သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်တွင် အိမ်ရှင်၏ ရိုက်နှက်ခြင်းခံရသည်ဟု ဆိုကာ အိမ်အကူ မိန်းကလေးတစ်ဦး သင်္ဃန်းကျွန်း၊ စံပြဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။အိမ်အကူ မိန်းကလေး၏ မိခင်ဖြစ်သူက ယင်းသို့ ရိုက်နှက်ခြင်းခံရသဖြင့် တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ပေးစေချင်ကြောင်း စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြားခဲ့သည်။“သမီးကို ရိုက်ခဲ့တဲ့ သူတွေကို တရားဥပဒေအတိုင်း အရေးယူပေးပါ။ အခု သမီးရဲ့ခေါင်းမှာ ဒဏ်ရာတွေကြောင့် ငါးချက်ချုပ်ထားရတယ်။ ကျောကုန်း၊ တင်ပါးတွေရော၊ မျက်နှာမှာတွေရော တံမြတ်စည်းနဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်။ ခေါင်းကို ဖန်ခွက်နဲ့ ပေါက်တယ်လို့ သမီးက ပြောတယ်။ အလုပ်လုပ်တာ လေးလလောက်မှာ အဲဒီလို ရိုက်တာတွေကြောင့် ကျွန်မကလည်း ပိုက်ဆံမရရင် နေပါစေလို့ ပြောပေမယ့် သွားခေါ်ပေမယ့် သူက ပြန်မလိုက်ခဲ့ဘူး။ သေခါနီးကျမှပဲ ပြန်ပြေးတော့တယ်” ဟု အိမ်အကူ မိန်းကလေး ၂၂ နှစ်၏ မိခင် ဒေါ်နော်အယ်ဖော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။အိမ်အကူ မိန်းကလေး အနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက် အတွင်းရှိ အိမ်ရှင် ဒေါ်နီလာမြင့်ထံတွင် လွန်ခဲ့သော ငါးလခန့်က အိမ်အကူအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မောင်းတီးကျေးရွာမှ လာရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ ပထမလတွင် လုပ်ခလစာအဖြစ် ၇၀၀၀၀ ရရှိခဲ့ပြီး နောက်လများအတွက် ၈၀၀၀၀ ရရှိရန် သဘောတူခဲ့ကြောင်း၊ သို့သော် ငါးလခန့် လုပ်ကိုင်ခဲ့သော်လည်း စုစုပေါင်း လုပ်ခလစာ တစ်သိန်းခုနစ်သောင်း ရရှိခဲ့ကြောင်း အိမ်အကူ မိန်းကလေး၏ မိခင်ဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။ယင်းနောက် အဆိုပါ မိန်းကလေးသည် ရိုက်နှက်မှုများ ဆက်လက်ခံခဲ့ရပြီးနောက် စက်တင်ဘာ ၁၉ ရက်တွင် အိမ်ရှင်ထံမှ ထွက်ပြေးခဲ့ပြီး နနွင်းကုန်းရပ်ကွက် အတွင်းရှိ မိတ်ဆွေအချို့ထံ အကူအညီ တောင်းခဲ့ကြောင်း၊ ထို့နောက် နနွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးမှ အိမ်အကူ မိန်းကလေးအား လာရောက်ခေါ်ယူသေးကြောင်း မိခင်ဖြစ်သူက ထပ်မံပြောကြားသည်။ယင်းကဲ့သို့ ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်တို့ထံ တိုင်ကြားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းသို့ ရိုက်နှက်နှိပ်စက်ခြင်း ခံရမှုကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်နီလာမြင့်အား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းက (ပ) ၅၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၉၄/၃၂၅/၅၀၆ တို့ဖြင့် အမှုဖွင့်ခဲ့သည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူကို ခေါ်ယူစစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဟိန်က ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အိမ်ရှင်၏ ရိုက်နှက်ခြင်း ခံရသည်ဟုဆိုကာ အိမ်အကူ မိန်းကလေးတစ်ဦး ဆေးရုံ၌ ကုသမှုခံယူနေရပြီး ၎င်း၏မိခင်က တရားဥပဒေအတိုင်း အရေးယူပေးစေချင်ကြောင်း သတင်းစာရှင်းလင်း