စက်တင်ဘာ ၁၃

စက်တင်ဘာ ၁၃
Published 7 September 2015
ဝင်းနိုင်ထွန်း

၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်သည် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ကို ပြဋ္ဌာန်းခဲ့သောနေ့ဖြစ်သည်။ ထိုနေ့ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့ကို “လူကုန် ကူးမှုတိုက်ဖျက်ဖို့၊ တာဝန်ကိုယ်စီ ယူကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျင်းပမည်ဖြစ်သည်။
ထိုနေ့ရည်ရွယ်ချက် ငါးချက်မှာ
(၁)လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူး ပေါင်းဆောင်ရွက်ရန်။(၂) လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူလူထုအတွင်း လူ ကုန်ကူးမှု အသိပညာပေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန်။(၃) လူကုန်ကူးသူများကို ဥပဒေနှင့်အညီ အမှုခိုင်မာစွာတည်ဆောက်၍ တရားစွဲတင်ပို့ရေးဆောင်ရွက်ရန်။ (၄)လူကုန်ကူးခံရသူများအား အကာ အကွယ်ပေးရေးနှင့် ၎င်းင်းတို့၏ဘ၀ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်။ (၅) လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဋ္ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်။
အိမ်နီးချင်းနိုင်ငံများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေပြဋ္ဌာန်းသည့်နေ့ (သို့မဟုတ်) လူကုန်ကူးမှုနှင့်ပတ်သက်သည့် နောက်ဆက်တွဲစာချုပ်၊ ကုလသမဂ္ဂကွန်ဗင်းရှင်းသို့  လက်မှတ်ရေးထိုးသည့်နေ့များ စသည့်ရက်များအား သတ်မှတ်လေ့ရှိကြသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် တိုက်ဖျက်ရန် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် UNAIP တို့ပူးပေါင်းပြီး အစိုးရဋ္ဌာနများ၊ အစိုးရမဟုတ်သော ကိုယ်စားလှယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အတူ လူကုန်ကူးမှုအရေးယူဆောင်ရွက်နိုင်ရန် နယ်လှည့်သင်တန်းပေးရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက် ခဲ့ကြသည်။
မြန်မာနိုင်ငံသည် United Nations Convention Against Transnational Organized Crime (UNCTOC) နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး Protocol to  Prevent, Suppress and Punish Trafficking in Persons, especially Women and Children ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ စာချုပ်များဖြစ်တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာနှင့် လူမှောင်ခိုမှုတိုက်ဖျက်ရေးဆိုင်ရာ ( Protocol against the Smuggling of Migrants by Land, Air and Sea) စာချုပ်တို့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်မှာ ဝင်ရောက်ခဲ့သည်။
၂၀၀၄ ခုနှစ်ကတည်းက မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ နိုင်ငံများ၏ ဝန်ကြီးအဆင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း The Coordinated Mekong Ministerial Initiative against Trafficking (COMMIT) အောက်တွင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်ခဲ့သည်။
ယခင်က မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ဥပဒေဘောင်သတ်မှတ်ချက်  ( Legal Framework) နှင့် (National Institution) များ မရှိခဲ့သော်လည်း လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာစံချိန်စံညွှန်းမီသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြ ဋ္ဌာန်းနိုင်ခဲ့သည်။ ထိုဥပဒေနှင့်အညီ ၂၀၀၆ ခုနှစ်မှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တိုင်းဒေသ ကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆင့်သောအဖွဲ့များ ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူး အဖွဲ့များ ဖွဲ့စည်းခြင်းတို့ဆောင်ရွက်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ၂၀၀၉ ခုနှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ နှစ်စဉ် လူကုန်ကူးခံရသူများ ပြန်လည်တွေ့ဆုံပွဲများပြုလုပ်နိုင်ခြင်း၊ ၂၀၁၅ခုနှစ် မဲခေါင်လူငယ်ဖိုရမ်များ ကျင်းပနိုင်ခဲ့ ခြင်းတို့ လုပ်ဆောင်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပထမ ငါးနှစ်စီမံကိန်းကို (၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခု နှစ်) ထိလည်းကောင်း၊ ဒုတိယ ငါးနှစ်စီမံကိန်းကို (၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်) ထိလည်းကောင်း ကာလသတ် မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ထိုစီမံကိန်းများ အကောင်အထည်ဖော်ရန် နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲကာ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကဏ္ဍငါးရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြို တင်တားဆီးကာကွယ်ရေး၊ တရားစွဲဆိုရေး၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးနှင့် စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လက်ရှိသည်။
အာရှ-ပစိဖိတ်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်ဖြစ်သည့် Bail Process တို့တွင် ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ ပြစ်မှုမြောက်သည့် မူဝါဒလမ်းညွှန်ချက် Policy Guide on Criminal-izing Migrant Smuggling and Trafficking in Persons ကို ချမှတ် နိုင်ခဲ့ကြသည်။
ဂျပန်အစိုးရ၏အကူအညီဖြင့် ၂၀၁၄ ခုနှစ်အတွင်း ကော့သောင်း မြို့နှင့်မြဝတီမြို့တို့တွင် လူကုန်ကူး ခံရသူများအတွက် ဂေဟာနှစ်ခုဖွင့် လှစ်နိုင်ခဲ့သည်။JICA စီမံကိန်းကလည်း လူကုန်ကူးခံရသူများအား ကာ ကွယ်စောင့်ရှောက်ပေးမှု သင်တန်းများ၊ ဂျပန်နိုင်ငံသို့စေလွှတ်ကာ သင်တန်းပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်တွင် သြဂုတ်လက တွေ့ရစဉ်
လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် (Victim Centered Approach) လူကုန်ကူးခံရသူကို ဗဟိုပြုချဉ်းကပ်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ရသောကြောင့် လူကုန်ကူးခံရသူများ၏ အတွေ့အကြုံ၊ ခံ စားချက်များကို မူဝါဒချမှတ်သူများက အမြဲအလေးထားနားထောင်ပေးနေရသည်။ သို့ကြောင့်လည်း နှစ်စဉ် လူကုန်ကူးခံရသူများ တွေ့ဆုံပွဲ (Survivor Gathering) ကို နှစ်စဉ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဦးဆောင်မှုနှင့် ပြုလုပ်ပေးလျက်ရှိသည်။ လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရင်း ပြစ်မှုဆိုင် ရာ တရားစီရင်ရေးလုပ်ငန်းစဉ်များမှာ သူတို့ပါဝင်လာမှ အောင်မြင်သည့်  တရားစီရင်လုပ်ငန်းဖြစ်မှာဖြစ် သည့်အတွက် တရားစွဲရေးလုပ်ငန်းမှာ ရဲတပ်ဖွဲ့ဝင်၊ ဥပဒေအရာရှိနှင့် လူကုန်ကူးခံရသူများ ပူးပေါင်းဆောင် ရွက်ကြရသည်။
နှစ်စဉ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ကြပ်မတ်ရေးနှင့် တိုက် ဖျက်ရေးဌာနမှ တစ်ကမ္ဘာလုံးရှိနိုင်ငံများ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကို ၎င်းင်း၏ ၂၀၀၀ ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေနှင့်အညီ ချိန်ဆအကဲဖြတ်ကာ အဆင့်များ သတ်မှတ်ထုတ်ပြန်လေ့ရှိခဲ့သည်။
ယခုနှစ်အတွက်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်  ၂၇ ရက်တွင် ထုတ်ပြန်သည့် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုအဆင့်သတ်မှတ်ချက်ကို အဆင့် ၂ စောင့်ကြည့်စာရင်းအဖြစ် ဆက်လက်သတ်မှတ်ပေးထားသည်။ ထိုအဆင့် ၂ စောင့်ကြည့်စာရင်း အဆင့်ကို ၂၀၁၂ ခုနှစ်မှစ၍အဆင့် သတ်မှတ်ပေးထားရာ ယခုနှစ်အထိဆိုလျှင် လေးကြိမ်ရှိပြီဖြစ်သည်။ ယခုနှစ်တွင် အဆင့်၂ စောင့်ကြည့်စာရင်းအဖြစ် ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ၂၀၁၅ ပြည့်နှစ် နှစ်စဉ်လုပ်ငန်းစီမံချက်ရေးဆွဲထားခြင်း၊ ထိုလုပ်ငန်းစီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပါကလည်း အမေရိကန်နိုင်ငံ ၂၀၀၀ ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၏ အနိမ့်ဆုံးစံသတ်မှတ်မှုများနှင့်မခြား အကောင်အထည်ဖော ခြင်းဖြစ်သည်ဟု ယူဆထားသောကြောင့် သက်ညှာစွာဖြင့် အဆင့် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုနှစ် အဆိုပါထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် လုပ်ဆောင်ရန်ထောက်ခံအကြံပြုချက် ၁၃ ချက် ထုတ်ဖော် ထားသည်။
(က) ပြည်တွင်းလူကုန်ကူးမှု ဖြစ်ကြသော လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုနှင့် လုပ်အားအတွက် လူကုန်ကူးမှု အမှုများကို အားကြိုးမာန်တက် တရားစွဲဆိုရန်နှင့် ထိုပြစ်မှုများကျူးလွန်သူများကို အပြစ်ပေးရန်။
(ခ) ဥပဒေအရာရှိ၊ နယ်မြေရဲ နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပိုမိုပူးပေါင်းဆောင် ရွက်ကြရန်နှင့် ဥပဒေအရာရှိများ စွမ်းရည်မြှင့်ပေးရန်။
(ဂ) ပြည်တွင်းလူကုန်ကူးသူ များကို ပြစ်မှုဆိုင်ရာတရားစီရင်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့် ဆောင်ရွက်သွားရန်၊ ကလေးစစ်သားစုဆောင်းမှုနှင့် အဓမ္မခိုင်းစေမှုအပါအဝင် ပြည်တွင်းလူကုန်ကူးမှုတွင် ပါဝင်ကျူးလွန်သည့် စစ်ဘက်ဆိုင်ရာ ထိုပြစ်မှုကျူးလွန်သူများ၊ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရန်။
(ဃ) လက်နက်ကိုင်တပ်ဖွဲ့များမှ ကလေးစစ်သားစုဆောင်းမှုများ အားလုံးရပ်စဲရန်နှင့် တပ်မတော်ထဲတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကလေးသူငယ်များအားလုံးကို ထိရောက်စွာစိစစ်သတ်မှတ်ပြီး နုတ်ထွက်ခွင့်ပြုရန်။
(င) ဘဝရပ်တည်ရန်ခက်ခဲနေသည့် အုပ်စုများထဲမှ လူကုန်ကူးခံရသူများအား ပြန်လည်လွဲှပြောင်းပေးရေး လုပ်ထုံးလုပ်နည်းများနှင့် တရားဝင်စိစစ်မှုများ တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်။
(စ) မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားရှိနေသည့် နိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော ကောင်စစ်အရာရှိများနှင့် အလုပ်သမား သံအရာရှိများအတွက် သင်တန်းများနှင့် လိုအပ်သောအ ထောက်အပံ့များ ဖြည့်ဆည်းပေးရန်။
(ဆ) ပြည်တွင်း၊ နိုင်ငံတကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်ဖြစ်မှုမှတစ်ဆင့် လူကုန် ကူးခံရသူများအတွက် စောင့်ရှောက်ရေးဂေဟာများ၊ လူကုန်ကူးခံရသူ အမျိုးသားများအတွက် ဝန်ဆောင်မှုများ၊ ကလေးစစ်သားအဖြစ် ယခင်တာဝန် ထမ်းဆောင်ခဲ့ရသူများအတွက် မိဘရပ်ထံ ပြန်လည်ပေါင်းစည်းရေး အထောက်အပံ့များ စသည်တို့ အပါအဝင် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး ဆိုင် ရာကြိုးပမ်းဆောင်ရွက်မှုများကို ဦးစားပေးအဆင့်အတန်းသတ်မှတ်ရန်နှင့် ထူးထူးခြားခြား တိုးမြှင့်ဆောင် ရွက်ရန်။
(ဇ) လူကုန်ကူးခံရစဉ်အတွင်း ကျူးလွန်ခဲ့မှုအတွက် အဆိုပါလူကုန်ကူးခံရသူများအား အပြစ်ပေးခြင်းမပြုရန်၊ သို့မဟုတ် တပ်မှထွက်ပြေးရန်ကြိုးပမ်းသည့် ကလေးသူငယ်များအပါအဝင် အဓမ္မခိုင်းစေခြင်းကြောင့် ရှောင်ပြေးသူများအား အပြစ်ပေးခြင်းမပြုရန်။
(ဈ) တပ်သားသစ် စုဆောင်းရာတွင် အသက်စိစစ်မှုလုပ်ငန်းလုပ်ထုံးလုပ်နည်းများကို တိုးမြှင့်ဆောင်ရွက်ရန်။
(ည) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ လူကုန်ကူးမှုအမှု များစုံစမ်းစစ်ဆေးရေး၊ တရားစွဲဆို ရေး စသည့် လိုအပ်သည့်လုပ်ပိုင်ခွင့်များအား ရှင်းလင်းတာဝန်ပေးအပ်ထားရန်။
(ဋ) အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ကလေးများစစ်မှုထမ်းဆောင်စေမှုတို့ ဖြစ်ပေါ်စေသည့် တပ်သား အများအပြားပြည့်မီအောင်စုဆောင်းရမှုနှင့် အရပ်သားများအား အထမ်းသမားများအဖြစ် ခိုင်းစေမှုအလေ့ အထတို့ပါဝင်သည့် တပ်မတော်၏မူဝါဒ ပြုပြင်ပြောင်းလဲရန်။
(ဌ) စစ်သားစုဆောင်းရေးစင်တာများ၊ သင်တန်းကျောင်းများနှင့်  တပ်မတော်အခြေစိုက်စခန်းများတွင် ကလေးစစ်သားရှိမရှိ၊ စစ်ဆေးနိုင်ရန် နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့များအား အဆိုပါနေရာတစ်ခုခု ကိုဖြစ်စေ  သို့မဟုတ် အဆိုပါနေရာများအားလုံးကိုဖြစ်စေ အဆီးအတားမရှိ စစ်ဆေးခွင့်ပြုရန်။
(ဍ) လူကုန်ကူးမှုနှင့်စပ်လျဉ်းသော ပြစ်မှုဆိုင်ရာတရားစီရင်လုပ်ငန်းစဉ်တွင် လူကုန်ကူးခံရသူများ၏ ပူးပေါင်းပါဝင်မှု လွယ်ကူချောမွေ့စေရေးနှင့်စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများတွင် လူကုန်ကူးခံရသူများကို ဗဟိုပြုချဉ်းကပ်နည်းဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အမှုကိုင်တာဝန်ခံတစ်ဦးခန့် အပ်ရန်။
၂၀၁၆ ခုနှစ် ဧပြီလအထိ ယခုနှစ်ထုတ်ပြန်ထားသည့် အစီရင်ခံစာပါ အကြံပြုချက်များကို ပြည့်မီ ရန်သော်လည်းကောင်း၊ ၎င်းင်းတို့၏ ၂၀၀၀ ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ ပြည့်မီအောင် အနိမ့်ဆုံးအဆင့်ထိ မစွမ်းဆောင်နိုင်ပါက မြန်မာ နိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အဆင့်သည် လာမည့် ၂၀၁၆ ခုနှစ် တွင် အဆင့် ၃ သို့ အလိုအလျောက် ကျရောက်သွားမည်ဖြစ်သည်။
လူကုန်ကူးမှုပြဿနာ ကိုင်တွယ်ဖြေရှင်းရာမှာ မူရင်းနိုင်ငံ (Source Country) များကိုသာ အ ပြစ်တင်ခဲ့ကြသော်လည်း ယခုအခါ ဆိုက်ရောက်နိုင်ငံ (Destination Country) များပါ တာဝန်ရှိလာကြောင်းကို နိုင်ငံတကာက အသိအမှတ်ပြုလာသည့်အတွက် မူရင်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ နှစ်ဖက်စလုံး ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန်လိုအပ်သည်။
သို့ကြောင့်လည်း ဒေသတွင်း နိုင်ငံများနှင့် ပြစ်မှုဆိုင်ရာတရား စီရင်ရေးလုပ်ငန်းများကို အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသည်။ တစ်ချိန်တည်းမှာပင် ၂၀၀၅ ခုနှစ်ကတည်းက အတွေ့အကြုံတွေ ပေါ်အခြေခံကာ လက်ရှိအခြေအနေနှင့် မကိုက်ညီမှုများမရှိသော ဥပဒေရေးရာများ တွေ့ရှိလာရသည်။သို့ကြောင့် ၂၀၀၅ခုနှစ်က ပြဋ္ဌာန်းခဲ့ တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်လာသည်။ သို့ကြောင့် ဥပဒေကို ပြန်လည်သုံးသပ်ရေးဆွဲ ရန်လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုရဲ့ လုပ်ငန်းအဖွဲ့သုံးခုအနက်က ဒုတိယရှေ့နေချုပ်ဦးဆောင်သော ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့က ပြည်တွင်း/ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် ဆောင်ရွက်လျက်ရှိသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး မည်သည့်နိုင်ငံမှာမှ ပြီးပြည့်စုံသည့် ဆောင်ရွက်မှုမျိုး မရှိကြသော်လည်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာနိုင်ငံ၏လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည်  
တဖြည်းဖြည်းနှင့် ပြည့်စုံသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

Most Read

Most Recent