အတင်းအဓမ္မ ထိမ်းမြားပေးစားရန် သွေးဆောင်မှုဖြင့် ဘောလုံးသမား ကြည်လင်းအား အင်းစိန်ထောင်၌ ထိန်းသိမ်းထား

အတင်းအဓမ္မ ထိမ်းမြားပေးစားရန် သွေးဆောင်မှုဖြင့် ဘောလုံးသမား ကြည်လင်းအား အင်းစိန်ထောင်၌ ထိန်းသိမ်းထား
Published 19 September 2015
အောင်မျိုးသန့်၊ အောင်ကျော်ထက်

မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် နိုင်ငံ့လက်ရွေးစင် ဘောလုံးကစားသမား ကြည်လင်းအား အတင်းအဓမ္မ ထိမ်းမြားပေးစားရန် သွေးဆောင်မှု (ပုဒ်မ-၃၆၆) ဖြင့် ကမာရွတ် ရဲစခန်းမှ စက်တင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးကာ တရားရုံးတွင် ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်၌ ထိန်းသိမ်းထားကြောင်း သိရသည်။ဘောလုံး ကစားသမား ကြည်လင်း အနေဖြင့် ၂၀၁၄ ခုနှစ် ဇွန် ၁၆ ရက်တွင် အသက် မပြည့်သည့် မိန်းကလေး တစ်ဦးအား အတင်းအဓမ္မ ထိမ်းမြားပေးစားပေးရန် သွေးဆောင် ဖြားယောင်းမှုဖြင့် မိန်းကလေး၏ မိဘများက ကမာရွတ် ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။ထိုသို့ အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် ရဲစခန်း၌ နှစ်ဦးနှစ်ဖက် ကျေအေးကာ ထိမ်းမြား လက်ထပ်ခဲ့သော်လည်း တရားလို အနေဖြင့် ဥပဒေနှင့်အညီ တရားရုံး၌ ကျေအေးကြောင်း ဆောင်ရွက်ထားခြင်းမျိုး မရှိသောကြောင့် ပြန်လည် ဖမ်းဆီး တရားစွဲခြင်း ဖြစ်ကြောင်း သိရသည်။“ ဒီအမှုကို ကျေအေးကြောင်း ဥပဒေနဲ့အညီ တရားလို ဖြစ်သူက ပြန်လျှောက်ရမယ်။ အဲဒါကို တရားလို ဖြစ်သူက မလုပ်တဲ့အတွက် အခုလိုမျိုး ဖမ်းဆီးရတာပါ။ စက်တင်ဘာ ၁၈ ရက်က ဒီအမှုနဲ့ ပတ်သက်ပြီး ကြည်လင်းကို အာမခံမပေးဘဲ ကမာရွတ် တရားရုံးမှာ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ရုံးချိန်းကတော့ လာမယ့် စက်တင်ဘာ ၂၁ ရက်ကို ချိန်းဆိုထားပါတယ် ” ဟု ကမာရွတ် မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးကြီး ဇော်ဝင်းက ပြောကြားသည်။ဆက်လက်ပြီး “ ဥပဒေ အရဆိုရင်တော့ ကိုယ့်ဘာသာကိုယ် ကျေအေးလို့မရဘူး။ အမှုဖွင့်တုန်းကလည်း ရဲစခန်း လာဖွင့်တာပဲလေ။ ဒီတော့အမှုက မပိတ်ရသေးဘူး။ အရင်က သူ့ကို အာမခံ ပေးထားတယ်ဆိုတာ နိုင်ငံ့လက်ရွေးစင် ဖြစ်တာကြောင့် အဲဒီအချိန်က ခြေစစ်ပွဲတွေ ရှိတာကြောင့် နိုင်ငံအတွက် ကြည့်ပြီး ပေးထားတာပါ။စက်တင်ဘာ ၁၈ ရက်က ဒါနဲ့ပတ်သက်ပြီး ကြည်လင်းကို ကမာရွတ် ရဲစခန်းကို လာဖို့ပြောခဲ့တယ်။ သူလည်း သူ့မိသားစုနဲ့  ရောက်လာတယ်။ အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဥပဒေနဲ့အညီ အမှုဖွင့်ခဲ့စဉ်က တရားလို ဖြစ်သူက ကျေအေးပိတ်ပေးမှ ရမယ်လို့ ရှင်းပြခဲ့တယ်။ နောက် သူ့ယောက္ခမဖြစ်သူ ဖုန်းဆက် အကြောင်းကြားတယ်။ ညနေစောင်းတဲ့အထိ ရောက်လာခြင်းမရှိလို့ ဥပဒေအရ သူ့ကို ဖမ်းဆီးရတာပါ” ဟု ပြောကြားသည်။

Most Read

Most Recent