မဲဆွယ်စည်းရုံးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

မဲဆွယ်စည်းရုံးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ
Published 4 September 2015
ကျော်ဇင်ဝင်း

 အတည်ပြုလွှတ်တော်ကိုယ်စားလှယ်  အမည်စာရင်းတရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်း မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ ကြိုတင်ဆောင်ရွက်ရာတွင် လက်ကမ်းကြော်ငြာရိုက်နှိပ်ခြင်း၊ ဗွီနိုင်းပိုစတာများရိုက်နှိပ်ခြင်း၊ အောင်နိုင်ရေးရုံးခန်းများဖွင့်လှစ်ခြင်း၊ ဟောပြောမှုများပြုလုပ်ရန်အတွက် ကြိုတင်စီစဉ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“လက်ကမ်းကြော်ငြာကတော့ ကျွန်မတို့ ဒီဇိုင်းတွေဘာတွေ အဆင်သင့်လုပ်ထားတယ်။ ကျွန်မတို့ လေးယောက်တွဲနဲ့ပဲ  ကျွန်မတို့လုပ်ရမှာဖြစ်တဲ့အတွက် ဦးထုပ်တို့၊ တီရှပ်တို့ကတော့ ပြီးသွားပါပြီ။ နောက်တစ်ခု ကတော့ ဗွီနိုင်းထောင်ဖို့ပေါ့။ ဘေဘုတ်ထောင်ဖို့။ အဲဒါတွေအားလုံးကိုတော့ ဒီဇိုင်းတွေလုပ်ထားပါပြီ။ စက်တင်ဘာ ၆ ရက်ဆိုရင် မြို့နယ်ရုံးခန်းရွှေ့တာပေါ့။ မြို့နယ်ရုံးခန်းနဲ့အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ ကျွန်မတို့လုပ်မယ်။ အခုက ပရိုဂရမ်ဆွဲနေတုန်းပဲ။ ညှိနေတုန်းပဲဆိုတော့ အတိအကျပြောလို့မရသေးဘူး။ စက်တင်ဘာ ၈ ရက်ကိုစတာတော့ စမယ်။ တရားဟောတာတွေမလုပ်ပေမယ့် တခြားဟာတွေလုပ်မှာပါ”ဟု NLD ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း    အမည်စာရင်းတင်သွင်းထားသူ ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ထို့အတူ မဲဆန္ဒနယ်တစ်ခုတွင် လွှတ်တော်အသီးသီးအတွက် ယှဉ်ပြိုင်မည့်ပါတူ ကိုယ်စားလှယ်လောင်းများ စုပေါင်းစည်းရုံးရေးနည်းဖြင့် ဆောင်ရွက်ရန်ပြင်ဆင်ထားပြီး လက်ကမ်းကြော်ငြာ၊ တီရှပ်၊ ဦးထုပ် များအဆင်သင့်ဖြစ်နေကာ စက်တင်ဘာ ၈ ရက်တွင်စတင်နိုင်ရန် စီမံချက်ရေးဆွဲထားကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒ နယ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်း တင်သွင်းထားသူ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
“အခုလက်ရှိမှာ ပါတီစည်းရုံးရေးပေါ့။ ပါတီဝင်လာဖို့အတွက် လိုက်ပြီးတော့စာရင်းကောက်တဲ့ လှုပ်ရှားမှုလုပ်နေပါတယ်။ မဲဆွယ်စည်းရုံးရေးကတော့ မလုပ်သေးဘူး။ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကတော့ ဆွဲထားပါပြီ။ အချိန်ဇယားလည်း ဆွဲထားပြီးပြီ။ ဘယ်ဒေသ၊ ဘယ်ရွာ၊ ဘယ်နေရာတွေကို ဘယ်အချိန်မှာသွားမယ်ဆိုတဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့စီစဉ်ထားတယ်။ ပြီးတော့မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်ခန့်ထားနိုင်ဖို့ကိစ္စတွေလည်း စုဆောင်းထားပြီးပါပြီ။ မဲရုံတစ်ရုံကို လူနှစ်ယောက်ထားဖို့လည်း စီစဉ်ဆောင်ရွက်ထားတယ်”ဟု NLD ကိုယ်စားပြု မိုင်းရယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီကိုယ်စားပြု ကချင်ပြည်နယ်မြစ်ကြီးနား မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဒေါက်တာတူးဂျာက”ကျွန်တော်က စက်တင်ဘာ ၈ ရက်နောက်ပိုင်းမှစမယ်။ အခုက ကော်မရှင်က တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူး။ ကျွန်တော်လက်ကမ်းကြော်ငြာထုတ်ဖို့တော့ စီစဉ်ထားတယ်။ နေပြည်တော်ကော်မရှင်က မဲဆွယ်စည်းရုံး မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တာကို စောင့်နေတာ”ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၆၀၀၀ ကျော်တွင် ပယ်ချခံရသူ ၈၈ ဦးအနက် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး ပယ်ချခံထားရသည့် လေးဦးကိုသာပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်စဉ်းစားပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
ပယ်ချခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုသည် ၎င်းမွေးဖွားစဉ်အချိန်တွင် မိဘများသည် နိုင်ငံသားမဖြစ်သေးသောကြောင့်ဖြစ်သည်ဟုဆိုကာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရခြင်းဖြစ်သည်။
ထို့ပြင် အချို့ကိုယ်စားလှယ်လောင်းမှာ သတ်မှတ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသက်ကန့်သတ်ချက်ပြည့်မီမှု မရှိခြင်း၊ မြန်မာနိုင်ငံထဲတွင် ၁၀ နှစ် တိတိတစ်ဆက်တစ်ဆက်တည်း နေထိုင်မှု မရှိခြင်း၊ မတရားအသင်းနှင့်ဆက်သွယ်မှုရှိသည်ဟု ယူဆခံရခြင်းတို့ကြောင့် ပယ်ချခံရခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တစ်သီးပုဂ္ဂလနှင့် ပါတီအသီးသီးမှ အမည်စာရင်းတင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၆၁၈၉  ဦးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  ၁၇၇၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၅၀၄ ဦးဖြစ်ပြီး အဆိုပါ ၃၅၀၄ ဦးတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး ပါဝင်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀  အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊  အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေ ရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင်မဲဆန္ဒနယ် ၁၁၇၁ နေရာရှိကြောင်း သိရသည်။