ကယားပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဧည့်စာရင်းမတိုင်သဖြင့် လွိုင်ကော်မြို့မှ နန်းထိုက်စံ ဧည့်ရိပ်မွန်ပိုင်ရှင်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေး

ကယားပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဧည့်စာရင်းမတိုင်သဖြင့် လွိုင်ကော်မြို့မှ နန်းထိုက်စံ ဧည့်ရိပ်မွန်ပိုင်ရှင်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေး
Published 16 September 2015
မခိုင် (လွိုင်ကော်)

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ကယားပြည်နယ် ခရီးစဉ်အတွင်း တစ်ညတာ တည်းခိုခဲ့သော နန်းထိုက်စံဧည့်ရိပ်မွန်ပိုင်ရှင်အား ဧည့်စာရင်းမတိုင်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူသတိပေးသည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွိုင်ကော်မြို့သို့ စက်တင်ဘာ  ၁၀ ရက် မွန်းလွဲ၂ နာရီတွင် ရောက်ရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူထု နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ဟောပြောပွဲများတွင် တက်ရောက် ဟောပြောပြီး ဘောလခဲမြို့တွင် ခေတ္တ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။
 
ထို့နောက် စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဖားဆောင်းမြို့သို့ သွားရောက်၍ ဟောပြောပြီး နေ့လယ်တွင် လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အဖွဲ့အစည်း အသီးသီးအား တွေ့ဆုံခြင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနှင့် ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းများသို့ သွားရောက် ဂါရဝပြုပြီး  ညနေ ၄ နာရီခွဲတွင် ဒေါဥခူဘောလုံးကွင်းတွင် ဟောပြောပြီး လောဓမ္မရပ်ကွက်ရှိ နန်းထိုက်စံ ဧည့်ရိပ်မွန်တွင် ညအိပ်ခဲ့ကြောင်း သိရသည်။
 
ထိုသို့ ညအိပ်ရာတွင် ဧည့်ရိပ်မွန်ပိုင်ရှင်များမှ ဧည့်စာရင်းမတိုင်မိသဖြင့် လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်မြို့မှထွက်ခွာပြီး နောက်နေ့ စက်တင်ဘာ ၁၃ ရက်တွင်  ဒေါ်အောင်ဆန်းစုကြည် လာရောက်သည်ကို သူ့အနေဖြင့် မသိရှိကြောင်းနှင့် ဧည့်စာရင်းမတိုင်သဖြင့် ခံဝန်ထိုးရန် လာရောက်ပြောဆိုသော်လည်း စက်တင်ဘာ ၁၄ ရက် ညနေတွင် ခံဝန်မထိုးခိုင်းဘဲ သတိပေးခြင်းသာ ပြုလုပ်ကြောင်း ရဲသတင်းတပ်ဖွဲ့မှ သိရသည်။
 
ထိုကဲ့သို့ ခံဝန်ထိုးခိုင်းခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေအား သွားရောက်မေးမြန်းရာ “ကျွန်တော်တို့ဘက်ကတော့ ဖိအားပေးတာမျိုး မရှိပါဘူး ။ ဒီသတင်းကို အခုမှသိရတာပါ ။ သေချာမေးမြန်းကြည့်ပါဦးမယ်။ ရုံး လုပ်ထုံးလုပ်နည်းအရတော့ ခံဝန်ထိုးခိုင်းတာ ဖြစ်မယ်။ လွိုင်ကော်မြို့ထဲမှာ နိုင်ငံခြားသား တည်းတာတောင် ဧည့်စာရင်းမတိုင်တဲ့ တည်းခိုခန်းတွေကတော့ သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင်ပြေအောင် ပြောဆိုထားလို့ဖြစ်မယ်”ဟု ရှင်းပြသည်။
 
နန်းထိုက်စံ ဧည့်ရိပ်မွန်ပိုင်ရှင် ဒေါ်မင်အင်းက “ကျွန်မအရင်နေ့တွေက အမြဲပဲ ဧည့်စာရင်းတိုင်ပါတယ်။ အဲဒီနေ့ကတော့ အလုပ်ရှုပ်ပြီး မေ့သွားလို့ပါ။ နောက်ကို ဧည့်စာရင်းတိုင်ဖို့ မမေ့ဖို့ အုပ်ချုပ်ရေးမှူးကခေါ်ပြောပါတယ် ။ ခံဝန်တော့ မထိုးရပါဘူး” ဟုဆိုသည်။
 
ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူသို့ ဖုန်းဖြင့်မေးမြန်းရာ ယခုကိစ္စအား ဧည့်ရိပ်မွန်ပိုင်ရှင်မှ အဖွဲ့သို့ လာရောက်သတင်းပို့ခြင်း မရှိသဖြင့် အဖွဲ့အနေဖြင့် မည်သို့မျှမပြောဆိုနိုင်ကြောင်း ပြန်လည်ဖြေဆိုသည်။
 

Most Read

Most Recent