လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၈၀၀ ဦးခန့် ပါဝင်ကြောင်း တွေ့ရသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအင်အား စာရင်းချုပ်အရ ရွေးကောက်ပွဲအတွက် ပါတီ ၉၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ရာကျော်တို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၇၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၉၁၃ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၅၀၄ ဦး စာရင်းပေးသွင်းထားသည်။ထိုအထဲတွင် အမျိုးသားလွှတ်တော်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း၂၂၈ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၄၅၄ ဦးတို့က စာရင်းပေးသွင်းထားကြောင်း တွေ့ရသည်။ ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ဦးကျော် ရှိနေခြင်းဖြစ်ပြီး ထိုအရေအတွက်မှာ ပြီးခဲ့သည့် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၀၁ ဦး ပါဝင်ခဲ့ပြီး ၄၅ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ထို့နောက်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်မြေများအတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ပြိုင်ရာ ၁၃ ဦး ထပ်မံရွေးချယ်ခံခဲ့ရသည်။ထို့အတွက် လက်ရှိလွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု ငါးရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် နှစ်ရာခိုင်နှုန်းခန့်ဖြင့် လွှတ်တော်သုံးရပ် စုစုပေါင်းတွင် အမျိုးသမီး ၄ ဒသမ ၆ ရာခိုင်နှုန်း ကိုယ်စားပြုထားနိုင်ကြောင်း လွှတ်တော် စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီ ၉၂ ခု တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့်ပါတီတို့ကသာ အမျိုးသမီးအမတ်များကို ဦးစားပေးရွေးချယ်မည်ဟု ပြောကြားထားမှုများ ရှိခဲ့သည်။အချို့သော တိုင်းရင်းသားပါတီများမှလည်း အမျိုးသား၊ အမျိုးသမီး အချိုးကျစနစ်ဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခဲ့မှုများလည်း ရှိခဲ့သည်။ သို့သော် ပါတီအားလုံး ခြုံကြည့်ပါကမူ အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်ထားသည့် ပါတီအနည်းငယ်သာရှိသည်ကို တွေ့ရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၈ ဦး တင်သွင်းခဲ့ကာ အမျိုးသမီးကိုယ်စားလှယ်လောင်း အများဆုံးတင်သွင်းသည့် ပါတီဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသမီး ၇၂ ဦး စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။၂၀၁၅ ရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားကာ စက်တင်ဘာ ၈ ရက် တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီ၍ ပယ်ချခံရသူ ၈၈ ဦး ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသော်လည်း ထိုစာရင်းအား ကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိသေးသဖြင့် ပယ်ချခံရသူများထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးပေ။အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ စိစစ်မှုများပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတည်ပြုစာရင်းကို ရက်ပိုင်းအတွင်း ကြေညာနိုင်မည်ဟု သိရသည်။
ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်အနက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ပါဝင်