မင်းကွန်း

မင်းကွန်း
Published 7 September 2015
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)မိမိ၏ငယ်ဘဝ၌ မင်းကွန်းက အတန် အသင့် အရေးပါခဲ့ဖူးသည်။ မိမိတို့ရွာက မင်းကွန်းနှင့် စစ်ကိုင်း ၏ အလယ်တည့်တည့် လောက်၌ရှိသည်။ ထောပတ်၊ ခရမ်းချဉ် စသော ယာထွက်သီးနှံများကို အချို့က စစ် ကိုင်းကို၊ အချို့က မင်းကွန်းကိုသွား ရောင်းကြ သည်။ ဈေးကောင်းရလိုသူအချို့က အပင် ပန်းခံပြီး မန္တလေးတက်ရောင်းကြသည်။ရွာမြောက်ဘက်ရှိ ယာခင်းများသို့သွား ရာ လှည်းလမ်းကြောင်းအတိုင်းထွက်ပြီး သုံးခင်းပေါင်းနှင့် ချောင်းကြီးခင်းကို ကျော် သည်နှင့် တောင်ခြေကိုရောက်သည်။ ယာ ခင်း သုံးခင်းပေါင်းထားသောကြောင့် “သုံး ခင်းပေါင်း”ဟု လည်းကောင်း၊ အခင်းအနီး၌ တောင်ကျချောင်းကြီး စီးဆင်းသွားသော ကြောင့်  “ချောင်းကြီးခင်း” ဟုလည်းကောင်း အများကခေါ်ဆို ကြသည့် အခင်းများသည် မိမိတို့ဘိုးဘွားပိုင် ယာခင်းများဖြစ်သည်။တောင်ကြားလမ်းထဲ ရောက်သည်နှင့် လှည်းလမ်းကကြမ်းတော့သည်။ ကျောက်တုံး ကမူများကို ကျော်ခွသွားရချိန်မျိုး၌ တဒုန်း ဒုန်း တဒိုင်းဒိုင်းနှင့် လှည်းကလည်း အသံစုံ ထွက်သည်။ “ဟကောင်ကြီးရ၊ အို ဖေ့ သားကြီး က” စသည်ဖြင့် စုတ်တသပ်သပ်ဖြင့် လှည်း မောင်းနေသော အဖေ့အသံကို ကြားနေရ သည်။ စစ်ကိုင်းဈေးရောင်းသွားစဉ်ကလို လှည်းပေါ် ဇိမ်နှင့်အိပ်မရသည်မို့ ခေါင်း ထောင်ပြီး ဟိုဟိုဒီဒီ ကြည့်ရင်း လိုက်ပါ လာ ရသည်။ မြင်မြင်သမျှက တောနှင့် တောင် စွယ်ချည်း။ လက်ပံတို့၊ ချိုင့်ကြီးတို့၊ ထန်း မြင့်တို့ကိုကျော်သည်နှင့် ခရီးအဆုံးကိုရောက် တော့သည်။ မင်းကွန်းတဲ့။(၂)တစ်ခါက မင်းကွန်းတိုက် နယ်ဆေးရုံမှ ဆရာဝန်ကြီးဦးသိန်းလွင်သည် မိမိတို့ရွာစဉ် တန်းဘက်သို့ တစ်လတစ်ကြိမ်၊ နှစ်လတစ် ကြိမ်ဆိုသလို နယ်လှည့်ဆေးကုရောက်လာ တတ်သည်။ ရောက်လာတိုင်း မိမိတို့အိမ်မှာ စတည်းချသည်။ ထို ဆရာဝန် လူပျိုကြီး၌ မွေးစားသားများ သုံးလေးယောက်ရှိသည်။ ထို ကလေးများ၏ အမေ၊အဒေါ်တို့ကိုပါ သူ့အိမ်ခေါ်ထားသည်။ သူက မိမိကိုလည်း မွေးစားချင်သည်ဆိုပြီးတောင်း တော့ အမေက မပေးချင်။“ဒီကလေး လေးတန်းအောင်ရင် ကျုပ် မွေးစားချင်တယ်။ မင်းကွန်း တာဝန်ချိန် ကုန် ဆုံးလို့ ရန်ကုန်ပြန်ရင် ရန်ကုန်ခေါ်သွားပြီး ကျောင်းဆက် ထားပေးမယ်”ဆိုတော့ အမေ က ပိုလို့ စိတ်ပူသွားပုံရသည်။ အမေ့အဖို့ ရန်ကုန်ဆိုတာ အမည်သာကြားဖူးသည်။ ဘယ်လောက်ဝေးလို့ ဝေးမှန်းလည်းမသိ။ ဒီအငယ်ဆုံးသားလေးကိုလည်း အမေက ခွဲချင်ဟန်မတူ။ “မဖြစ်ပါဘူးဆရာကြီးရယ်” ဟုတွင်တွင် ငြင်းသည်။ အဖေကတော့  “က လေးက လိုက်မယ်ဆိုရင် ခေါ် သွားပေါ့ဗျာ”ဟု မယုတ်မလွန်ဆို သည်။ သို့ဖြင့် “ကလေးကို အစမ်းခေါ်သွားမယ်လေ” ဆိုပြီး ထိုအခေါက် က မင်းကွန်းအပြန်မှာ မိမိကိုတစ်ပါတည်း ခေါ်သွားသည်။မိမိအနေဖြင့် မင်းကွန်းသည် အသစ် အဆန်း မဟုတ်သော်လည်း ဒီတစ်ခေါက် မင်းကွန်းကိုရောက်ရခြင်းက ယခင်အခေါက် များနှင့် ကွဲပြားခြားနားကြောင်းကိုတော့ ကလေး သိဖြင့် သိနေသည်။ လှည်းထွက်ခါ နီး၌ လှည်းနားကို အမေရောက်လာသည်။  “လူလေး လိမ်လိမ်မာမာနေနော်” ဆိုပြီး လက် ကလေးလာဆုပ်သည်။ “အပြီးလိုက်သွား တာဆိုရင် အမေဘယ်လိုနေမလဲမသိဘူး” ဟု တွေးမိသေးသော်လည်း “မင်းကွန်း ရောက် ရင်” ဆိုသည့် ကလေးအတွေးဖြင့် စိတ်ထဲ ပျော်နေခဲ့သည်ကလည်း အမှန်။မင်းကွန်းတိုက်နယ်ဆေးရုံက မြစ်ကမ်း နှင့် မလှမ်းမကမ်းမှာရှိ သည်။ ဆရာဝန်ကြီး၏မွေးစားသားများနှင့်အတူ မြစ်ထဲဆင်းပြီး ရေကူးကြသည်။ ဆေးရုံအဆောင်တွေကြား ထဲ ပတ်ချာလည်လှည့်ပြီး တူတူပုန်းတမ်း၊ သေနတ်ပစ်တမ်း ကစားကြသည်။ အားလပ် ရက်တစ်နေ့၌ မြသိန်းတန်ဘုရားတို့၊ လူအိုရုံ တို့၊ ခေါင်း လောင်းကြီးတို့ဘက်ကို ဆရာဝန် ကြီးကလိုက်ပို့သည်။  ခေါင်းလောင်းကြီး အောက်ကို သူများတွေဝင်တော့ ကိုယ်လည်း ဘုမသိဘမသိဝင်ကြည့်သည်။ “ခုချိန်များ ခေါင်းလောင်းကြီး ပြုတ်ကျရင် ငါတော့သေ မှာပဲ” ဟု စိတ်ထဲထင့်သွားပြီး ခေါင်းလောင်း ကြီးအောက်မှ အမြန်ပြေးထွက်ခဲ့ဖူးသည်ကို မမေ့။နောက်တော့ ဆရာဝန်ကြီးလည်း ရန် ကုန်ပြောင်းသွားသည်။ အမေက မခွဲနိုင်ပါ ဆိုသဖြင့် မိမိလည်းရွာမှာပဲ ကျန်ရစ်ခဲ့သည်။ လေးတန်းအောင်တော့ ကိုရင်ဝတ်ပြီး စစ် ကိုင်းတောင် ရောက်သွားသည်။ စစ်ကိုင်း ရောက်ပြီး လေးငါးနှစ်မျှအကြာ၌ ဆရာဝန် ကြီး အညာကိုရောက်လာသေးသည်။ “ကိုရင် ဝတ်နေတယ်ဆိုလို့၊ တွေ့ချင်လို့” ဆိုပြီး မိမိကို လာ တွေ့သည်။ သူတို့ ပြန်သွားတော့ ငယ် ငယ်တုန်းက မင်းကွန်းကို စိတ်က လွမ်းမိသွား သည်။(၃)စာသင်သားဘဝဖြင့် မန္တလေး ရောက် တော့ အောက်ပြည်အောက်ရွာမှ ရောက်လာ သမျှ ဧည့်အတော်များများကို ဘုရားဖူး လိုက်ပို့ရသည်။ ကျောင်းထိုင်ဆရာတော်၏အစီအမံ ဖြင့် မိမိက အလိုလိုဧည့်လမ်းညွှန်ဖြစ် ခဲ့ရသည်။ “ ဦးဇင်းက စစ်ကိုင်းကဆိုတော့” ဟု အစချီလျက် စစ်ကိုင်း ဘက် ဘုရားဖူးသွား မည့် ဧည့်သည်တို့ကို မိမိလက်ထဲ ထိုးအပ် သည်။ နောက်တော့ မုံရွာသမ္ဗုဒ္ဓေနှင့် မင်း ကွန်းကလည်း မိမိခရီးစဉ်ထဲ အလိုလိုပါလာ ရတော့သည်။  စက်လှေတွေမထွန်းကားမီက မရမ်းခြံ ဆိပ်မှတစ်ဆင့် မင်းကွန်းဘက်ကို ငှက်စီးပြီး သွားရသည်။ ရေကြီးခါမျိုးမှာ မင်းကွန်းဘက် ကူးမိ လျှင် လှိုင်းက နည်းနည်းထန်ချင် သည်။ တစ်ခါတစ်ခါ  ရင်ထိတ်ချင်စရာ ကောင်း လောက် အောင် လှေကမြောက်မြောက်တက် သွားတတ်သည်။ တစ်ခါမှ မင်းကွန်းမရောက် ဖူးသူများပါလာလျှင် မြစ်ထဲကနေပြီး “ဟိုဟာ ပုထိုးတော်ကြီး၊ ဟိုဟာက ခြင်္သေ့ကြီး” စသည် ဖြင့် သိသိသာသာ ဆရာကြီးလုပ်ခွင့်ရသည်။ “တပည့်တော်က ဒါနဲ့ပါဆိုသုံးခေါက်” ဆိုသူ များပါလာလျှင်တော့ အသာလေးငြိမ်နေ လိုက်သည်။    တစ်ခါက ဦးဇင်းတစ်ပါးက သူ့ဧည့်သည် များကို မင်းကွန်းလိုက် ပို့ချင်လို့ ဦးဇင်းလည်း လိုက်ခဲ့ပါဆိုသဖြင့် မိမိလည်း သူတို့အဖွဲ့နှင့်ပါ သွားသည်။ ဒီတစ်ခါတော့ မိမိက နောက် လိုက်။ မင်းကွန်းရောက်တော့ သူတို့အသိ သီလရှင်ဆရာကြီးများ ကျောင်းကို အရင်သွား သည်။ပြောကြစတမ်းဆို ထိုကျောင်းကို သူ တို့လည်းမသိ၊ မိမိလည်းမသိ။ သို့ဖြင့် လမ်း ၌တွေ့သမျှ ခုနစ်ရက်သားသမီးတို့ကို မေး ရင်းမြန်းရင်း ထိုကျောင်းကိုရောက်တော့ ၁၀ နာရီတောင်ကျော်ပြီ။ နေရာက အတော်လေး လည်း ခေါင်သည်။ ဆရာကြီးများက ဧည့်ဝတ် ကျေပွန်စွာဖြင့် ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ကြ သည်။“ဟေ့ မောင်နန္ဒ၊ ဆရာကြီး တွေ အားနာ စရာကြီးကွာ၊ လမ်းက ထမင်းဆိုင်မှာ စားခဲ့ ကြရအောင်လို့ ငါပြောရက်သားနဲ့” ဟုဆို တော့ သူ က “ရပါတယ်ဦးဇင်း၊ အားနာရမယ့် သူတွေမဟုတ်ပါဘူး” ဆိုသည်။ သို့ ဖြင့် အချိန် တန်တော့ “ဆွမ်းပြင်ပြီး ပါပြီ” ဟူသောအသံကို နားဝင်ချိုလှစွာ ကြားလိုက်ရတော့သည်။ သူတို့ ဟင်းလျာတွေက ဘာကမှ အထူးအ ဆန်းမပါ။ ရိုးရိုးလေးသာဖြစ်သည်။ မိမိမှတ်မိ နေသော ဟင်းတစ်ခွက်က ကြက်ဟင်းခါးသီး ချက်ဖြစ်သည်။ မိမိတစ်သက်၌ “အမြိန်ဆုံး” ဟု  ကိုယ့် ဘာသာ အသိအမှတ်ပြုထားသော ထမင်းဝိုင်းတို့ လေးငါးဝိုင်းထက် မပိုပါ။ ထိုအထဲတွင် မင်းကွန်းတောင် ရိုးတစ်နေရာ၌ ဆာဆာနှင့်လွေးခဲ့ရသည့် ထိုထမင်းဝိုင်းလေး လည်း အပါအဝင်ဖြစ်သည်။(၄)ဘိုးတော်ဘုရားလက်ထက်က တည် ထားခဲ့သော ကြီးလေးကြီးက ရာ ဇဝင်၌ ထင် ရှားခဲ့သည်။ ထိုကြီးလေးကြီးသည်ကား ပုထိုး တော်ကြီး၊ ခြင်္သေ့ကြီး၊ ခေါင်းလောင်းတော် ကြီးနှင့် ကန်တော်ကြီးတို့ဖြစ်သည်။ ထိုတွင် ရှေ့ပိုင်း ကြီးသုံးကြီးက မင်းကွန်း၌ရှိပြီး အမှတ် ၄ ကန်တော်ကြီးက မင်းကွန်းသွား ကားလမ်းဘေး၌တွေ့ရ သော ကြက်ထောင့် ရွာ၏ အနောက်ဘက်၌ ရှိသည်။ပုဂံကိုရောက်လျှင် ဘုရားရာဇဝင်ကို ပြောပြနေသော ဒေသခံ ကလေးငယ်တို့၏နှုတ်ဖျား၌ ပုဂံမင်းများနှင့် စေတီပုထိုးတို့က ဇာတ်လိုက် ဖြစ်ဘိသကဲ့သို့ မင်းကွန်းကို ရောက်လျှင် ဒေသခံကလေးငယ်တို့၏နှုတ် ဖျား၌ ဘိုးတော် ဦးဝိုင်း၊ ကြီး သုံးကြီးနှင့် မြသိန်းတန်ဘုရားက ဇာတ်လိုက်ဖြစ်သည်။    ”တကယ်လို့ ဒီမင်းကွန်းပုထိုး တော်ဘုရားကြီး သာ ပြိုခဲ့မယ်ဆိုရင် တဲ့  ကိုယ့်အဖေအမေသေ တာတောင်မှ လှည့်မကြည့်ကြနဲ့။ ဒီထဲမှာ ဌာပနာတွေကများလို့ဆိုပြီးတော့ လာပြီး တော့ လုလှည့်ကြလို့ပြောတာရယ်၊ အမှန် တကယ်ဆိုတော့ကျ ဘုရားပစ္စည်းကို မယူ ကောင်းဘူးရယ်။ ငရဲမကြောက်တဲ့လူတွေ လာပြီးတော့ လုကြလှည့်လို့ ပြောတာရယ်။ ဒီပုထိုးတော်ဘုရားကြီးရဲ့ အလယ်ကောင် တည့်တည့်မှာ ဘိုးတော်ဦးဝိုင်းက ရွှေလှည်း ကိုးစီးတိုက်၊ ငွေလှည်းကိုးစီးတိုက်၊ ပတ္တမြား လှည်းကိုးစီးတိုက်၊ ကျောက်စိမ်းလှည်း ကိုးစီး တိုက်နဲ့ ဌာပနာတွေ ပိတ်ထားတာရှိတယ် ရယ်”“ဒီအရှေ့ဘက်က ခြင်္သေ့ကြီး နှစ်ကောင် ကကျ ညီနောင်ရယ်။ တစ်ကောင်တစ်ကောင် ကို အတောင်ခြောက်ဆယ် မြင့်တယ်ရယ်။ ခြင်္သေ့ဆိုတာက တိရစ္ဆာန်ရယ်၊ ဘုရားပြီးမှ တည်ကောင်းတာ၊ ဘုရားမပြီးခင်မှာ ခြင်္သေ့ ကြီးတွေပြီးသွားတော့ ဘုရင်ကခိုက်ပြီးတော့ နတ်ရွာစံသွားတာ။ ရှေးရှေးတုန်းကကျ မင်း ကွန်းခေါင်းလောင်းကြီးက တီးရင် အသံ မမြည်ဘူးရယ်။ ရွှေရယ်၊ ငွေရယ်၊ ကြေးရယ်၊ ဘော်ရယ်၊ သံရယ် ငါးမျိုးစပ်လိုက်မှ အသံ မြည်သွားတာ”။ “ဟိုး မြောက်နားလေးက ကျောက်လမ်းမအဆုံးမှာကျ မြသိန်းတန် ဘုရားဆိုတာရှိသေးတယ်။ ဒါကကျ ဘိုး တော်ဦးဝိုင်းရဲ့ သမီးတော်လေးတည်ထား ခဲ့တာ။ တစ်သိန်းတန်တဲ့ မြတဘက်ကို ဌာပ နာလို့ဆိုပြီးတော့  မြသိန်းတန်ဘုရားလို့ ခေါ် ခဲ့တာရယ်။ အလယ်လမ်းကကျ ရှင်ဘုရင်နဲ့ မိဖုရားတက်တာ။ ဘေးနှစ်လမ်းကကျ သား တော်နဲ့ မှူးကြီးမတ်ရာတွေတက်တာ”(၅)မင်းကွန်းကိုရောက်ဖူးသူတိုင်း ဒေသခံ ကလေးငယ်တို့၏နှုတ်ထွက်မင်းကွန်းရာဇဝင် ကို စိတ်ဝင်စားဖွယ်ရာ နာကြားဖူးကြမည် ထင် ပါသည်။ ပါးစပ်ရာဇဝင်ဖြစ်သည်ဆိုစေဦး မင်းကွန်းကိုရောက်နေသည့်အခိုက် မင်းကွန်း လေကို ရှူရှိုက်ပြီး မင်းကွန်းသံလေးတွေ ကြားနေရခြင်းကိုက မင်္ဂလာတစ်ပါးဟူသော အသိဖြင့် စိတ်ကကြည်နူးသည်။လွန်ခဲ့သည့်နှစ်က မိတ်ဆွေမိ သားစုကို မင်းကွန်းလိုက်ပို့ဖြစ်သည်။ မြသိန်းတန်ဘုရား ကိုရောက်တော့ “ကဲ၊ တက်ကြ၊ ဒီကပဲ စောင့် နေမယ်” ဆိုပြီး သူတို့ချည်းလွှတ်လိုက်သည်။ မိမိကအနီးအနားကပန်းချီပြခန်းလေး တွေထဲ ဝင်ပြီး ပန်းချီကားတွေကြည့်ရင်း စောင့်နေ လိုက်သည်။ ခေါင်းလောင်းကြီးကိုရောက် တော့ ပတ်ဝန်းကျင်ကို အကဲခတ်မိသည်။ ခေါင်းလောင်းကြီး၏ ပရိဝုဏ်က ခေါင်း လောင်းကြီး၏ ဂုဏ်သတင်းနှင့် မလိုက်ဖက် လောက်အောင် အမှိုက်သရိုက်များ ရှုပ်ပွနေ သည်။ ညစ်ညစ်ပေပေကြီး ဖြစ်နေသည်ဟု ခံ စားမိသည်။ကမ္ဘာလှည့်တို့  မပြတ်ရောက်ရှိနေ သော ထိုဒေသဝန်းကျင် သာယာလှပဖို့၊ သန့်ရှင်း သပ်ရပ်ဖို့၊ “ နိုင်ငံတော်၌ တာဝန်ရှိ သည့်  နည်းတူ ဒေသခံတို့၌လည်း တာဝန်ရှိ သည်သာ” ဟု တွေးရင်း ခေါင်းလောင်းကြီး အောက် မှ အထိတ်တလန့်  ပြေးထွက်ခဲ့ဖူး သော တစ်ခါ က ငယ်ဘဝကို  ဖျတ်ခနဲ သတိရ မိသွားသည်။
 

Most Read

Most Recent