၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် လွှတ်တော်သည် ၂၀၁၀၊ ၂၀၁၁ ခုနှစ် လွှတ်တော်ထက် အခက်အခဲများစွာရှိမည် ဖြစ်သည့်အတွက် ဝန်ထမ်းများအား ကြိုတင်ပြင်ဆင်ထားရန် မှာကြားထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် လွှတ်တော်သည် ၂၀၁၀၊ ၂၀၁၁ ခုနှစ် လွှတ်တော်ထက် အခက်အခဲများစွာရှိမည် ဖြစ်သည့်အတွက် ဝန်ထမ်းများအား ကြိုတင်ပြင်ဆင်ထားရန် မှာကြားထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
Published 2 September 2015
စိုးမင်းထိုက်

လာမည့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် လွှတ်တော်သည် ၂၀၁၀၊ ၂၀၁၁ ခုနှစ် လွှတ်တော်ထက် အခက်အခဲများစွာရှိမည် ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် ဝန်ထမ်းများအား မှာကြားထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာ ၂ ရက်က ပြည်ထောင်စုလွှတ်တော်ဝင်း အတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။သူရဦးရွှေမန်းက “ဝန်ထမ်းတွေကိုလည်း မှာထားပါတယ်။ နောက် လွှတ်တော်ရောက်လာပြီဆိုရင် လုပ်ရမယ့် အလုပ်တွေလည်း အများကြီးပဲ။ အခက်အခဲတွေလည်း အများကြီး ရှိမှာပဲ။ အဲ့ဒီကျရင် လွှတ်တော်ဖွဲ့စည်းရေး။ လွှတ်တော်ဖွဲ့စည်းရေးမှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ၊ နောက်ပြီးတော့ ဒုတိယသမ္မတတွေ၊ သမ္မတတွေကို ရွေးချယ်ပေးရဦးမယ်” ဟု ဆိုသည်။ဆက်လက်၍ “အဲဒီလိုလုပ်တဲ့ နေရာမှာ ဒီတစ်ခေါက် လုပ်ရမှာက ၂၀၁၀၊ ၂၀၁၁ ခုနှစ်ကထက် အခက်အခဲတွေ အများကြီး ရှိမယ်။ အဲဒီ အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားရန် ဝန်ထမ်းများအား မှာကြားထားပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။လွှတ်တော်ခိုင်မာမှ၊ တောင့်တင်းမှ၊ လွှတ်တော်အရည်အချင်းရှိမှ ဖြစ်မှာဖြစ်ကြောင်း၊ ဒီမိုကရေစီ ခိုင်မာရေးနှင့် တည်တံ့ရေးတွင် အဓိကကျသည်မှာ လွှတ်တော်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲကို ဖြတ်သန်းရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ ပြည်သူများ ပါဝင်ရန် အဓိကကျကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပြည်သူများ မပါဝင်ဘူး ဆိုပါက မအောင်မြင်နိုင်ကြောင်းကို လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးတွင် ၎င်းက ပြောကြားသည်။“လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေ မြှင့်တင်ပေးနိုင်တာဟာ လွှတ်တော်အတွက် အကျိုးကျေးဇူး အများကြီး ရှိပါတယ်။ လွှတ်တော်ဝန်ထမ်းတွေကို အချို့ကိုယ်စားလှယ်တွေက ခိုင်းဖို့ဆိုတဲ့ စိတ်ကူးတွေ ရှိပါတယ်။ ဝန်ထမ်းကိုခိုင်းဖို့ မဟုတ်ပါဘူး။ အဲဒီဝန်ထမ်းတွေက နောက်လာမယ့် ကိုယ်စားလှယ်တွေအတွက် ဦးဆောင်သွားရမယ့် သူတွေပါ” ဟု သူရဦးရွှေမန်းက ပြောကြားသည်။လက်ရှိအချိန်တွင် အားနည်းနေသေးသည်ဟု ပြောရမလား၊ မခံယူနိုင်ဘူးဟု ပြောရမလား၊ ဒါမှမဟုတ်ရင် အချိန်တစ်ခု လိုသေးတယ်လို့ပဲ ပြောရမလား မသိကြောင်း၊ လွှတ်တော်က လွှတ်တော်လုပ်ငန်းများကို ဥပဒေအရ ဆောင်ရွက်သော်လည်း တချို့က လက်ခံနိုင်ခြင်း မရှိသေးတာ အမှန်ပဲလို့ ပြောရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးက လွှတ်တော်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် အချို့အချို့သော အဖွဲ့အစည်းတွေကို လက်မခံနိုင်သေးသည့်သဘော ရှိကြောင်း၊ လွှတ်တော်၏ အရည်အသွေး မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ရွေးကောက်ပွဲက လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ပြီးမယ်။ ရွေးကောက်ပွဲ ရလဒ်တွေက သိပ်မကြာဘူး။ တစ်ပတ်လောက်နေရင် ထွက်လာမှာပဲ။ ရွေးကောက်ပွဲပြီးလို့ နှစ်ပတ်လောက်အတွင်းမှာ လွှတ်တော်ခေါ်ရမယ်။ ဘာကြောင့် လွှတ်တော်ခေါ်ရမှာလဲဆိုတော့ လုပ်စရာအလုပ်တွေ ရှိသေးတယ်။ ကျန်နေတဲ့ အလုပ်တွေ ဆက်လုပ်ရမှာ ဖြစ်တဲ့အတွက် ခေါ်မှာဖြစ်ပါတယ်။ အခုဆိုရင်လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက နေ့စဉ် အစည်းအဝေးတွေထိုင်ပြီး ဥပဒေကြမ်း အလုပ်တွေ ဆက်လုပ်နေပါတယ်။ အမျိုးသားပညာရေး ဥပဒေဆိုလည်း ပြဋ္ဌာန်းပြီးသွားပြီ။ ကျန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့တွေ ရှိပါသေးတယ်။ ဒီနှစ်အတွင်း ပြဋ္ဌာန်းမှရမယ့် ဥပဒေတွေ ရှိပါသေးတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ နောက်လွှတ်တော်ကို လွှဲပေးရမယ်။ အဲဒီလို လွှဲဖို့ဆိုရင် လွှတ်တော်အဟောင်းကနေ လွှတ်တော်အသစ်ကို လွှဲတဲ့နေရာမှာ ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ ဒီလိုတွေ ရှိပါတယ်။ အဲဒီလို လွှဲပေးရမှာပေါ့” ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က “လွှတ်တော်ဆိုတာ ပြည်သူလူထု ကိုယ်စားပြုတာပါ။ ပြည်သူတွေရဲ့ ဆန္ဒတွေကို သိနေရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားနေဖို့ လိုပါတယ်။ လွှတ်တော်ကပြည်သူတွေရဲ့ လိုလားချက်တွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အရည်အသွေး ပြည့်ဝနေရမယ်လို့ ခံယူထားပါတယ်။ လွှတ်တော်ရဲ့ အရည်အသွေး မြှင့်တင်ရာမှာ အထူးသဖြင့်တော့ ဝန်ထမ်းတွေရဲ့ အရည်အသွေးပိုင်းကို ပိုမိုမြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ်။ လွှတ်တော်မှာရှိတဲ့ ဝန်ထမ်းတွေ ဆိုတာက ရွေးကောက်ပွဲတွေ ဘယ်လောက်လုပ်လုပ် ကိုယ်စားလှယ်တွေ ဘယ်လောက်ပြောင်းပြောင်း ဒီဝန်ထမ်းတွေက ရှိနေမှာပါပဲ။ အချို့လွှတ်တော် ကိုယ်စားလှယ်များက ဝန်ထမ်းတွေကို သူတို့ခိုင်းဖို့ဆိုပြီး အမြင်တွေ ရှိနေပါတယ်။ ဝန်ထမ်းတွေက ကိုယ်စားလှယ်တွေခိုင်းဖို့ မဟုတ်ပါဘူး။ ဒီဝန်ထမ်းတွေက အသစ်တွေအဖြစ် ရောက်လာမယ့် ကိုယ်စားလှယ်တွေကို ကူညီပေးသွားရမယ့် သူတွေပါ။ ဝန်ထမ်းတွေရဲ့ အရည်အသွေးရော၊ ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးတွေရော မြင့်မားနေဖို့ လိုပါတယ်” ဟု ပြောကြားသည်။လွှတ်တော်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ UNDP၊ IPU နှင့် အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လွှတ်တော်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။