နှစ်ရက်အတွင်း အစိုးရတပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွား

နှစ်ရက်အတွင်း အစိုးရတပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွား
Published 25 August 2015

တအာင်းလက်နက်ကိုင်တပ်နှင့် အစိုးရတပ်မတော်အကြား နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းရရှိသည်။"ဒီနေ့ (သြဂုတ်၂၅) မနက်က ၇ နာရီ ၁၀ မိနစ်ကနေ ၇ နာရီ ၅၀ လောက်ရောက်တဲ့အချိန်ကျတော့ နမ့်ဆန်မြို့နယ် တာလက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအရှုံးမရှိဘူး။ အစိုးရစစ်တပ်ဘက်ကတော့မသိဘူး" ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF TNLA) သတင်းနှင့်ပြန်ကြားရေးဌာနမှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်အိုက်ကျော်က ပြောကြားသည်။တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ တာလက်ကျေးရွာအနီးတွင် သြဂုတ် ၂၅ ရက် နံနက်ပိုင်းက တအာင်းတပ်မတော်တပ်ရင်း (၄၃၄) နှင့် အစိုးရတပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။    ထို့ပြင် သြဂုတ် ၂၃ ရက် နံနက်ပိုင်းကလည်း တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ လွယ်ပိုက်ကျေးရွာနှင့် နမ့်တွေကျေးရွာကြားတွင် တအာင်းတပ်မတော်တပ်ရင်း (၉၇၈) နှင့် အစိုးရတပ်မတော် တပ်မ (၇၇) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် နမ့်ဆန်မြို့နယ် တာလက်ကျေးရွာအနီး၌ တအာင်းတပ်မတော်တပ်ရင်း (၄၃၄) နှင့် အစိုးရတပ်မတော်တပ်မ (၇၇) တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။    ထိုသို့တိုက်ပွဲများဖြစ်နေရခြင်းမှာ အစိုးရစစ်တပ်ဘက်မှ တအာင်းတပ်မတော်လှုပ်ရှားနေသည့် နယ်မြေအတွင်း တပ်အင်အားကို ထပ်မံတိုးချဲ့ပြီး ထိုးစစ်ဆင်နေခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။    "တိုက်ပွဲဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့လှုပ်ရှားတဲ့ဒေသကို အစိုးရစစ်တပ်က တပ်မအင်အားလေးခုလောက် ထပ်ချတာပေါ့။ တပ်မ (၆၆)၊ (၇၇)၊ (၈၈)၊ (၉၉) ဒီတပ်မတွေကို ထပ်ချထားတယ်။ ဒီလိုချပြီးတော့ နယ်မြေခံတပ်ရယ်၊ ထပ်ချထားတဲ့တပ်မတွေရယ်ပေါင်းပြီး လှုပ်ရှားမှုတွေလုပ်တယ်။ ထပ်ချတာက ဇွန်လဆန်းပိုင်းကတည်းကချထားတာ။ ဒီတစ်ရက်နှစ်ရက်အတွင်းမှ သူတို့ကလှုပ်ရှားမှုတွေပြုလာလို့ ကျွန်တော်တို့အဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ" ဟု ဗိုလ်ကြီးမိုင်အိုက်ကျော်က ပြောကြားသည်။    ဗိုလ်ကြီးမိုင်အိုက်ကျော်က "ငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ တောက်လျှောက်လုပ်နေတယ်။ အဲဒီလိုမျိုးလုပ်နေတဲ့အပေါ်မှာလည်း အစိုးရက တိုင်းရင်းသားတွေအားလုံးမဟုတ်ဘဲနဲ့ ၁၅ ဖွဲ့နဲ့ပဲ လက်မှတ်ရေးထိုးမယ်။ ကျန်တဲ့ခြောက်ဖွဲ့ထဲမှာမှ TNLA၊ AA၊ MNDAA  ရယ် သုံးဖွဲ့ကို လက်မှတ်ထိုးတဲ့အထဲမှာ မပါဘူးဆိုပြီး ချန်လှပ်ထားတာပေါ့။ ဒါကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ကို ဆွေးနွေးပွဲ စားပွဲဝိုင်းကနေဖယ်ထုတ်ပြီး စစ်ရေးအရဖိအားပေးတဲ့သဘောပေါ့။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလမ်းစဉ်ကို ကျင့်သုံးမယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်းကိုမှ ချန်မထားသင့်ဘူး။ လမ်းကြောင်းက နှစ်ခုတွေ့ရတယ်။အစိုးရဖွဲ့ပေးထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) က ဆွေးနွေးသလို စစ်တပ်ဘက်ကလည်း တောက်လျှောက်ထိုးစစ်ဆင်တာတွေ ပြုလုပ်လာတယ်။ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အချိန်မှာ ထိုးစစ်ကိုဘယ်လိုရပ်မလဲဆိုတာကို ဖော်ဆောင်ရေးအဖွဲ့နဲ့ တပ်အကြားမှာ ညှိနှိုင်းသင့်တယ်။ တိုင်းရင်းသားဘက်ကိုပဲ စစ်ရေးလျှော့ခိုင်းနေရင် ပြေလည်မှာမဟုတ်ဘူး။ အစိုးရစစ်တပ်ရော တိုင်းရင်းသားဘက်ကရော နှစ်ဖက်လုံးလျှော့မှ ပြေလည်မှာ။ အခုက တစ်ဖက်က ငြိမ်းချမ်းရေးဆွေးနွေးတယ်။ စစ်တပ်က ထိုးစစ်ဆင်နေတယ်ဆိုရင် ဒါဟာဟန်ပြပဲဖြစ်မှာပဲ" ဟုပြောကြားသည်။