ရေဘေးနောက်ဆက်တွဲ

ရေဘေးနောက်ဆက်တွဲ
Published 6 September 2015
မြေနီသစ္စာ

မြန်မာ့ရုပ်မြင်သံကြားကို ဖွင့်လိုက်တိုင်း မျက်နှာပြင်အောက်ခြေက မိုးလေဝသသတင်းကို ကြည့်ဖြစ်အောင် ကြည့်ရလေသည်။
ယနေ့ကာလတွင် မိုးလေဝသသတင်းသည် အချိန်တိုင်း သိထားသင့်အပ်သည့် ကိစ္စဖြစ်သည်။ မြစ်ရေအတက်အကျနှင့် မိုးရေချိန်လက်မတို့က ပုံမှန်သိထားရမည့်ကိစ္စဖြစ်ရာ အချိန်နှင့်အမျှ ကြေညာပေးနေလေသည်။ ယင်းကို ကျွန်တော်သည် အမြဲပင် ဂရုတစိုက် ကြည့်နေရသည်။
ကျွန်တော့်နှစ်ထပ်အိမ်၏ သမံတလင်းသည် မြေကြီးနှင့် သုံးလက်မအမြင့်မှာ ရှိသည်။ မိုးခပ်ပြင်းပြင်း ရွာလိုက်သည်နှင့် ၁၀ မိနစ် လောက်အကြာမှာ နှစ်လက်မအမြင့်ထိ ရောက်လာသည်။ နောက်ထပ်တစ်လက်မ တက်ရန် ၁၀ မိနစ်ကျော်ကျော်သာ မိုးရွာရန်လို၏။ ယင်း ၁၀ မိနစ်ကျော်ကျော်ကို ဖြစ်ပေါ် လာသည့်အခြေအနေအပေါ် ဆက်လက်ကာကွယ်လုပ်ဆောင်နိုင်ရန် ဂရုစိုက်၍ ကြည့်နေရ၏။ သုံးလက်မထိ ရေရောက်သည်နှင့် ကျွန်တော့်အိမ် မီးဖိုချောင်အပါအဝင် ဖိနပ်ချွတ်ထိ ရေဝင်လာတော့သည်။
ယင်းရေဆိုးများ ဝင်လာသည်နှင့် လမ်းပေါ်က အမှိုက်နှင့် စွန့်ပစ်ပစ္စည်း၊ အညစ်အပတ်မှန်သမျှ အိမ်ထဲသို့ လှိမ့်ဝင်လာကြတော့သည်။
ရေတစ်လက်မလောက် နောက်ထပ် တက်လာမည့်အရေးကို နေ့စဉ်နေ့တိုင်း သတိထား တွေးပူနေရလျှင် အိမ်ခေါင်မြုပ်အောင် ရေအောက်ရောက်သွားသော ရေဘေးဒုက္ခသည်တို့၏ အရေးသည် မည်မျှကြီးမားလှ သည်ကို စာနာထောက်ထားနိုင်ပေသည်။ ရေဘေးဒုက္ခသည်တို့၏ စက္ကန့်မလပ်ခံစားနေရသော အခက်အခဲတို့သည် ပရဟိတ စေတနာရှင်တို့၏ ကမ်းလင့်သော ဒါနအလှူတို့ အပေါ်တွင် မှီခိုနေရရှာ၏။ ယင်းတို့၏ဒုက္ခသည် ရေကျသွားစေဦး မူလအခြေပြန်ရောက်အောင် လပေါင်းများစွာ ခံစားနေရဦးမည်ပင်။
ယင်းကြောင့် မိမိလည်း ပရဟိတစေတနာရှင်တို့နှင့် ပူးပေါင်းကာ တတ်နိုင်သမျှ ငွေကြေးစားဖွယ်နှင့် အဝတ်အထည်တို့ကို လှူဒါန်းကမ်းလင့်ရပေသည်။ ရေဘေးဒုက္ခ၏ကြီးမားသော ဝေဒနာအစိုင်အခဲတို့သည် ထု နှင့်ထည်နှင့် ရုတ်တရက်ရောက်လာတတ်ကြလေသည်။
ကမ်းစပ်ရှိ အိမ်နေရာတစ်လျှောက် မြေပြိုကျသူတို့မှာ မျက်စိအောက်မှာပင် ဘုံပျောက်သွားကြလေသည်။ သူတို့အတွက် ရှိသည့်မြေနေရာမှာ ကွန်းခိုဖို့ ချက်ချင်းဖန်တီးရလေသည်။ နစ်မြုပ်ရေတွေကြားမှာ တစ်ဖန် ပြန်လည်ဆောက်လုပ်ဖို့မှာ ဘယ်လိုမှ အဆင်မပြေရှာသဖြင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့မှာ ယာယီနားခိုရလေသည်။
 
ဒီတစ်ခါ  ရေဘေးဒုက္ခသည် ယခင် ဖြစ်စဉ်များကထက် ပို၍ပို၍ကြီးမား၏။ ပို၍ ပို၍ နက်ရှိုင်း၏။ ပို၍ပို၍ မူလအခြေအနေရောက်အောင် ပြန်နာလန်ထူဖို့ရာ အလွန့်အလွန် ခက်ခဲ၏။ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် ပရဟိတအဖွဲ့များ၏ အကျိုးဆောင်မှုဖြင့် နှစ်ရှည်လများ ကြိုးပမ်းအားထုတ်ရတော့မည်ပင်။
ယနေ့ မဟာရေဘေးသည် သစ်တောခုတ်ထွင်ပြုန်းတီးမှုကြောင့် ဖြစ်ရခြင်းပင်။ မြန်မာနိုင်ငံတွင် ယနေ့ထိ သစ်တောအကျယ်အဝန်း အဘယ်မျှရှိသည်ကို ဘာစာရင်းမျှ မရှိ။ သစ်တော ဘယ်လောက်ပြုန်းတီးသွား မှန်းမသိ။ ကြိုတင်ကာကွယ်မှုမရှိ။ ယခု မဟာရေဘေးကြုံတွေ့ရသောအခါ အကာအကွယ် မပေးနိုင်တော့သောကြောင့် ရေဘေးသင့်လူတစ်သန်းနှင့် ဝတ္ထုပစ္စည်းကုဋေကုဋာဆုံးရှုံးတော့၏။
ရေကြီးခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သောအနှစ် ၁၅၀ ခန့် ၁၈၇၂ ခုနှစ်အောက်တိုဘာ လ ၄ ရက်နေ့ထုတ် မြန်မာဂေဇက်သတင်းစာပါ သတင်းတစ်ပုဒ်သည် စိတ်ဝင်စားစရာ ကောင်းလှသည်။
ဧရာဝတီမြစ်ရိုး သရက်မြို့ ပြည်မြို့များမှာ ဧရာဝတီမြစ်ညာက စီးဆင်းလာသော ရေမိုး အလွန်ကြီးလှသောကြောင့် မြစ်နားကမ်းဆိပ်မှာ နှစ်စဉ်ရေမရောက်ဖူးသောကုန်းများကို ရေတက်၍ ရှေးက ဆောက်လုပ်တင်ထားသော ဂွမ်းရုံများကို ပြောင်းရွှေ့ရသည်ဟု ကြားသိရသည်။ သရက်မြို့ကစ၍ အောက်ကို ရေဆင်းကြီးမြို့အထိ ဧရာဝတီမြစ်ညာရေ အလွန်တက်လေသည်။ မြစ်ဆိပ်ကမ်းနားတွင် နေထိုင်ကြသော မြို့ရွာများသည် နစ်မြုပ်သည်သာများလေသည်။ ကြက်၊ ဝမ်းဘဲများကို ထားစရာမရှိသောကြောင့် ငွေတစ်ကျပ် ကြက် ၁၀ ကောင်၊ ၁၂ ကောင်၊ ငွေ တစ်ကျပ် ဝမ်းဘဲလေးကောင်၊ ငါးကောင်ပေး၍ ရောင်းကြသည်။ ရန်ကုန်အပိုင် လှိုင်မြို့နယ်မှာ ချောင်းညာကစီးကျလာသော ရေမိုးကြီးလှ၍ ရှေးကရေလွတ်မြဲအရပ်တွင် စိုက်၍ ထားကြသော စပါးပင်များပေါ်ကို ရေလေးပေတက်၍ နစ်မြုပ်ကြသောကြောင့် စိုက်လုပ်ထားသော စပါးပင်များအနက် တစ်ဝက်ခန့် ပျက်စီးလိမ့်မည်ဟု ကြားသိရသည်။ ရန်ကုန်မြို့အပိုင် သုံးခွနယ်မှာလည်း မြစ်ညာရေ အလွန်ကြီး၍ စိုက်လုပ်ထားသော စပါးပင်များ နစ်မြုပ်ကြသည်။ သို့သော်လည်း ရေ တက်ရေကျရှိသော အရပ်ဖြစ်၍ သုံးပုံတစ်ပုံမျှလောက်သာ ပျက်စီးလိမ့်မည်ဟု ကြားသိရသည်။
တောင်ငူ ရွှေကျင်မြစ်ရိုးတစ်လျှောက်မှာလည်း ယခုနှစ်ရေအလွန်ကြီးသောကြောင့် လယ်ယာများ နစ်မြုပ်ကြသည်ဟု ကြားသိရသည်။ ပဲခူးနှင့်နိုင်ငံအချို့သောနေရာတို့၌ ယခု၌ မိုးရေအလွန်ကြီး၍ လယ်များ နစ်မြုပ် ပျက်စီးကြသူများသောကြောင့် ရှေ့နှစ်ကို စပါးအထွက် ဆုတ်လျော့နည်းပါးရန်ရှိသော်လည်း လူတို့အစာဖြစ်သော ပြောင်း၊ ပဲ၊ လူး၊ ဆပ်၊ ပိန်း၊ ပြောက်တထွေ၊ ကြေး၊ သက်လျင် စပါးများကိုသာ မှီဝဲရန်သင့်သည်။
လွန်ခဲ့သော နှစ် ၁၅၀ က ယင်းရေကြီးမှုကြောင့် စပါးထွက်နည်းပါးတော့မည်ကို ကြိုတင်ဖော်ပြထားလေသည်။ အထူးသဖြင့် ပေါ်ပေါက်လာမည့် အစားအစာအခက်အခဲကိုလည်း မည်သည့်နည်းလမ်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်ကိုလည်း ဖော်ပြထားသည်။ ယင်းသည် သတင်းနည်းပညာဖြင့် ပြည်သူကို အသိပေးထားခြင်း ဖြစ်၏။
လွန်ခဲ့သော အနှစ် ၁၅၀ က ပြည်သူကို တတ်စွမ်းသမျှ အသိပညာပေးနိုင်ခဲ့ပါလျှင် လာမည့်နှစ်တွင် ဖြစ်ပေါ်လာနိုင်မည့် အခြေ အနေကိုလည်း ပြည်သူကို အသိပညာပေး တင်ပြနိုင်ရန် လိုအပ်လှပါကြောင်း စေတနာကောင်းဖြင့် တင်ပြအပ်ပါသည်။

Most Read

Most Recent