ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီ၍ ပယ်ချခံရသူ ၈၈ ဦးရှိပြီး ရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို အတည်ပြု ကြေညာနိုင်မည်ဟု ဦးတင်အေး ပြောကြား

ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်ညီ၍ ပယ်ချခံရသူ ၈၈ ဦးရှိပြီး ရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို အတည်ပြု ကြေညာနိုင်မည်ဟု ဦးတင်အေး ပြောကြား
Published 2 September 2015
ငြိမ်းကို၊ မျိုးမင်းထက်

လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် မကိုက်သည့်အတွက် ပယ်ချခံရသည့် ကိုယ်စားလှယ်လောင်း ၈၈ ဦးအထိ ရှိပြီး ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို အတည်ပြု ကြေညာနိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွင် စက်တင်ဘာ ၂ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။“ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်တဲ့သူ ၈၈ ဦး ရှိပါတယ်။ အဲဒီ ပါတီတွေတော့ ကျွန်တော် ဂဃနဏ မသိသေးဘူး” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ကိုယ်စားလှယ်လောင်းစာရင်း ကြေညာခြင်းကို ယခုရက်ပိုင်းအတွင်း ကြေညာသွားမည်ဟုလည်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ ဦးတင်အေးက “ကိုယ်စားလှယ်လောင်းကလည်း ကျွန်တော်ထင်တယ် နောက်တစ်ရက်၊ နှစ်ရက်၊ သုံးရက်ဆို အတည်ပြုလာနိုင်တယ်။ ဒါက ကျွန်တော်လုပ်တာ မဟုတ်ပါဘူး။ ခရိုင်က လုပ်တာပါ။ ခရိုင်က ပုံစံ (၁၀) ကပ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာမှာပဲ။ ခရိုင်မှာ ဘယ်မြို့နယ်မှာ ဘယ်သူပြိုင်မယ်ဆိုတာ ဒါတွေကိုပါ ကြေညာမယ်။ သက်ဆိုင်ရာ ခရိုင်က ကြေညာပါမယ်” ဟု ရှင်းလင်းပြောကြားသည်။ကိုယ်စားလှယ်လောင်းများ အရည်အချင်း ကိုက်ညီမှု ရှိမရှိကို အဓိက ဆုံးဖြတ်သည်မှာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဖြစ်ပြီး အယူခံလွှာ တင်သွင်းမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က အဓိက ဆုံးဖြတ်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မဆုံးဖြတ်ကြောင်းလည်း ဦးတင်အေးက ရှင်းလင်းသည်။“တစ်ကတော့ အခုနပြောသလိုပဲ ခရိုင်အဆင့် ဆုံးဖြတ်ချက်က ဆုံးဖြတ်တာ ခရိုင်ပဲ။ အယူခံလွှာတင်တဲ့ အခါကျတော့ တိုင်းနဲ့ပြည်နယ်ကို တင်ရတယ်။ တိုင်းနဲ့ပြည်နယ်က အဆုံးအဖြတ်က ခိုင်မာတယ်။ ငါဘာမှလုပ်စရာ မလိုတော့ဘူး။ ထို့အတူပဲ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ကြတော့ တိုင်းနဲ့ပြည်နယ်မှာ တင်ရတယ်။ အယူခံတာကျတော့ တို့ကော်မရှင်ကို အယူခံရတယ်။ တို့က ခုံရုံးဖွဲ့ပြီး စစ်ပါတယ်။ အဲဒါက တို့က နောက်ဆုံးပဲ။ ယူကြည့်မယ် ဆိုတာက ဒီဟာတွေက တရားသလား၊ မတရားဘူးသလားဆိုတဲ့ သဘောပဲ။ သူယူကြည့်မှာပါ။ အယူခံလည်း တက်လို့မရဘူး။ အောက်က ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်တဲ့ကိစ္စ မျှမျှတတ ဆောင်ရွက်မှုရှိသလား ဆိုပြီးတော့မှ သံသယရှိလို့ တောင်းကြည့်တဲ့သဘောပဲ ရှိတယ်။ ဆုံးဖြတ်ထားတာက အခုနပြောသလို ပြည်ထဲရေးတို့၊ လဝကတို့ကနေ လာတဲ့ဟာတွေဆိုတော့ ဘာမှစဉ်းစားစရာ မလိုပါဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။“အခုနကပြောသလို သူ့အဖေက ဗမာ၊ သူ့အမေကချင်း လဝက,ကပြောတယ်။ ဖအေ ဗမာဖြစ်တဲ့ အတွက်ကြောင့် ဗမာပဲ ဖြစ်ရမယ်။ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုတာ ဘယ်လိုကြောင့် ဆုံးဖြတ်တယ်ဆိုတာ ငါတို့က ကြည့်ရမယ်။ ငါတို့က တစ်ခါပြန်စိစစ်ပေးရမယ်။ သူ့မှာလည်း ချင်းသွေးပါနေတာပဲ” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆက်လက်ပြောကြားသည်။ဦးတင်အေးက အကြောင်းအရာများကို ပြန်ကြည့်ရာတွင် အားလုံးပြန်ကြည့်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများသာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံဝင်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ အချက်နှင့် အကျုံးဝင်သူ လေးဦးသာရှိကြောင်း ပြောကြားသည်။အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ ၂၄ ဦး၊ ပဲခူးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ ကိုးဦး၊ မန္တလေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ လေးဦး၊ မကွေးတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များမှ တစ်ဦး၊ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ၂၈ ဦး၊ ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ၁၂ ဦး၊ ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ငါးဦး၊ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်များမှ နှစ်ဦး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်များမှ တစ်ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။ယင်းပယ်ချခံရသူများအနက် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ၁၁၃၈ ဦး ရှိသည့်အနက် လက်ရှိတွင် ရှစ်ဦးပါဝင်ကြောင်း သိရသည်။