လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ဥပဒေနှင့် တိုင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ စက်တင်ဘာ ၂ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“အဓိကတော့ ကျွန်တော်တို့ရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးဟာ အင်မတန်မှပင် အရေးကြီးပါတယ်။ အရေးကြီးတယ် ဆိုတဲ့နေရာမှာ ကျွန်တော်ဘက်ကတော့ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်အောင် ကျင်းပပေးပါမယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီး ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဘာနဲ့တိုင်းမလဲ။ ဥပဒေနဲ့ တိုင်းကြပါ။ ကျွန်တော်တို့လုပ်တာ ဥပဒေနဲ့ ညီသလား။ ဥပဒေနဲ့ တိုင်းလို့ ဥပဒေနဲ့ ညီတယ်ဆိုရင် လွတ်လပ်တရားမျှတတယ်လို့ပဲ ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ဆက်လက်ပြီး ဦးတင်အေးက ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲအတွက် ကော်မရှင်လုပ်ငန်းတာဝန်နှင့်အညီ ၁/၂၀၁၄ ကို ထုတ်ပြန်ထားသလို Code of Conduct ကို ရေးဆွဲကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအချင်းချင်း ညှိနှိုင်းဆောင်ရွက်ခိုင်းထားကြောင်း ရှင်းလင်းသည်။၎င်းက “ကျွန်တော်တို့ဘက်ကတော့ ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းတာဝန်နဲ့အညီ ၁/၂၀၁၄ ကို ထုတ်ပြန်ထားတယ်။ သို့သော်လည်းပဲ ကျွန်တော် Code of Conduct ကို ဆွဲခိုင်းထားပါတယ်။ ခင်ဗျားတို့ ပါတီချင်း ညှိကြပါ။ ပါတီချင်း သဘောတူတာတွေကို အားလုံးလုပ်ကြပါ။ ကျွန်တော် ဘာမှ မကန့်ကွက်ပါဘူး။ ပါတီချင်း သဘောမတူတဲ့ ကိစ္စလည်း မလုပ်ကြပါနဲ့ ဆိုပြီးတော့ ကျွန်တော် ရွေးကောက်ပွဲကို သွားခိုင်းထားပါတယ်” ဟု ပြောကြားသည်။“ရက်ပေါင်း ၆၀ ကျော်ပဲလိုတဲ့ အချိန်ကာလမှာ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရွေးကောက်ပွဲပြင်ဆင်မှုအတွက် ရာခိုင်နှုန်းဘယ်လောက် ပြင်ဆင်ပြီးပြီလဲ” ဟု သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရာခိုင်နှုန်း ၅၀ ကျော် ၆၀ ခန့် ပြင်ဆင်ပြီးသွားပြီဟု ပြန်လည်ဖြေကြားသည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတရန် ရာနှုန်းပြည့် အာမခံကြောင်း ပြောကြားသည်။ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စက်တင်ဘာ ၈ ရက်မတိုင်ခင် အတည်ပြု ကြေညာသွားမည်ဖြစ်ပြီး စက်တင်ဘာ ၈ ရက်မှ စတင်ကာ တစ်ဦးချင်း မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ဥပဒေနှင့် တိုင်းကြရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား