ဒီမိုကရေစီအတွက် သူတို့ကို လွတ်လပ်ခွင့်ပေးပါ

ဒီမိုကရေစီအတွက် သူတို့ကို လွတ်လပ်ခွင့်ပေးပါ
Published 7 September 2015
ကျော်ဇောလင်း

ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ် အထွန်းကားဆုံးက အမေရိကန်ပြည်ထောင်စုလို့လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ဟာ လူကြိုက်အများဆုံးစနစ်တစ်ခုအဖြစ် ရပ်တည်နေတာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံအများစုမှာ လူအများစု လက်ခံကြတဲ့ ဒီမိုကရေစီစနစ်ကို ကိုင်စွဲပြီးသွားနေကြတယ်။ မြန်မာနိုင်ငံကတော့ လွတ်လပ်ရေးရပြီး နောက်မှာတစ်ပါတီစနစ်၊ အာဏာရှင်စနစ်အောက် ရှိနေခဲ့တဲ့အချိန်ကများနေခဲ့တယ်။ တိုင်းပြည်ကောင်းစားရေးထက် အာဏာတည်မြဲရေးနဲ့ ကိုယ့်မိသားစု၊ ကိုယ့်အစုအဖွဲ့ကိုယ် ပဲကြည့်ခဲ့ကြလို့ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ တစ်နိုင်ငံလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရပါတယ်။ ဒီတော့ ပြည်သူလူထုက ခေတ်စနစ်ကိုပြောင်းလဲဖို့ အသက်သွေးတွေနဲ့ရင်းပြီး တော်လှန်ခဲ့ကြတယ်။ အာဏာရှင်တွေကို ဆန့်ကျင်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးဟာ  ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံအပြီး ၂၂ နှစ်အကြာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလ လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းလာနိုင်ခဲ့ပါတယ်။ ၂၀၁၁ကနေ အခု ၂၀၁၅ အထိ အာဏာရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီနစ်ကို ကူးပြောင်းလာခဲ့ပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက်တော့ အစိုးရ သစ်လက်ထက်မှာ အားနည်းချက်တွေ၊ ဝေဖန်ခံရမှုတွေနဲ့ ဒီမိုကရေစီ နောက်ကြောင်းပြန်နိုင်တဲ့ အခြေအနေတွေသာ အများအားဖြင့် မြင်နေရပါတယ်။
လူထုက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ယုံကြည်ပေးနိုင်ဖို့ခက်လာကြတယ်။ အစိုးရရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ စံပေတံတွေက အချို့နေရာတွေမှာ ကြောက်စရာကောင်းအောင် ကျိုးပျက်နေတယ်။ ဒီလိုကြောက်စရာအခြေအနေတွေကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်နေ တယ်ဆိုတဲ့အပေါ် အားလုံးက စောင့်ကြည့်နေကြရပါတယ်။
ဒီမိုကရေစီအောင်မြင်ပါတယ်ဆိုတဲ့ အမေရိကန်မှာလည်း အားနည်းချက်အချို့တော့ ရှိနေလိမ့်မယ်။ စနစ်တစ်ခုအပေါ် လူတိုင်း မှီခိုလက်ခံအားထားမှာမဟုတ်ဘူး။ ဒါပေမဲ့ ခိုင်မာတဲ့စနစ်တစ်ခုဖြစ်ရင်တော့ လူအများစုက ယုံကြည်လက်ခံကိုးစားကြတယ်။
ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးမှာ မျှတတဲ့တရားစီရင်ရေး စနစ်ဆိုတဲ့အချက်ဟာ အဓိကနေရာကပါတယ်။ ဒီလို မူလအခွင့်အရေးတွေကို ဥပေက္ခာပြုမယ်။ ပြည်သူ့အတွက် အရေးပါတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေမယ်ဆိုရင် ဒီမိုကရေစီခရီးက ဆက်လျှောက်ဖို့ မဖြစ်နိုင်ပါဘူး။
အမေရိကန်အပါအဝင် ဒီမိုကရေစီစနစ် အခိုင်အမာကျင့်သုံးနေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေမှာ ပြည် သူတစ်ဦးအဓိကရသင့်တဲ့ မျှတတဲ့ တရားစီရင်ရေးလို အခွင့်အရေးမျိုးကို အပြည့်အဝပေးထားပါတယ်။ ဒီမိုကရေစီမှာ ဒီလိုအခွင့်အရေးတွေအတွက် အာမခံချက်ရှိရပါမယ်။
အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၁ ရက်မှာ ဦးဆောင် လှုပ်ရှားမှုတစ်ခု စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဒေါ်နော်အုန်းလှနဲ့ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အပါအဝင် ကမ္ဘာအနှံ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး ၂၀ ကို လွှတ်ပေးဖို့  “Free The 20” လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။
ဒီတစ်ပတ် သတင်းသုံးသပ်ချက်ကဏ္ဍမှာ အမေရိကန်ကအစပြုလိုက်တဲ့ ဒီမိုကရေစီရေး လှုံ့ဆော်မှုတစ်ရပ်ဖြစ်တဲ့ “Free The 20” လှုပ်ရှားမှုကို ပြန်လည်သုံးသပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 
Free The 20
 “Free The 20” လှုပ်ရှားမှုကို နိုင်ငံပေါင်း ၁၈၉ နိုင်ငံက စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို အသိအမှတ်ပြုမှု Beijing Declaration ဘေဂျင်း ကြေညာစာတမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာအနံှံ့ရှိ မတရားမှုများနဲ့ သူတု့ိအမြင်တွေကို ထုတ်ဖော်မှုကြောင့် အကျဉ်းချခံ ထားရတဲ့ အမျိုးသမီး ၂၀ ကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ ဖမ်းဆီးခံအမျိုးသမီး ၂၀ ထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဒေါ်နော်အုန်းလှနဲ့ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင်တို့ ပါဝင်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆမန်သာပါဝါက ဒီလှုပ်ရှားမှုအတွက် Hashtag အဖြစ် #FreeThe20 ကိုအသုံးပြုပြီး ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများအနေနဲ့ ကမ္ဘာအနှံ့ မတရားဖမ်း ဆီးခံထားရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ပါဝင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဒါပေမဲ့ ကမ္ဘာအနှံ့အစိုးရအမျိုးမျိုးရဲ့ လက်အောက်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အမျိုးသမီးတွေ အများအပြားရှိနေဦးမယ်။ FreeThe 20 လှုပ်ရှားမှုဟာ ကမ္ဘာအနှံ့က မတရားအကျဉ်းချခံ အမျိုးသမီးထု အတွက် ကိုယ်စားပြုတာဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ Free The 20 ရဲ့ အမျိုးသမီး ၂၀ စာရင်းမှာ မြန်မာက နှစ်ဦး၊ အီသီယိုးပီးယားက သုံးဦး၊ အဇာဘိုင်ဂျန်က နှစ်ဦးပါဝင်နေပါတယ်။ ဒီလှုပ်ရှားမှုမှာ ပထမဦးဆုံး ဖော်ပြခံထားရသူက တရုတ်နိုင်ငံမှ အသက် ၄၄ နှစ် အရွယ် အမျိုးသမီးရှေ့နေတစ်ဦးဖြစ်ပြီး သူဟာ ဖိနှိပ်ခံရသူတွေအတွက် တရားမျှတမှု တောင်းဆိုတာကြောင့် တရုတ်အစိုးရက ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။
တကယ်တော့ ဘယ်လိုအစိုးရမျိုးပဲဖြစ်ဖြစ် အာဏာရှိတဲ့ဘယ်လိုလူပုဂ္ဂိုလ်ကိုမျိုးပဲဖြစ်ဖြစ် တရားမျှတမှုအတွက် ရဲရဲဝံ့ဝံ့လှုပ်ရှားတောင်းဆိုကြတဲ့ အမျိုးသမီးတွေကို ဖိနှိပ်ပြီး မတရားဖမ်းဆီးထောင်ချမှု လုပ်ရပ်မျိုးတွေကို လုပ်ခဲ့ကြမယ်ဆိုရင် ဘယ်သူတွေကမှ လက်ခံမှာမဟုတ်ပါဘူး။ ဒါတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း
မှာလည်း မရှိသင့် မရှိအပ်တော့ပါဘူး။ ပြည်သူတွေရဲ့ စစ်မှန်တဲ့ လိုအပ်ချက်အတွက် တောင်းဆို တိုက်ပွဲဝင်နေသူ၊ ဝေဖန်ထောက်ပြသူ မည်သူ့ကိုမဆို နှိပ်ကွပ်မှုတွေဟာ ဒီမိုကရေစီနဲ့လားလားမှ မအပ်စပ် ဘူးဆိုတာ သိမြင်ခံယူတတ်ကြရပါလိမ့်မယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းဆဲနိုင်ငံတွေက အာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီခရီးကို မယိမ်းမယိုင်ဘဲ သွားနိုင်အောင် ဒီအချက်တွေကို  သတိပြုဆင်ခြင်တတ်ဖို့ လိုပါတယ်။  ဒီမိုကရေစီခရီးလမ်းကို တကယ် လျှောက်လှမ်းချင်တယ်ဆိုရင် လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစနစ်ခိုင်မာအောင် မလွဲမသွေတည်ဆောက် ရပါလိမ့်မယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံအတွက် မဖြစ်မနေလုပ်ရမှာက  အဂတိ တရားကင်းရှင်းရေးဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်အတွင်းမှာ အကျင့်ပျက်ခြစားမှု ဘယ်လောက်အတိုင်းအတာထိ လျော့ကြအောင် လုပ်နိုင်ခဲ့သလဲ၊ နယ်ပယ်အသီးသီးမှာရှိနေနိုင်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး ပြည်သူတွေ ကျေနပ် အောင် ဘယ်လောက်ထိ အရေးယူ ဖြေရှင်းပေးနိုင်ခဲ့သလဲဆိုတဲ့ ပေတံ နဲ့တိုင်းရင် အဖြေပေါ်ပါတယ်။ ဒီမို ကရေစီစနစ်ကို နောက်ပြန်လှည့်စေနိုင်တဲ့ အဂတိလိုက်စားမှုတွေကို ဖိနှိပ်ရမယ့်အစား တရားမျှတမှု အတွက် တောင်းဆိုနေကြတဲ့သူတွေကို နှိပ်ကွပ်မှုတွေရပ်ဖို့ တောင်းဆိုကြရတော့မှာပါ။ 
 
 

Most Read

Most Recent