Facebook ပေါ်တွင် ပျံ့နှံ့လျက်ရှိသော ဖုန်းကံစမ်းမဲ ပေါက်သည်ဟုဆိုကာ ငွေလိမ် လည်မှုများ ဖြစ်ပွားလျက်ရှိသည့် သတင်းမှ ငွေလိမ်လည်သည့် အဖွဲ့၏ ကျူးလွန်သူများကို ဖမ်းဆီးရမိသော်လည်း နောက်ကွယ်မှ ခိုင်းစေလျက်ရှိသော အဓိက တရားခံများမှာမူ လွတ်မြောက်လျက်ရှိသေးကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက်တွင် ကမာရွတ်မြို့နယ် AGD ဘဏ်သို့ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှ ဦး--- အမည် ဖြင့် ကျပ် ၁၅ သိန်း လွှဲပို့ခဲ့ကြောင်း၊ ၎င်းငွေကို လာရောက်ထုတ်ယူသော လှိုင်သာယာမြို့နယ်နေ အောင်ပိုင်၊ (၂၁)နှစ်အား ဘဏ်မှ မသင်္ကာသဖြင့် ကမာရွတ်မြို့မ ရဲစခန်းသို့ ဆက်သွယ် သတင်းပေး ပို့ခဲ့ကြောင်း၊ တိုင်ကြားချက်အရ သွားရောက် ထိန်းသိမ်းခဲ့ပြီး ယင်းနှင့် အတူပါသူများဖြစ်သည့် လှည်းတန်းခုံး တံတားအနီးတွင် စောင့်ဆိုင်းနေသော လှိုင်သာယာမြို့နယ် နေသူများဖြစ်သည့် ပိုင်လေး(ခ) မျိုးမင်းပိုင်(၂၄)နှစ်၊ လေးဝင်းအောင် (၁၉)နှစ်နှင့် ရှိန်းကို(ခ)ရှိန်းကိုထက်၊ (၂၀)နှစ် စုစုပေါင်းလေးဦးအား ထိန်းသိမ်းစစ်ဆေးခဲ့ရာ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု လိမ်လည်ပြောဆိုပြီး ပေးပို့ခိုင်းသည့်ငွေများအား လာရောက် ထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့ လေးဦးမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ကျော်ကြီး (ခ)ဘိုဘို(ခ)ဇာနည်(စုံစမ်းဆဲ)၊ ကျော်နိုင်ဦး(စုံစမ်းဆဲ)၊ သိန်းစိုး(စုံစမ်းဆဲ)တို့ သုံးဦးနှင့် ရင်းနှီးခဲ့ ပြီးနောက် ဘဏ်များသို့ သွားရောက် ငွေထုတ်ပေးရန် ငွေပေးခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စုံစမ်းဆဲ သုံးဦးမှာ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၈ ရက်တွင် မန္တလေးမြို့မှ ဒေါ်----အမည်ဖြင့် လွှဲပို့ပေးမည့် ငွေကျပ် ၁၁ သိန်း ငါးသောင်းအား မရမ်းကုန်းမြို့နယ် ကိုးမိုင် ကမ္ဘောဇဘဏ်တွင် သွားရောက် ထုတ်ယူရန်အတွက် မျိုးမင်းပိုင်၊ လေးဝင်းအောင်၊ ရှိန်းကိုထက်တို့ သုံးဦးကို ပြောဆိုခဲ့ကြောင်း ယင်းနောက် မျိုးမင်းပိုင်၊ လေးဝင်းအောင်နှင့် သိန်းစိုးတို့ သုံးဦး ဘဏ်သို့ သွားရောက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မျိုးမင်းပိုင် တစ်ဦးတည်း ဘဏ်အတွင်းဝင်ရောက်ကာ လွဲှပို့သည့်ငွေများအား ထုတ်ယူကာ ကျော်ကြီးထံ ပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခ အဖြစ် ငွေကျပ် ၈၀၀၀ ရရှိကြကြောင်း နှင့် ယင်းကဲ့သို့ ဘဏ်မှထုတ်ယူခဲ့သော ငွေများမှာ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု လိမ်လည်ပြောဆို၍ လွှဲပို့ခိုင်းသောငွေများဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ပုသိမ်မြို့မှ အမည်မမှတ်မိ အမျိုးသား လွှဲပို့ပေးသော ငွေကျပ်ခြောက်သိန်းကို အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ CB ဘဏ်သို့ မျိုးမင်းဦးမှ သွားရောက် ထုတ်ယူခဲ့ကြောင်း သိရပြီး ၎င်းနှင့်အတူ လေးဝင်းအောင်နှင့် ကျော်နိုင်ဦးတို့ သုံးဦးတို့ လိုက်ပါခဲ့ကာ ထုတ်ယူလာသည့် ငွေများအား ကျော်ကြီးထံသို့ ပေးအပ်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက Facebook လူမှုကွန်ရက်တွင် မန္တလေးမြို့မှ အမျိုးသမီး တစ်ဦးထံသို့ သြဂုတ် ၁၈ ရက်က မြန်မာ့ဆက်သွယ်ရေး ရုံးချုပ်မှ ဝန်ထမ်းဟုဆိုကာ ဖုန်းဆက်သွယ်၍ ယင်းဖုန်းနံပါတ်မှာ သိန်း ၅၀၀ ကံစမ်းမဲပေါက်ကြောင်း၊ ဝင်ငွေခွန် ဆောင်ရမည်ဖြစ်၍ ယခုချက်ချင်း ငွေကျပ် ၁၁ သိန်းခွဲ လွှဲပေးရန် ပြောဆိုပြီး ရန်ကုန်မြို့ ၉ မိုင်ရှိ ကမ္ဘောဇဘဏ်သို့ ငွေလွှဲခိုင်းခဲ့သဖြင့် ပို့ပေးခဲ့ပြီးနောက် လိမ်လည်ခံရခြင်း ဖြစ်သည်ကို သိရှိခဲ့ရကြောင်း၊ ကမ္ဘောဇဘဏ်တွင် ငွေလာထုတ်သူ၏ မှတ်တမ်းဓာတ်ပုံနှင့် အမည်တို့အား ဖော်ပြရေးသားမှုတို့ ပျံ့နှံ့ခဲ့ပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လိမ်လည်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Facebook ပေါ်တွင် ပျံ့နှံ့နေသော ဖုန်းကံစမ်းမဲ ပေါက်သည်ဟုဆိုကာ ငွေလိမ်လည်သည့် အဖွဲ့မှ အဓိက တရားခံများ လွတ်မြောက်နေဟု ရဲတပ်ဖွဲ့ ထုတ်ပြန်