လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး တာဝန်မှ အငြိမ်းစားယူ

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး တာဝန်မှ အငြိမ်းစားယူ
Published 26 August 2015

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် တာဝန်မှ အငြိမ်းစားယူခဲ့ကြောင်း သတင်းရရှိသည်။ ယင်းပြည်နယ်ဝန်ကြီးချုပ် နှစ်ဦးအား သြဂုတ် ၂၅ ရက် နေ့စွဲဖြင့် တာဝန်မှ အငြိမ်းစားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေညာချက်နှစ်စောင်ကို သြဂုတ် ၂၆ ရက်ထုတ် အစိုးရသတင်းများတွင် ဖော်ပြခဲ့သည်။အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် နှစ်ဦးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ အငြိမ်းစားယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းသည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကဝမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး ၎င်းသည် ကဝမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် အမ်းမဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။သြဂုတ် ၂၆ ရက်တွင် ဦးဇော်မင်းသည် ဘားအံမြို့ ဇွဲကပင်ခန်းမဆောင်တွင် ဌာနဆိုင်ရာ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက် လွှဲပြောင်းပွဲကို ကျင်းပခဲ့သည်။ဦးဇော်မင်းနေရာတွင် ကရင်ပြည်နယ်ဝန်ကြီး ဦးစောဝင်းထိန်အား ဝန်ကြီးချုပ်တာဝန်ကို သြဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ဦးဇော်မင်းသည် ဌာနဆိုင်ရာ ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်ပြီးနောက် ဘားအံမြို့ပေါ်အတွင်းရှိ တောင်ကလေးဆရာတော်၊ မြိုင်သဇင်ဆရာတော်၊ ဖားအောက်တောရဆရာတော်၊ ဇမ္ဗူမြိုင်ဆရာတော်၊ လေသာဆရာတော်တို့အား ဖူးမြော်နှုတ်ဆက်ခဲ့ပြီး ၎င်းအနေဖြင့် ပဲခူးတိုင်း၊ ကဝမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း ပြောကြားသည်။“ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ရပ်နားလိုက်တာနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဆက်လုပ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဥပဒေများအရ ခွင့်ပြုလို့ မရတော့ဘူး။ ဒါပေမဲ့ ပြည်နယ်ဝန်ကြီးဆိုရင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်လည်း ရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်းအနေနဲ့ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ သက်ဆိုင်ရာ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ အမည်စာရင်းတင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဟုတ်တော့ရင် ပြည်နယ်ဝန်ကြီးချုပ် ဆက်လက်လုပ်ကိုင်ဖို့ ဥပဒေတွေအရ မညီညွတ်တာကြောင့် ဥပဒေဘောင်အတွင်းမှ ဖြစ်စေဖို့ အခုလို အငြိမ်းစားယူခြင်း ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဥပဒေအရာရှိချုပ် ဦးလှသိန်းက ပြောကြားသည်။ထို့ပြင် ခေတ္တဝန်ကြီးချုပ်အဖြစ် ပြည်နယ်စီးပွားရေး/စီမံကိန်းဝန်ကြီး ဦးမြအောင်က တာဝန်ယူသွားမည်ဟု သိရကြောင်း၊ ဝန်ကြီးချုပ်တစ်ဦးကို လတ်တလော ရွေးချယ်ခန့်အပ်မည် ဆိုပါက ပြည်နယ်လွှတ်တော် ခေါ်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရသက်တမ်းမှာ များစွာမကျန်တော့သည့်အတွက် ခေတ္တဝန်ကြီးချုပ်အနေဖြင့်သာ တာဝန်ယူသွားမည် ဆိုပါက လွှတ်တော်ခေါ်ယူရန် မလိုအပ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်အား အတည်အဖြစ် ခန့်အပ်ရန်မှာ သမ္မတကြီး၏ သဘောထားသာဖြစ်ကြောင်းလည်း ဦးလှသိန်းက ပြောကြားသည်။“လွှတ်တော်ခေါ်မယ် မခေါ်ဘူးဆိုတာကိုတော့ ကျွန်တော်မပြောလိုဘူး။ ဒါပေမဲ့ ခေတ္တဝန်ကြီးချုပ်အဖြစ် ဝန်ကြီးဦးမြအောင်က တာဝန်ယူထားမယ်ဆိုရင်တော့ လွှတ်တော်ခေါ်စရာ မလိုဘူးပေါ့။ ပြည်နယ်ဝန်ကြီးချုပ်အသစ် ခန့်မခန့်ကတော့ ဘယ်သူ့ပေါ်မှာ မူတည်လဲဆိုရင် သမ္မတအပေါ်မှာသာ မူတည်ပါတယ်။ သမ္မတကကြားထဲမှာ နောက်တစ်ယောက် ခန့်ထားမယ်ဆိုရင် လွှတ်တော်ခေါ်ရမယ်” ဟု ဥပဒေအရာရှိချုပ်က ဆိုသည်။