ တစ်သန်း”“ကောင်းပြီ၊ တစ်သန်းနဲ့ တစ်ချောင်း ပိုတင်မယ်၊ သူနိုင်မလား”“နိုင်တယ် ထားပါ”“နောက်တစ်ချောင်း”“ခင်ဗျား ကပ်ပြီ”“မဟုတ်ဘူးလေ၊ မတင်နိုင်တဲ့ နောက်ဆုံးတစ်ချောင်း ရှိလာမှာပေါ့”“ရှိလာပါမယ်”“အဲဒီ တစ်ချောင်းတင်ရင် ကုလားအုပ် ကျောက်ကုန်း ကျိုးပြီပေါ့”“ဟုတ်ပါ့၊ မဲတစ်ပြားလည်း ဒီလိုပဲလား”“ဒီလိုပဲလေ၊ မဲရွေးတယ်ဆိုတာ နိုင်သူ အကုန်ယူ စနစ်ပဲ မဟုတ်လား၊ မဲတစ်ပြားဟာ အရေးကြီးတာပေါ့” 
ပြည်သူတွေရဲ့ အသံတွေခုတစ်လော မဲစာရင်း စစ်ကြဖို့ ဆော်သြနေကြတာတွေ အများကြီးကို တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်နေတဲ့ အသံတွေ အများကြီးကို ကြားရတယ်။“မဲစာရင်း မှန်ကန်အောင် မလုပ်တာဟာ အစိုးရကို ပြည်သူတွေ မယုံအောင် ပိုပြီး လုပ်လိုက်တာပဲ” လို့ ဆိုတယ်။“ကျွန်တော်တို့ဟာ မဲစာရင်း အထပ်ထပ် အခါခါ မှားတာကို စိတ်ပျက်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရဟာ ဒါကိုတောင် မှန်အောင် မလုပ်နိုင်ရင် ဘာကိုမှ မလုပ်နိုင်ဘူး ဆိုတာ ထင်ရှားတယ်” လို့ ပြောနေကြတယ်။“ကျွန်တော်တို့က အစိုးရကို အပြစ်တွေ ပုံချနေတာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ လုပ်ရမယ့် အလုပ်တွေပဲလေ။ အမှားတွေ တစ်လှေလောက်ကို လူတိုင်း ပြောစမှတ်ဖြစ်အောင် လုပ်တာကိုတော့ အံ့သြတယ်။ ပြည်သူ့ပိုက်ဆံတွေ စားပြီး ပြည်သူတွေ အားထားစရာ မဖြစ်တာကို သူတို့မို့ မရှက်တယ်”“ဒါ သမိုင်းဖြစ်သွားပြီ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကော်မရှင်ရဲ့ အမှားတွေဆိုရင် ကော်မရှင် ဥက္ကဋ္ဌမှာ တာဝန် လုံးလုံးရှိတယ်။ ကျွန်တော် မသိဘူး၊ ကျွန်တော် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော် ထွက်ရပါတယ်”“တကယ်တော့ ရာခိုင်နှုန်း ၃၀ ပဲ မှန်နိုင်တယ်ဆိုတဲ့ စကားဟာ အဆိုးဆုံးပါပဲ။ စာမေးပွဲတောင် ရာခိုင်နှုန်း ၄၀ မှ အောင်တယ်။ ဒါဟာ Integrity မရှိဘူးလို့ ဆိုနိုင်တယ်” 
အရင်က ရွေးကောက်ပွဲတွေ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရအပြီး ဒီမိုကရေစီ ခရီးကို ၁၀ နှစ်တာမျှ ဖြတ်သန်းခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဟာ လွတ်လပ်ရေးရပြီးနောက် အသက်ဝင်လာတယ်။ ဒီအခြေခံဥပဒေအတိုင်း ၁၉၄၇ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၅၁ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉၅၆ ခုနှစ်မှာ တစ်ကြိမ်နဲ့ နောက်ဆုံး ၁၉၆၀ ပြည့်နှစ်တို့မှာ ရွေးကောက်ပွဲများကို ကျင်းပခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေ အားလုံးမှာ မဲစာရင်းနဲ့ ပတ်သက်ပြီး ဘာအသံမှ မထွက်ခဲ့ပါဘူး။ ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်တယ်။ အဲဒီအချိန်မှာပဲ တော်လှန်ရေးကောင်စီကို ဖွဲ့ပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသစ်ဆွဲတယ်။ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တော့ ပြည်သူ ၉၅ ရာခိုင်နှုန်း မဲပေးတယ်။ ၉၂ ရာခိုင်နှုန်း ထောက်ခံတယ်။ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်တို့မှာ ရွေးကောက်ပွဲတွေ ပြုလုပ်ခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲတွေဟာ ဆိုရှယ်လစ်ပုံစံ ဖြစ်တယ်။တစ်ဦး တစ်ယောက်ကိုသာ ထောက်ခံမှုပြတဲ့ ရွေးကောက်ပွဲဖြစ်ပြီး မဲပုံးက အဖြူအမည်းသာ ရှိတယ်။ ဆိုဗီယက်ပုံတူ ကူးချထားတယ်။ အာဏာခွဲဝေမှုကို ပြုလုပ်တာ မဟုတ်ဘဲ လက်ရှိ အာဏာခိုင်မြဲမှုကိုသာ ပြတဲ့ ရွေးကောက်ပွဲတွေပဲ ဖြစ်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ပြည်သူတွေ ဆင်းရဲသွားလို့ ၈၈ အရေးအခင်း ဖြစ်ခဲ့တယ်။ ၈၈ အရေးအခင်း နောက်မှာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာကို တိုက်ရိုက်သိမ်းယူလိုက်တယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပေါ်ပေါက်လာတယ်။ အဲဒီ ရွေးကောက်ပွဲက ပါတီစုံ ရွေးကောက်ပွဲ ဖြစ်တယ်။ ပါတီပေါင်း၂၃၅ ပါတီ မှတ်ပုံတင်ခဲ့သော်လည်း ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်တယ်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သောင်ပြိုကမ်းပြို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာလွှဲပေးခြင်း မရှိဘဲ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့ရန် ကြံစည်တဲ့ လွှတ်တော်အမတ်လောင်းများ အဖမ်းခံရပါတယ်။ 
အစိုးရစကား သတိထားအမှန်တော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာတွေ အများကြီး ရှိတယ်။ အဲဒီ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်က ကျင်းပတယ်။ NLD က စုစုပေါင်း မဲပေးသူ ၇၂ ရာခိုင်နှုန်းအနက် ရာခိုင်နှုန်း ၆၀ ကို ရရှိသွားတယ်။ မဆလပါတီကို အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (NUP) က မဲ ၂၀ ရာခိုင်နှုန်း ရှိသွားပါတယ်။ ဒါပေမဲ့ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်က ဧပြီလ ၁၂ ရက်က “ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်မှသာ ခိုင်မာတဲ့ အစိုးရတစ်ရပ် ဖြစ်လာမယ်” လို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်။ အဲဒီ မိန့်ခွန်းမှာ “အခြေခံဥပဒေမူကြမ်း ရေးဆွဲနေတဲ့ ကာလမှာ စစ်တပ်က နိုင်ငံတော် တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမယ်၊ စစ်တပ်ဟာ ရွေးကောက်ပွဲအပြီး ခိုင်မာတဲ့အစိုးရ ဖွဲ့စည်းနိုင်တဲ့ အချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်” ဆိုတာ ပါရှိတယ်။ဒီစကားကို ရွေးကောက်ပွဲ စောင့်ကြည့်သူများကတောင် သတိမထားမိကြဘူး။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်မှာ စစ်တပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်တယ်။ အဲဒီမှာ “၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်မြှောက် ခံထားရသူများဟာ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက် အခြေခံဥပဒေ ရွေးဆွဲရန် တာဝန်ရှိသူများသာ ဖြစ်၏” လို့ ခပ်တည်တည် ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ 
ဆယ့်ငါးနှစ်တာအဲဒီနောက် ၁၉၉၂ ခုနှစ် နဝတ အမိန့်ကြေညာစာ ၁၁/၉၀ နဲ့ အမျိုးသားညီလာခံကို ကြေညာတယ်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို တာဝန်ထမ်းဆောင်ဖို့ အစိုးရ ရွေးချယ်တဲ့ အမျိုးသားညီလာခံ အဖွင့်အစည်းအဝေးကို စတင်ခဲ့တယ်။ ဒီနေရာမှ ပြောစရာ ရှိတာက ရွေးချယ်တင်မြှောက် ခံထားရသူများဟာ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက် အခြေခံဥပဒေ ရွေးဆွဲရန် တာဝန်ရှိသူများ ဖြစ်တယ်လို့ ဆိုထားပေမယ့် ရွေးချယ်ခံထားရသူ လူနည်းစုသာ အမျိုးသားညီလာခံမှာ ပါဝင်ခဲ့တယ်။ စစ်အစိုးရက ခန့်အပ်တဲ့သူတွေနဲ့ အတည်ပြုထားတဲ့ ကိုယ်စားလှယ်ပေါင်းစုံသာ ညီလာခံ တက်ရောက်သူ အများစု ဖြစ်တယ်။ NLD ကတော့ ၁၉၉၅ ခုနှစ်မှာ အမျိုးသား ညီလာခံကို သပိတ်မှောက်ကာ ထွက်ခဲ့တယ်။အမျိုးသား ညီလာခံကို အချိန်ဆွဲပြီး ကျင်းပတယ်လို့ အများက သဘောပေါက်ကြပါတယ်။ ရွှေ့ဆိုင်းခြင်းများစွာနဲ့ ၁၅ နှစ်တာကြာအောင် အချိန်ဆွဲခဲ့တယ်။ နောက်ဆုံး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်မှာမှ အပြီးသတ်ခဲ့တယ်။ အဲဒီ အခြေခံဥပဒေ မူကြမ်းကို သုံးလအတွင်း ကျင်းပခဲ့တယ်။ အဲဒါက နာဂစ်မုန်တိုင်းနဲ့ တိုက်ဆိုင်တဲ့ကာလ ဖြစ်လို့ ဒီအခြေခံ ဥပဒေကို နာဂစ်အခြေခံဥပဒေလို့ ခေါ်လေ့ရှိတယ်။မဲပေးသူ ၉၈ ရာခိုင်နှုန်းမှာ ၉၂ ရာခိုင်နှုန်းက အခြေခံဥပဒေကို ထောက်ခံတယ်လို့ ကြေညာခဲ့တယ်။ နောက်ကွယ်ကတော့ ဒီထုတ်ပြန်တဲ့ စာရင်းဇယားအပေါ် စွပ်စွဲချက် များစွာ ထွက်ပေါ်ခဲ့တယ်။အဲဒီနောက် ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီး ကြေညာတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်က ကျင်းပပါတယ်။ ဒီရွေးကောက်ပွဲကို NLD နဲ့ တိုင်းရင်သားပါတီအချို့ သပိတ်မှောက်ကြတယ်။ ဒီရွေးကောက်ပွဲဟာ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကို မျက်နှာလိုက်ပြီး ဆောင်ရွက်တယ်လို့ စောင့်ကြည့်သူ အများက ထင်မြင်ချက် ပေးကြပါတယ်။■ ငြိမ်းချမ်းစွာ မဲပေးကြတယ်။■ လွတ်လပ်ပါတယ်။■ တရားမျှတမှု မရှိဘူး။ (Free but not Fair) လို့ မှတ်ချက်တွေ ပေးကြတယ်။အဓိက,ကတော့ မဲရေတွက်မှု ဆိုင်ရာမှာ လုပ်နည်းလုပ်ထုံးများကို မကျေနပ်ကြတာတွေကို တွေ့ရတယ်။ ကြိုတင်မဲမူ စုပေါင်း ခြောက်သန်းနီးပါး ရှိခဲ့တယ်။ အဲဒီ ကြိုတင်မဲတွေဟာ အနိုင်ရှုံး ဆုံးဖြတ်ရာမှာ မဲအားလုံးရဲ့ ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါဟာ အတော်များတဲ့ ပမာဏပါပဲ။ကြိုတင်မဲထည့်တဲ့ နေရာမှာ ဥပဒေမှာ ဖွင့်ဆိုထားတာနဲ့ ကိုက်ညီပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲမပေးနိုင်တဲ့သူများရဲ့ မဲများကို ကြိုတင်မဲအဖြစ် ကောက်ယူထားတာပါပဲ။ဒါပေမဲ့ ဒီနေရာမှာ ကြိုတင်မဲများကို ပွင့်လင်းမြင်သာမှု မရှိတဲ့ နည်းလမ်းတွေနဲ့ စုဆောင်းခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်း မမှန်တာ သိသာထင်ရှားတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။ USDP ဟာ ပြည်သူ့လွှတ်တော်မှာ ရာခိုင်နှုန်း ၈၀ အမျိုးသားလွှတ်တောာ်မှာ ၇၇ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ၇၅ ရာခိုင်နှုန်း မဲအနိုင် ရရှိခဲ့တယ်။ တစည ပါတီကတော့ မဲအရေအတွက် ၃၂ ရာခိုင်နှုန်း ရှိခဲ့တယ်။ ပြည်နယ်လွှတ်တော် ခုနစ်ခုမှာတော့ လွှတ်တော်ကိုယ်စားလှယ် အများစုကို တိုင်းရင်းသား ပါတီများက ရပါတယ်။ 
နိဂုံး၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာ လွှတ်တော်ခေါ်ပြီး ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။ ဦးသိန်းစိန်ဟာ ယခင်စစ်အစိုးရ လက်ထက်ကလည်း အမြင့်ဆုံး ရာထူးတစ်ခု ဖြစ်တဲ့ ဝန်ကြီးချုပ် ဖြစ်ခဲ့တာကြောင့် လူတွေက Same cat in different bucket ဆိုပြီး မယုံသင်္ကာတွေ ဖြစ်ခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက် ရွေးကောက်ပွဲကိုတော့ NLD ဝင်ရောက်ယှဉ်ပြိုင်တယ်။ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာကို အနိုင်ရရှိခဲ့တယ်။၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ရွေးကောက်ပွဲ လုပ်ပါမယ်။ NLD က ကိုယ်စားလှယ်လောင်း အများဆုံး ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရတယ်။ တရားမျှတ လွတ်လပ်ခြင်းကို လိုချင်ပါသလား။ ဒီအတွက် သင် တာဝန်ယူရပါမယ်။နောက်ဆုံး ထပ်ပြောချင်ပါတယ်။မဲပေးတာဟာ နိုင်ငံသား တစ်ယောက်ရဲ့ အမြင့်ဆုံး အာဏာပါပဲ။ အဲဒီ အာဏာကို ဒီအချိန်မှာပဲ အသုံးချခွင့် ရှိပါတယ်။

Most Read

Most Recent