မြို့နယ်ရဲတပ်ဖွဲ့မှူးအား အရေးယူပေးရန် လျှောက်တင်မှု ပလပ်ခံရသဖြင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတက်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာယူရာတွင် သတ်မှတ်စည်းကမ်းရက် ကျော်လွန်သည့်တိုင် မပေးသဖြင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

မြို့နယ်ရဲတပ်ဖွဲ့မှူးအား အရေးယူပေးရန် လျှောက်တင်မှု ပလပ်ခံရသဖြင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတက်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာယူရာတွင် သတ်မှတ်စည်းကမ်းရက် ကျော်လွန်သည့်တိုင် မပေးသဖြင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်
Published 15 September 2015
သက်မင်း

 
ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေက တရားလိုဖြစ်သော လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးဖုန်းမြင့်နှင့် ဒုရဲမှူးစန်းမြင့် မြို့နယ်တရားရုံးက ပလပ်ခဲ့သဖြင့် သာယာဝတီခရိုင် တရားရုံးသို့ အမှုပြင်ဆင်မှုတက်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ ရယူသော်လည်း သာယာဝတီအကျဉ်းထောင်က သတ်မှတ်စည်းကမ်းရက် ကျော်လွန်သည့်တိုင် မပေးသေးသဖြင့်  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားမည်ဟု ကျောင်းသားများ၏ ဥပဒေအကျိုးဆောင်  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။
 
စက်တင်ဘာ ၁၅ ရက်က သာယာဝတီမြို့နယ် တရားရုံးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ သပိတ်မှောက်ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရုံးထုတ်စစ်ဆေးခဲ့သည်။ ယင်းရုံးချိန်းတွင် သာယာဝတီမြို့နယ်တရားသူကြီးက သက်သေခံစာရွက်စာတမ်းများနှင့် အမှုတွဲများကို ခရိုင်တရားရုံးသို့ တင်ထားသည့်အတွက် အမှုကို ဆက်လက်စစ်ဆေးခြင်း မပြုသေးဘဲ စက်တင်ဘာ ၂၂ ရက်သို့ ရုံးချိန်းပြောင်းလဲခေါ်ယူခဲ့ကြောင်း သိရသည်။
 
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “သြဂုတ် ၁၁ ရက်မှာ သာယာဝတီမြို့နယ် တရားရုံးက  တရားလို ရဲမှူးဖုန်းမြင့်နဲ့ ဒုရဲမှူးစန်းမြင့်ကို အရေးယူဖို့ လျှောက်တာနဲ့ပတ်သက်ပြီး အမှုကို ပလပ်လိုက်တယ်။ စက်တင်ဘာ ၁ ရက်က အဲဒီလို ပယ်ချခံရတာနဲ့ ပတ်သက်ပြီး ခရိုင်တရားရုံးကို အမှုပြင်ဆင်ဖို့ တင်သွင်းဖို့နဲ့ပတ်သက်ပြီး သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းထောင်ဥပဒေ ပုဒ်မ ၄၀ အရ ရှေ့နေကိုယ်စားလှယ်လွှဲစာကို တင်ခဲ့တယ်။ အဲဒါကိုအကြောင်းပြချက် အမျိုးမျိုးနဲ့လုပ်နေတဲ့အတွက် နစ်နာသူကျောင်းသားတွေရဲ့ ပြင်ဆင်မှုတက်ပိုင်ခွင့် အခွင့်အရေးဟာ ကာလစည်းကမ်းသတ်မှတ်ချက်အားဖြင့် လေးရက်တောင် ကျော်နေပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေး ဆုံးရှုံးပါတယ်။အဲဒီတော့ အင်းစိန်ထောင်မှာတောင်မှ  သုံးရက်လောက်ပဲကြာတဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာကို သာယာဝတီအကျဉ်းထောင်က အခုအချိန်ထိ အချိန်ဆွဲထားတာဟာ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အယူခံပိုင်ခွင့်ကို ဖောက်ဖျက်တာပါ။ တိုးတိုးတိတ်တိတ်နဲ့ အကြမ်းဖက်တယ်လို့ဆိုလို့တောင် ရပါတယ်။ သွားတော့ ထောင်ပိုင်ကြီးကနေ ပြည်တော်အစည်းအဝေးသွားနေလို့ပါတဲ့။ ထောင်ပိုင်ဆီကို စက်တင်ဘာ ၁ ရက်ကတည်းက တင်ခဲ့တာပါ။ လူ့အခွင့်အရေးကော်မရှင်ကလည်း ဒီကမ္ဘာသိ အကြမ်းဖက်မှုမှာ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ ထုတ်ပြန်ပြီးပါပြီ။ 
ကျွန်တော်တို့ကလည်း တရားဥပဒေအရ အရေးယူနိုင်ဖို့ ရှေ့နေကိုယ်စားလှယ်လွှဲစာ တောင်းတာကို ဟိုနေ့ချိန်း ဒီနေ့ချိန်းလုပ်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်။ ဒါကြောင့် ထောင်အာဏာပိုင်တွေက တာဝန်အရှိဆုံးဖြစ်လို့ သူတို့ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီကို တိုင်ကြားသွားပါမယ်”ဟုပြောကြားခဲ့သည်။
 
ထို့ပြင် ကျောင်းသားနှင့် ဝန်းရံပြည်သူ စုစုပေါင်း အယောက် ၁၀၀ ကျော်၏ လက်ကိုင်ဖုန်းများအသိမ်းခံရပြီး အလုံး ၃၀ ကျော်သာ ပြန်လည်ရရှိသည့်အတွက် သပိတ်ဖြိုခွဲ ရာတွင် ပါဝင်ခဲ့သော ရဲတပ်ရင်း ၁၊ ၁၀၊ ၁၁ တို့ကို လုယက်မှုဖြင့် တရားစွဲဆိုရန် ရှေ့နေများနှင့် တိုင်ပင်နေပြီး နောက်ရုံးချိန်းတွင် တရားစွဲဆိုသွားမည်ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။
 
ထို့ပြင် ကျောင်းသားခေါင်းဆောင်မဖြိုးဖြိုးအောင်က တရားစီရင်မှု ကြန့်ကြာနေသည့်အပေါ် တရားလိုရဲမှူးဖုန်းမြင့်ကို စစ်ဆေးမေးမြန်းပြီးပါကလည်း တရားလိုပြ သက်သေ ၄၀ ကျော် ကျန်ရှိနေသေးသည့်အတွက် အမြန်ဆုံးစစ်ဆေးနိုင်စေရန် ဥပဒေအကျိုးဆောင်များနှင့် တိုင်ပင်သွားမည်ဟု ဆက်လက်ပြောကြားသည်။         

Most Read

Most Recent