လူ့အခွင့်အရေး ဆုံးရှုံးနေရသော ပြည်သူတွေ

လူ့အခွင့်အရေး ဆုံးရှုံးနေရသော ပြည်သူတွေ
Published 22 September 2015
မင်းချစ်နိုင်

ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးသည် ပယ်ဖျက်၍မရနိုင်သော လူ့အခွင့်အရေး ဖြစ်သည်။ လူတစ်ဦးချင်းသည် လည်းကောင်း၊ လူသားအားလုံးသည် လည်းကောင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေး၊ အခြေခံ လွတ်လပ်ခွင့်များကို အမှန်တကယ် ရပိုင်ခွင့် ရှိစေရမည်။ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးဆိုသည်မှာ အမှန်တကယ် ရပိုင့်ခွင့်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟုလည်း အဓိပ္ပာယ် သက်ရောက်သည်။ ထိုအခွင့်အရေးတွင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်တို့တွင် ပါရှိသော လူတို့၏ သဘာ၀ ကြွယ်ဝမှု၊ သယံဇာတများကို လွတ်လပ်စွာ ပိုင်ဆိုင်စီမံခန့်ခွဲနိုင်မှုများ ပါဝင်ပြီး ပယ်ဖျောက်၍ မရနိုင်ပါ။ လူသည် ဖွံ့ ဖြိုးတိုးတက်မှု၏ ဗဟိုချက်ဖြစ်သည်။
လူအားလုံး သို့မဟုတ် တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ အစုအဖွဲ့ အနေဖြင့် လည်းကောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ရှိသည်။ မိမိတို့၏ အခွင့်အရေးပေါ် လေးစားမှု အပြည့်အဝရှိရမည်။ သင့်လျော်သော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ ကာကွယ်ပေးခြင်းများ ပြုလုပ်ကြရမည်။ နိုင်ငံအစိုးရများသည် သင့်လျော်သော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများကို ချမှတ် ပေးကြရမည်။ ထိုမူဝါဒသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် လည်းကောင်း၊ လူတစ်ဦး ချင်းစီအတွက် လည်းကောင်း တည်တံ့ ခိုင်မြဲသည့် အကျိုးစီးပွား ဖြစ်ထွန်းမှုအတွက် ရည်ရွယ်ရင်းရှိရမည်။ လူတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခြင်းနှင့် အကျိုးတရားများအား မျှဝေခံစားခွင့်ကို အခြေခံရမည်။ နိုင်ငံအစိုးရများသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို အမှန်တကယ် ပေါ်ပေါက်စေမည့် အခြေအနေများကို ဖန်တီးပေးကြရမည်။ အခြေအနေများမှာ ပြည်တွင်း အမျိုးသားရေး အခြေအနေများနှင့် နိုင်ငံတကာ အခြေအနေများ ဖြစ်စေရမည်။
လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များမှာ အချင်းချင်း မှီတွယ်နေကြပြီး ခွဲခြား၍ မရနိုင်ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးကို ဂရုတစိုက်နှင့် အလျင်အမြန် ဖော်ဆောင်ပေးရန် နိုင်ငံအစိုးရများတွင် တာဝန်ရှိသည်။ အခွင့်အရေးတွေကို စောင့်ထိန်းရန် ပျက်ကွက်မှုကြောင့်  ပေါ်ပေါက်လာသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး အဟန့်အတားကို နှိပ်ကွပ်သွားရန် နိုင်ငံတော်အစိုးများတွင် တာဝန်ရှိသည်။ အစိုးရများသည် နိုင်ငံသားများ၏ ကျန်းမာရေး၊ စားနပ်ရိက္ခာရှိရေး၊ နေထိုင်အရေး၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေ အခွင့်အရေးများ ရရှိရေးတို့ကို တာဝန်ခံရမည်။
နိုင်ငံအစိုးရများသည် လူမှုရေး မမျှတမှုများ ပပျောက်စေရန် သင့်လျော်သော လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုများကို ပြုလုပ်ပေးရမည်။ လူ့အခွင့်အရေး တိုးတက် ဖြစ်ပေါ်လာစေရေးအတွက် ကဏ္ဍအသီးသီး တွင် ပြည်သူများ ပါဝင်လာခြင်းကို အားပေးရန် အစိုးရများတွင် တာဝန်ရှိသည်။ ဖွံ့ဖြိုးမှု အခွင့်အရေး တိုးတက်ဖြစ်ပေါ်မှုအတွက် ဆောင်ရွက်ရာတွင် နိုင်ငံအစိုးရများသည် တိကျသော ပုံသဏ္ဌာန် ချမှတ်ပေးခြင်း၊ မူဝါဒကို အကောင်အထည် ဖော်ပေးခြင်း၊ ဥပဒေပြုခြင်းနှင့် အခြား ကိစ္စရပ်များကို အမျိုးသား အဆင့်တွင် လည်းကောင်း၊ နိုင်ငံတကာ အဆင့်တွင် ပါဝင်၍လည်းကောင်း ဆောင်ရွက် ပေးကြရမည်။  ဒီအကြောင်းအရာတွေဟာ ၁၉၈၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်က ကျင်းပတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ထုတ်ပြန်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး ကြေညာစာတမ်းကနေ ထုတ်နုတ်ထားတဲ့ အကြောင်းအရာတချို့ပါ။
မြန်မာပြည်မှာ စီမံကိန်းကြီးတွေ အကောင်အထည် ဖော်တဲ့အခါတိုင်း သဘာ၀ ပတ်ဝန်းကျင်တွေ ဆုံးရှုံးရတဲ့အပြင် ဒေသခံ ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေလည်း ဆုံးရှုံးနေရပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂက တရားဝင်ထုတ်ပြန် ကြေညာထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး ကြေညာစာတမ်းကို မြန်မာပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အကောင်အထည် ဖော်သူတွေက မလိုက်နာကြသလို အစိုးရကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့ပါ။
ပြည်သူလူထုသည် ခေတ်အဆက်ဆက်က အကြောက်တရားတွေနဲ့  နေလာခဲ့ရတာ နှစ်ပေါင်း အတော် ကြာခဲ့ပြီ ဖြစ်သည့်အတွက် အကြောက်တရားက သူ့တို့ရင်ထဲ သံမှို စွဲနေခဲ့ပါပြီ။ ဒါကြောင့်လည်း အစိုးရက ဘာလုပ်လုပ် ဘာမှပြန်မပြောဘဲ ကိုယ့်အသက်ကို ဖက်နဲ့ထုပ် နေခဲ့ကြရသည်။ ကိုယ့်အိမ်ရှေ့က သစ် ပင်လေးကို ဘာမပြော ညာမပြောနဲ့ လှဲသွားလည်း ဘာမှမပြောရဲ။ ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို သိမ်းပိုက်လိုက်လည်း ဘာမှမပြောရဲ။ စီမံကိန်း လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ သစ်တောတွေ၊ ဥယျာဉ် ခြံမြေတွေ၊ လယ်ယာမြေတွေ၊ အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးမွှေသွားလည်း ဘာမှမပြောရဲ။ ပြုသမျှ နုနေကြရသည်။
မြန်မာပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံနေကြသော နိုင်ငံခြားသား လုပ်ငန်းရှင်ကြီးတွေ အများစုဟာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ် ၎င်းင်းတို့ရဲ့ ကတိကဝတ်တွေကို မေးမြန်းတဲ့အခါ ရေငုံနှုတ်ပိတ် ရှောင်လွှဲခြင်းတွေ ပြုလုပ်ကြကြောင်း အစီအရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါသည်။ မြန်မာပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၁၀၈ ခုကို လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ် ၎င်းတို့ရဲ့ ကတိကဝတ်တွေကို မေးမြန်းရာ ကုမ္ပဏီ ၅၇ ခုကသာ တုံ့ပြန်ကြပြီး အဲဒီကုမ္ပ ဏီတွေထဲမှ ကုမ္ပဏီ ၂၄ ခုကပဲ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ချက်တွေနဲ့အတူ လူ့အခွင့်အရေး မူဝါဒများကို လေးစားမှု ရှိကြတယ်လို့ သိရပါသည်။
တကယ်တော့ ဘာစီမံကိန်းပဲလုပ်လုပ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးကို ဦးစားပေး ဆောင်ရွက်ကြရမှာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ တစ်ကမ္ဘာလုံးက သိအောင် တရား ဝင် ထုတ်ပြန်ကြေညာပြီးသားပါ။ ဒါပေမဲ့လည်း မြန်မာပြည်မှာ အကောင်အထည် ဖော်နေတဲ့ စီမံကိန်းတိုင်းလိုလိုမှာ သဘာ၀ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးတွေ ဆုံးရှုံး နေကြရပါသည်။ ဒါကို ပြည်သူ့အစိုးရလို့ တွင်တွင် ပြောနေသော အစိုးရတွေက တာဝန်ယူ ကာကွယ်မှု ပေးရမှာပါ။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကုမ္ပဏီတွေကို ပြည်တွင်းပြည်ပ မခွဲဘဲ ပြတ်ပြတ်သားသား အရေးယူကြရမှာပါ။
ဒေသခံတွေဟာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေကြောင့် ဆင်းရဲတွင်းထဲက ရုန်းထွက်လို့ ရမှာမဟုတ်ပါ။ ဒေသခံတွေ အနေနဲ့လည်း စီမံကိန်းတွေနှင့် ပတ်သက်လာရင် အရင်လို ဟိုလူ့ကြောက်၊ ဒီလူ့ကြောက် လုပ်နေလို့ မရတော့ပါ။ မျက်စိဖွင့် နားဖွင့်နဲ့ ကိုယ့်အခွင့်အရေးကို တောင်းဆိုနိုင်အောင်၊ ကိုယ့်ဒေသကို ကာကွယ်နိုင်အောင် နိုးကြားနေကြရပါမည်။ 
နောက်ဆုံးအနေနဲ့ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်အောင် စီမံကိန်းအများအပြား အကောင်အထည် ဖော်နေသော ကုမ္ပဏီတွေနှင့် အစိုးရအနေဖြင့် ဒေသတစ်ခုမှာ စီမံကိန်းတစ်ခု အကောင်အထည် ဖော်တော့မယ်ဆိုရင် ဒေသခံ ပြည်သူတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာမှုဖြင့် ကြိုတင်အသိပေး သဘောတူညီချက်တွေ ရယူပြီး ဒေသခံတွေ သဘောတူမှ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။ စီမံကိန်းကြောင့် ရလာ မယ့်အကျိုးနှင့် အပြစ်ကို သေသေချာချာ တွက်ချက်ပြီး အကျိုးများမှ လုပ်ပါ။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ လူ့အခွင့်အရေးတွေကို အလေးပေးပြီး တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေ ရေရှည် ခူးဆွတ်စားသုံးနိုင်အောင် ဆောင်ရွက်ကြပါလို့ အကြံပြု ရေးသားလိုက်ရပါသည်။

Most Read

Most Recent