မထသ ၃၉ ယာဉ်ကြီး လိုင်းနှင့် ၃၈ ယာဉ်လိုင်း နှစ်ခုမှလွဲ၍ ကျန်ခရီးသည်တင် ယာဉ်များ ပြန်လည်ပြေးဆွဲနေပြီဟု မထသ ဆို

မထသ ၃၉ ယာဉ်ကြီး လိုင်းနှင့် ၃၈ ယာဉ်လိုင်း နှစ်ခုမှလွဲ၍ ကျန်ခရီးသည်တင် ယာဉ်များ ပြန်လည်ပြေးဆွဲနေပြီဟု မထသ ဆို
Published 19 September 2015
ကျော်ထင်

 
မထသ ၃၉ ယာဉ်ကြီးလိုင်းနှင့် ၃၈ ယာဉ်လိုင်း နှစ်ခုမှလွဲ၍ ကျန်သည့် ခရီးသည်တင်ယာဉ်လိုင်းများ စက်တင်ဘာ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မထသ (မြို့တွင်း) မှ သိရသည်။
 
၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအတွက် အမှုသေး ဒဏ်ကြေးငွေကျပ် ၁၅၀၀ အား စက်တင်ဘာလဆန်းတွင် ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်ဥပဒေသစ်အရ အမှုသေး ဒဏ်ကြေးငွေ ကျပ် ၃၀၀၀၀ အထိ တိုးမြှင့်လိုက်၍ ဆန္ဒပြသည့်အနေဖြင့် ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုရပ်နားခဲ့ခြင်း ဖြစ်သည်။
 
စက်တင်ဘာ ၁၅ ရက်မှ စတင်၍ မထသယာဉ်လိုင်းများဖြစ်သော  ၂၁၃၊ ၁၅၇၊ ၇၄၊ ၄၃ စသည့် ယာဉ်လိုင်းများမှ ယာဉ်အများစု စတင်ပြေးဆွဲမှု ရပ်နားခဲ့ပြီး စက်တင်ဘာ ၁၆ ရက် ၁၇ ရက်များတွင်မူ ထပ်မံ၍ မထသ ၃၉ အထူး၊ ၃၉ ရိုးရိုး၊ ၂၀၄၊ ၅၇ စသည့် ယာဉ်လိုင်းများရှိ ယာဉ်အများစု ပြေးဆွဲမှုရပ်နားထားခဲ့ကာ ရပ်နားသည့် ခရီးသည်တင်ယာဉ် အစီးရေစုစုပေါင်း ၁၀၀၀ ခန့်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း  စာရင်းအတိအကျကို မထသ(ဗဟို)က ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိပေ။
 
သို့ဖြစ်ရာ ဒဏ်ကြေး ၃၀၀၀၀  နှင့်ပတ်သက်၍ ပညာပေးကာလအဖြစ် သတ်မှတ်ကာ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ယာဉ်လိုင်းများက ကြီးကြပ်ရေးမှူးမှတစ်ဆင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အသိပေးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် ခရီးသည်တင်ယာဉ်များအားလုံး ပြန်လည်ပြေးဆွဲရန် မထသ (မြို့တွင်း)က ညွှန်ကြားခဲ့သည်။
 
စက်တင်ဘာ ၁၈ ရက်တွင် ဒဂုံတောင်မှ မော်တင်သို့ ပြေးဆွဲနေသည့်  ၃၉ ယာဉ်ကြီးလိုင်းနှင့် မထသ ၃၈ မီနီဘတ်စ် (အစိမ်းနှင့် အဝါလိုင်း)များမှ လွဲ၍ ကျန်ရှိသည့် ယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲနေပြီ ဟု မထသ (မြို့တွင်း)မှ သိရသည်။
 
“ဒဂုံတောင်ကနေ မော်တင်ကို ပြေးဆွဲတဲ့ ၃၉ ယာဉ်ကြီးလိုင်းက  စုစုပေါင်း ၂၃ စီး ရှိတယ်။ ပျက်လို့ပြင်တဲ့ကား နှုတ်လိုက်ရင် ပုံမှန် တစ်နေ့ကို ၁၅ စီးလောက် ထွက်နေတာ  ဒီနေ့ တစ်စီးမှ မထွက်ဘူး။ ၃၈ မီနီဘတ်မှာ အစိမ်းက တစ်နေ့ အစီး ၂၀ လောက် ထွက်တာ ဒီနေ့ ခုနစ် စီးထွက်တယ်။ အဝါလိုင်းက ပုံမှန် အစီး ၂၀ ထွက်တာ ဒီနေ့ ကိုးစီးထွက်တယ်။ ဒါပေမဲ့ သူတို့က ဒီနေ့ တစ်ခေါက်ဆွဲပြီး ပြန်ရပ်ပစ်လိုက်တယ်။ ဒဏ်ကြေးမတတ်နိုင်လို့ သူတို့ ဆက်မဆွဲတော့တာပါလို့ပြောတယ်။ ဒါပေမဲ့ ဒဏ်ကြေး ၃၀၀၀၀ က အခုလောလောဆယ် မဖမ်းသေးဘူး။ ပညာပေးကာလ လုပ်ဦးမှာလို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ရှင်းပြပြီးကားတွေ အမြန်ပြန်ထွက်အောင် စည်းရုံးနေပါတယ် ”ဟု မထသ(မြို့တွင်း)မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။ အဆိုပါ ပြေးဆွဲခြင်းမရှိသည့် ယာဉ်များကို အရေးယူ၍မရနိုင်ကြောင်း မထသ(ဗဟို)က ဆိုထားသည်။  
 
ထို့ပြင် ဆန္ဒပြပြီးပြေးဆွဲခြင်း မပြုကြသည့် ယာဉ်များက ပြေးဆွဲနေသည့်ယာဉ်များကို ပြေးဆွဲမှုမပြုလုပ်ရန် စည်းရုံးမှုများရှိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်ညပိုင်းတွင် မထသ  ၃၉ (ဝါဆိုဦး)ဂိတ်နှင့် ဒဂုံတောင် တို့တွင် ထိုသို့ စည်းရုံးမှုများရှိခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ကို အကြောင်းကြား၍ လူစုခွဲခဲ့ရကြောင်း စုံစမ်းသိရသည်။  
 
ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ်အစီး ရေ ၄၀၀၀ ကျော်နေ့စဉ် ပြေးဆွဲနေပြီး ခရီးသည် ၂ ဒသမ ၂၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။                       

Most Read

Most Recent