ကယားပြည်နယ် ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းအား ခရိုင်ကော်မရှင် ပယ်ချ

ကယားပြည်နယ် ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းအား ခရိုင်ကော်မရှင် ပယ်ချ
Published 26 August 2015

ကယားပြည်နယ် ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း ဦးဖြိုးဝေအောင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် သတ်မှတ်ထားသည့် အသက် ၃၀ မပြည့်သေး၍ သက်ဆိုင်ရာခရိုင် ကော်မရှင်ရုံးက ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချလိုက်ကြောင်း ကယားပြည်နယ် NLD ပါတီမှ သိရသည်။ဦးဖြိုးဝေအောင်အား ဘောလခဲခရိုင် ကော်မရှင်ရုံးက ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခဲ့သည်ကို ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူက သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် အတည်ပြု ပြောကြားသည်။ဒေါက်တာခင်စည်သူက “ဟုတ်ပါတယ်။ ကိုဖြိုးဝေအောင်ပါ။ ဖားဆောင်းအမျိုးသားမှာပါ။ သူက အသက်မပြည့်ဘူး။ သူက အသက်လိမ်ထားတော့ သေချာစစ်လိုက်တော့မှ အသက်နည်းနည်း လပိုင်းလိုနေလို့လေ။ ကာယကံရှင်က လိမ်ပြီးဖြည့်ထားတာလေ။ ကျွန်မတို့ကလည်း မှတ်ပုံတင်နဲ့ မစစ်ဘူးပေါ့လေ။ ကျွန်မတို့က သူ့ကို လျာထားတဲ့အထဲမှာ မပါဘူး။ ဒါပေမဲ့ တင်လာတဲ့ဟာ အကုန်လုံး တင်ပေးရတာလေ။ ကျွန်မတို့ ဒီက ပြည်နယ်အောင်နိုင်ရေးနဲ့ ပြည်နယ်အီးစီတွေက မြို့နယ်က တက်လာတာတွေကို ထောက်ခံပေးပြီးမှ အပေါ်ကို တင်ရတာကိုး။ တင်လိုက်တော့ ကျွန်မတို့က သူ့ကိုလျာထားတဲ့ထဲမှာ မပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်က လျာထားတဲ့သူကို မထည့်ဘဲနဲ့ အဲဒီလူကို ထည့်လိုက်တာ။ ဒါပေမဲ့ အဖွဲ့ချုပ်က သူတို့ဘယ်လိုမူဘောင်နဲ့ သွားရွေးပြီးတော့ မပြောတတ်ဘူး။ အပေါ်ကနေ ရွေးလိုက်တဲ့ အခါကျတော့ ပါသွားတာပေါ့။ အခုကတော့ တကယ်လည်း အသက်မပြည့်ပါဘူး” ဟု ပြောကြားသည်။NLD မှ ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းနှင့် ဝင်ပြိုင်မည့် မဲဆန္ဒနယ်များစာရင်းတွင် ဦးဖြိုးဝေအောင်သည် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) မှ ဝင်ပြိုင်မည်ဟု ဖော်ပြထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု အခြေအနေစာရင်းတွင် ဦးဖြိုးဝေအောင်သည် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) မှ ဝင်ပြိုင်မည်ဟု ဖော်ပြထားရာ ယင်းသို့ ကွဲလွဲမှုနှင့် ပတ်သက်၍ ကယားပြည်နယ် ဘော်လခဲခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအတွက် ကိုယ်စားလှယ်လောင်း ၇၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုလျှင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ သတ်မှတ်ထားသော်လည်း ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စသည့် မြို့နယ်ခုနစ်ခုသာရှိရာ ဖားဆောင်းမြို့နယ်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) တို့ကို သတ်မှတ်ထားသည်။ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၀)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းသာစိန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးစိုးမြင့် (နော်အောအော်ပါ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဖြိုးဝေအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်စဝ်နန္ဒာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ဦးစောဆာကဘရူရှီး၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးထွန်းထွန်းလတ်နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဦးသန်းကျော်စိုးတို့က ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှု အခြေအနေစာရင်းအရ သိရသည်။သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည်။ကယားပြည်နယ်အတွင်း လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိရာ မဲပေးခွင့်ရှိသူ တစ်သိန်းခြောက်သောင်းကျော်သာရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။