မော်တော်ယာဉ်ဥပဒေတွင် ဘယ်မောင်းသတ်မှတ်ချက်ကို ထည့်သွင်းထားပြီး နည်းဥပဒေတွင် ဘယ်မောင်းသတ်မှတ်ချက်ကိုသာ ထည့်သွင်းလိုက်ပါက ကားဈေးကွက်မှာ ရပ်ဆိုင်းသွားနိုင်ကြောင်း ကားတင်သွင်း ရောင်းချနေသူများက ပြောကြားသည်။“ကျွန်တော်တို့ Automobile Policy ရေးဆွဲတဲ့နေရာမှာ ဒီအချက်က အငြင်းပွားတာ။ ညာကပ်မောင်းစနစ် ဖြစ်တဲ့အတွက်ကြောင့် ဘယ်မောင်းမှ သင့်တော်တာ မှန်တယ်။ ကိုယ့်မှာရှိတဲ့ ကားတွေရဲ့ ၉၉ ရာခိုင်နှုန်းက ညာမောင်းတွေ ဖြစ်နေတယ်။ လမ်းစနစ်ပြောင်းရင်ကောင်းမလားတောင် ပြောနေကြတာရှိတယ်။ ကျွန်တော်တို့ ငြင်းခုံနေကြတုန်း။ ၂၀၁၈ ခုနှစ်လောက်ကျရင်တော့ ဘယ်မောင်းဖြစ်သင့်တယ်လို့ ပြောဆိုတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာတော့ ကျွန်တော်တို့ စက်မှုဝန်ကြီးဌာနက တင်ပြတာ ၂၀၁၆ ခုနှစ်ကုန်မှာတော့ ဘယ်မောင်းဖြစ်သင့်တယ်ဆိုပြီးတော့ ထပ်တင်ပြတာရှိတယ်။ သို့သော်လည်း ကညန ကတော့ ဒီဥပဒေ ပြဋ္ဌာန်းပြီးသားဖြစ်တဲ့အတွက် ပြဿနာပေါ့။ နည်းဥပဒေ ထုတ်လိုက်တယ်ဆိုရင် ကျွန်တော်တို့က အလိုအလျောက် ဘယ်မောင်းဖြစ်သွားမယ့်သဘော ရှိတယ်။ ဥပဒေပြီးတော့ ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထုတ်မှာ။ဒါပေမဲ့ တစ်ခုတော့ ခြွင်းချက်ထည့်ရမယ်ပေါ့။ နည်းဥပဒေပြဋ္ဌာန်းပြီးတဲ့အခါကျရင် တစ်ခုခုတော့ ထည့်ရမှာပေါ့။ ချက်ချင်း သက်ရောက်စေမလား။ သို့မဟုတ် Automobile Policy မှာပြတဲ့ ၂၀၁၈ ခုနှစ်လောက်မှ ဖြစ်မလား သို့မဟုတ် နှစ်နှစ် စောလုပ်ရလားဆိုတာကတော့ ဆက်လက်ဆွေးနွေးရမယ့်သဘော ရှိတယ်။ ဒီက ဆွေးနွေးမှုတွေရပြီးတဲ့အခါကျလို့ရှိရင် သက်ဆိုင်ရာ မီးရထားဝန်ကြီးဌာနနဲ့ သွားရောက်ဆွေးနွေးမယ်လို့ စီစဉ်ထားတာ ရှိပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး အများစုက မသိကြဘူး။ အခု ဥပဒေက ထွက်လာတယ်။ အခု ဥပဒေထဲမှာ ဘာပါလဲဆိုတော့ လက်ရှိ ကားလောကတစ်ခုလုံးကို လှုပ်ခတ်စေနိုင်တဲ့ဟာတွေ ပါတယ်။ ဆိုပါစို့ ကျွန်တော်တို့က ရက်ပေါင်း ၉၀ အတွင်းမှာ နည်းဥပဒေပြဋ္ဌာန်းတဲ့ နေရာမှာ ဘယ်မောင်းတွေကိုပဲ မှတ်ပုံတင်ခွင့်ပြုမယ်ဆိုရင် ရှိပြီးသား ညာမောင်းကားတွေကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲပေါ့နော်။ ကျွန်တော်တို့ Showroom တွေမှာ ကားအစီးရေ ၄၀၀၀၀ ကနေ ၅၀၀၀၀ လောက် ရှိတယ်။ ဒီကားတွေ ဘာလုပ်မလဲ။ နောက်ကျရင် ကျွန်တော်တို့က ဘယ်မောင်းတွေပဲ သုံးတော့မယ်ဆိုရင်။ ဒါကတော့ ကျွန်တော်မြင်တာကတော့ ကြိုပြီးတော့ အချိန်ပေးသင့်တယ်”ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။ထို့ပြင် မော်တော်ယာဉ်ဥပဒေသစ်အရ မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း နှင့် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ခွင့်ရရှိတော့မည် မဟုတ်ကြောင်းလည်း သိရသည်။“နည်းဥပဒေပဲ ကျန်တော့တယ်။ နည်းဥပဒေ ထွက်လာပြီး အတည်ပြုပြီးသွားလို့ရှိရင် ခုနပြောသလို ဘယ်မောင်းဆိုတာကြီးက ဖြစ်လာလို့ရှိရင် ဘယ်အချိန်မှာ ဘယ်မောင်းဖြစ်မလဲဆိုတာ ကျွန်တော်တို့က သိရှိထားဖို့လိုတယ်။ရုတ်တရက် ပြောင်းသွားလို့ရှိရင် ကျွန်တော်တို့ အခု များသောအားဖြင့် တင်သွင်းနေတဲ့ ဂျပန်ကနေ ကားတင်သွင်းမှုသည် လုံးဝရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်နှစ် ဘယ်အချိန်ကျမှ ပြောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့က ပြင်ဆင်ဖို့ အချိန်ရပါလိမ့်မယ်” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။“ကျွန်တော်တို့ Automobile Policy မှာ ကျွန်တော်တို့အသင်းရယ်၊ UMFCCI ရယ်၊ အင်ဂျင်နီယာအသင်းရယ်၊ နိုင်ငံခြားပညာရှင်တွေရယ် ရေးဆွဲထားတာကကျတော့ ၂၀၁၉ ဇန်နဝါရီ ၁ ရက်ကကျမှသာ ဘယ်မောင်းကို ပြောင်းဖို့ဆိုပြီးတော့ ထည့်သွင်းအကြံပြုထားတာ ရှိပါတယ်။ အဲဒီနှစ်ခုကတော့ ဘယ်ဟာကို ဘယ်လိုယူပြီးတော့ ဘယ်လိုသက်ရောက်မယ်ဆိုတာကတော့ ဒါနိုင်ငံတော်အစိုးရနဲ့ ဥပဒေရေးဆွဲမှုအပိုင်းမှာပါပဲ။ ဒီအချိန်မှာ ကျွန်တော်တို့လုပ်နိုင်တာကတော့ ဥပဒေကတော့ ထွက်သွားပြီ။ နည်းဥပဒေမှာ ပါဝင်မယ့်ဟာတွေကို Automobile Policy မှာ ပါတာတွေ ယူနိုင်တဲ့အတိုင်းအတာနဲ့ သူတို့ကို ဝိုင်းဝန်းဆွေးနွေးဖို့ပါပဲ” ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။
မော်တော်ယာဉ်နည်းဥပဒေတွင် ဘယ်မောင်းသတ်မှတ်ချက်ကိုသာ ထည့်သွင်းလိုက်ပါက ကားဈေးကွက်မှာ ရပ်ဆိုင်းသွားနိုင်ပြီး ထည့်သွင်းလိုပါက အချိန်ယူရမည်ဖြစ်ကြောင်း ကားမူဝါဒရေးဆွဲသူများ ထောက်ပြ















