လှိုင်မြို့နယ် လှိုင်ရတနာအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားရာ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု Yangon Rescue Organization က ထုတ်ပြန်သည်။
မီးလောင်မှုမှာ မတ် ၃ ရက် ည ၇ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်ရတနာအိမ်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် သက်ကြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ YRO၏ မရမ်းကုန်းခရိုင်ရှိအဖွဲ့ဝင်အသင်း သုံးသင်းမှလူနာတင်ယာဉ် ငါးစီး၊ စေတနာ့ ဝန်ထမ်း ရှစ်ဦး ရောက်ရှိပြီး မီးငြှိမ်းသတ်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ခြင်း၊ထိခိုက်ဒဏ်ရာရသူများအား ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူ အမျိုးသား တစ်ဦးနှင့် သေဆုံးသူ အမျိုးသား(အသက်ကြီး) တစ်ဦးတို့အား “လှိုင်လူမှုကူညီရေး” အသင်းမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။